“ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား” ငြိမ်းချမ်းရေးခရီးစဉ် ကျင်းပမည်

မန္တလေး  ၁၁  နိုဝင်ဘာ 

 

“ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား” ငြိမ်းချမ်းရေးခရီးစဉ်ကို နိုဝင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၁၁ ရက်ထိ (၂၇)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ မှ ရန်ကုန်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း နိုဝင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များအသင်းမိတ်သဟာအဖွဲ့ မှ အုပ်ချုပ်သူ ဦးမောင်မောင်လှ ကပြောကြားသည်။

 

အဆိုပါ ငြိမ်းချမ်းရေးခရီးစဉ်တွင် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များအသင်း မိတ်သဟာမှ ဖျော်ဖြေရေး အစီအစဉ်များအတွက် အမြင်အာရုံချို့တဲ့သူများ၊ ကူညီပံ့ပိုးသူများနှင့် အုပ်ချုပ်သူများ စုစုပေါင်း(၇၀)ဦးခန့် လိုက်ပါမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့မှာ မန္တလေးမြို့သို့ နိုဝင်ဘာ ၁၄ ရက်တွင် စတင်ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၁၅ ရက်  ညပိုင်းတွင် မန္တလေးမြို့၊ မနော်ရမ္မံဟစ်တိုင်းကွင်း၌ တေးဂီတဖျော်ဖြေပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သင်္ဘော ဆိုက်ကပ်မည့် မြို့ရွာများတွင် ဖျော်ဖြေပွဲများ၊ ငြိမ်းချမ်းရေးဂီတပွဲတော်များ၊ ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးလိုလားသူ လက်မှတ်ရေးထိုးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါအဖွဲ့အား ပြည်တွင်းရေကြောင်းလိုင်းမှ ခရီးစဉ်တစ်လျှောက်စီးရန် သင်္ဘောကူညီပေးသွားမည်ဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်္ဘောအတွက် စက်သုံးဆီဖိုး ငွေကျပ်သိန်း(၁၀ဝ) ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သင်္ဘောဆိုက်ရောက်တဲ့မြို့များတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လှိုင်ဦး ပြောကြားသည်။

 

(၂၇)ရက်ကြာကျင်းပမည့် ငြိမ်းချမ်းရေးခရီးစဉ်တွင် သင်္ဘောဆိုက်ကပ်မည့် မြို့ရွာများမှာ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆီမီးခုံ၊ ပခုက္ကူ၊ ညောင်ဦးမြို့၊ ချောက်မြို့၊ စလေမြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့၊ နတ်မောက်မြို့၊ သရက်မြို့၊ မိချောင်းရဲ၊ အောင်လံမြို့၊ ကံမမြို့၊ ပြည်မြို့၊ မြန်အောင်မြို့၊ ရွှေကျင်မြို့၊ ပျဉ်းကတိုးကျွန်း၊ ဟသာၤတမြို့၊ ဇလွန်မြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့၊ တွံတေးမြို့၊ ရန်ကုန်မြို့တို့ဖြစ်ကြောင်း သိရပြီး သင်္ဘောဆိုက်ကပ်သည့် မြို့ရွာများတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဖျော်ဖြေပွဲများ၊ ငြိမ်းချမ်းရေးအစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)