ငြိမ်းချမ်းသာယာဝပြောရေးရေကဏ္ဍကိုမြှင့်တင်ပေး

ယနေ့ (မတ်လ ၂၂ ရက်) သည် ရေသယံဇာတ ထိန်းသိမ်းရေး၊ ရေအခက်အခဲ မကျရောက်‌စေရေး၊ ရေကိုစနစ်တကျ သုံးစွဲကြစေရေး၊ သန့်ရှင်းသည့်သောက်သုံးရေနှင့် မိလ္လာစနစ်တို့ မရရှိသူများအတွက် အလေးထား ဖြေရှင်းပေးရေးနှင့် ရေ၏အရေးပါမှုကို လူသားတို့ ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် “ကမ္ဘာ့ရေနေ့ (World Water Day)” ဖြစ်သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့သည့် ကမ္ဘာ့ရေနေ့၏ ယခုနှစ်အတွက် ချမှတ်ထားသောဆောင်ပုဒ်မှာ “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး (Leveraging Water for Peace)”ဟူ၍ ဖြစ်သည်။

လူသားတို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးသည် ရေကမ္ဘာဟုဆိုရလောက်အောင်ပင် မျက်နှာပြင်အများစု (၇၁ ရာခိုင်နှုန်း) ကို ရေများ၊ တစ်နည်းအားဖြင့် ပင်လယ်သမုဒ္ဒရာများက ဖုံးလွှမ်းထားသည်။ လူသားတို့အသက်ရှင်သန်နိုင်ရန် အဓိကလိုအပ်ချက်ဖြစ်သည့် ရေချိုမှာ မူပေါများခြင်းမရှိဘဲ ကမ္ဘာပေါ်တွင်တည်ရှိနေသော ရေပမာဏအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိနေရာ ရေသည်အကန့်အသတ်မဲ့ပေါများသည့် သယံဇာတမဟုတ်ဘဲ အလေးဂရုပြု ထိန်းသိမ်းရန်နှင့် စနစ်တကျသုံးစွဲရန် လိုအပ်သည့် အရင်းအမြစ်ဖြစ်သည်ကို သိနားလည်ထားကြရန်လိုသည်။ ဤသို့လျှင် လူသားတို့အတွက် လွန်စွာအရေးပါသလောက် ရှားပါးလွန်းသည့် ရေသယံဇာတကို ကမ္ဘာ့နိုင်ငံများစွာတို့တွင် မျှဝေသုံးစွဲနေကြရသည်။ သဘာဝက ပေးသည့်ရေကို မျှဝေသုံးစွဲကြရခြင်းက တစ်ချိန်ချိန် အကျပ်အတည်းတစ်ခုခုနှင့် ရင်ဆိုင်ရလျှင် တင်းမာမှုများ ပဋိပက္ခများပေါ်ပေါက်လာနိုင်သည်။ ဗုဒ္ဓခေတ်က ရောဟိဏီမြစ်ရေကို စိုက်ရေးပျိုးရေးအတွက် ခွဲဝေသုံးစွဲကြသည့် ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်တို့ မိုးခေါင်သည့်နှစ်တွင် မြစ်ရေအဝေမတည့်ရာမှ စစ်ခင်းမည့် အခြေအနေသို့ရောက်ရှိလာသဖြင့် ဗုဒ္ဓကကြားဝင်ဖျန်ဖြေခဲ့ရသည့် သာဓကကဲ့သို့ပင်ဖြစ်သည်။ မျက်မှောက်ခေတ်တွင်လည်း နိုင်ငံ များစွာတို့ ရေသယံဇာတကို ခွဲဝေသုံးစွဲနေကြရာ သဘောတူညီ ချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာရှိနေမှသာလျှင် ရေရှားပါးပြတ်တောက်မှု၊ မိုးခေါင်မှုကဲ့သို့သော အခက်အခဲ၊ ဘေးဒုက္ခများ ကျရောက်လာချိန်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင် ရွက်နိုင်ကြမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းအပါအဝင် မြစ်ချောင်း၊ အင်းအိုင်၊ သဘာဝရေထွက်များ စသည်ဖြင့် ရေချိုအရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားရာ တစ်ကမ္ဘာလုံးရှိ ရေချို အားလုံး၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ နိုင်ငံအရွယ်အစား၊ လူဦးရေတို့နှင့် နှိုင်းယှဉ်ပါက ရေချိုပေါများသည့် နိုင်ငံဟု ဆိုနိုင်သည်။ သို့ရာတွင် နေရာဒေသကိုလိုက်၍ သောက်သုံးရေမလုံ လောက်သည့် ပြဿနာများရှိနေသည်ကိုလည်း တွေ့ရှိနိုင်သည်။ ထို့အပြင် လူတို့၏အမျိုးမျိုးသော ပယောဂတို့ကြောင့် သဘာဝရေထွက်များ ခန်းခြောက်သွားခြင်း၊ မြစ်ချောင်းအင်းအိုင်များ ပျက်စီးတိမ်ကောသွားခြင်း စသည်ဖြင့် ရေအရင်းအမြစ်ဆုံးရှုံးမှုများလည်း ရှိနေရာ ရေသယံဇာတများ၊ ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ စနစ်တကျ စီမံခန့်ခွဲရေးတို့အတွက် အလေးအနက် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မိမိတို့ပြည်သူများအနေဖြင့် ရေချိုအရင်းအမြစ်ပေါများသည့် နိုင်ငံတွင် လူဖြစ်လာကြသူများဟု ဆိုစေကာမူ ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့ရာသီဥတု၊ တိုးတက်လာသည့် လူဦးရေနှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိသော သဘာဝပတ်ဝန်း ကျင်အခြေအနေများတွင် ရေကို ရွှေလိုတန်ဖိုးထားကြရန်၊ မြေအောက်ရေများကို လိုအပ်သလောက်သာ ထုတ်ယူရန်၊ အကျိုးရှိ ထိရောက်စွာ သုံးစွဲရန်နှင့် မဖြုန်းတီးရန်၊ မြစ်ချောင်း အင်းအိုင်များ ပျက်စီးမှုမဖြစ်စေရန်၊ ရေဝေရေလဲဒေသများနှင့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြုစုပျိုးထောင်ကြရန် “ကမ္ဘာ့ရေနေ့ ၂၀၂၄” တွင် နှိုးဆော်တိုက်တွန်းလိုက်ရ ပါကြောင်း။

မြန်မာ့အလင်း