ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်နေတဲ့အခါ ယုံကြည်မှုရဖို့လိုတယ် အရေးအကြီးဆုံး ယုံကြည်မှု ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းဖြစ်ပါတယ်

ပင်လုံ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ် ပင်လုံမြို့ ၌ ကျင်းပသည့် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူလူထုအားလုံးနဲ့ ဧည့်သည်တော်များကို နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့မှာ ပြည်ထောင်စုကြီးကို အသိအမှတ်ပြုသောအားဖြင့် အားလုံးစုဝေးပြီးတော့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

 

ပြည်ထောင်စုကိုစတင်

 

ပင်လုံဆိုတာဟာ ရှမ်းပြည်နယ်ရဲ့ တစ်စိတ်တစ်ဒေသတင် မဟုတ်ပါဘူး။ ပြည်ထောင်စုတစ်ခုလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာဖြစ်ပါတယ်။ ဒီကနေစတင်ပြီး ပြည်ထောင်စုရဲ့ ညီညွတ်မှုအတွက် အခြေခံ အုတ်မြစ်ကို ချလိုက်တာ ဖြစ်ပါတယ်။ စောစောက ဖတ်ပြသွားတဲ့ ပင်လုံ စာချုပ်ရဲ့ အချက်အလက်တွေကို လေ့လာမယ်ဆိုရင် တိုင်ပင် ခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ သဘောတူညီမှုယူခြင်းဆိုတဲ့ မူတွေအပေါ်မှာ အခြေခံပြီးတော့ ပြည်ထောင်စုကို စတင် ထူထောင်ခဲ့တာဖြစ်ပါတယ်။

 

ပြည်ထောင်စုသားစစ်စစ်အားလုံးရဲ့ နှလုံးသားထဲမှာ ပင်လုံဆိုတဲ့ အင်မတန်မှ ရိုးရှင်းတိုတောင်းလှတဲ့ အမည်လေး ဟာ စိတ်နှလုံးချမ်းသာဖွယ်ရာ၊ လှုပ်ရှားဖွယ်ရာ ဖြစ်ပါတယ်။ ပင်လုံကို အခမ်းအနားတစ်ခုအနေနဲ့မဟုတ်ဘဲ သမိုင်းရဲ့ အင်မတန်မှတန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အသိ အမှတ်ပြုထားပါတယ်။

 

သမိုင်းဆိုတာဟာ ဘယ်တော့မှ ရပ်မနေပါဘူး။ ဆက်ပြီးတော့ လှုပ်ရှားသွားတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ ပင်လုံသမိုင်းကို စတင်ပြီးတော့ ထူထောင်ခဲ့တယ်၊ ဒီသမိုင်းဟာ အောင်အောင် မြင်မြင်နဲ့ နိဂုံးချုပ်ဖို့အတွက် တာဝန်ကတော့ ကျွန်မတို့အပေါ် မှာ ကျရောက်လာပြီဖြစ်ပါတယ်။

 

စီရင်ချက် ချသွားမှာဖြစ်

 

သမိုင်းကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး။ ခေတ် အဆက်ဆက် ကမ္ဘာတည်သရွေ့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေကို မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်က သုံးသပ်ပြီး စီရင်ချက် ချသွားမှာဖြစ်ပါတယ်။ ဒီလိုစီရင်ချက်ချမယ့် ပြည်သူလူထုရဲ့ ခုံရုံးရှေ့မှာ အခုလက်ရှိ မျိုးဆက်တွေမဟုတ်ဘဲနဲ့ နောင်လာမယ့် မျိုးဆက် အဆက်ဆက်ရဲ့ ခုံရုံးတွေရှေ့မှာ ဘယ်လောက် အထိ မားမားမတ်မတ်ရပ်တည်ပြီးတော့ လက်ခံနိုင်မလဲ၊ ကျွန်မ တို့ဟာ ဒီခုံရုံးတွေရဲ့ ဘယ်လိုဆုံးဖြတ်ချက်တွေကို ရင်ဆိုင် ရမလဲဆိုတာ အခုအချိန်မှာ လေးလေးနက်နက်စဉ်းစားဖို့ ရသွားပါပြီ။

 

တိုင်းရေးပြည်ရေးနဲ့ပတ်သက်လို့ အင်မတန်မှ ကျွမ်းကျင် ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး၊ ကဗျာဆရာကြီးတစ်ဦးရဲ့ ရေးသားချက်တွေကို ကျွန်မတို့ပြည်သူအများ သိကြမှာဖြစ်ပါတယ်။ “စစ်နည်းဗျူဟာ ဘယ်လိုကြွယ်လဲ၊ စွဲကိုင်လက်နက် ဘယ်လိုထက်လဲ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်းကြွေအံ့၊ လှံလည်း ခွေအံ့”.တဲ့။

 

ပြည်သူရဲ့စွမ်းအား

 

ကျွန်မတို့ရဲ့ အဓိကအင်အားဟာ ပြည်သူရဲ့နှလုံးများနဲ့ ပြည်သူရဲ့ စွမ်းအားဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရယူဖို့ ကြိုးစား တဲ့အခါမှာ ဒီအဓိက အင်အားတွေကို ရယူဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့နှလုံးသားတွေကို သိမ်းကျုံးဖို့ဆိုတာ ပြည်သူ့ အတွက် ရေရှည်အကျိုး၊ အခုလက်ရှိ ပစ္စုပ္ပန်တင်သာမကဘဲ နောင်လာမယ့်အဆက်ဆက်သော ကျွန်မတို့ မျိုးဆက်တွေရဲ့ အကျိုးအတွက် ကျွန်မတို့ ဘယ်လောက်စွန့်စားရဲတယ်၊ ဘယ်လောက်ခံရဲတယ်ဆိုတာ အဓိက ကျွန်မတို့အပေါ်မှာ ကျရောက်မယ့်တာဝန်ဖြစ်ပါတယ်။

 

ပြည်သူလူထုဟာ မိမိတို့အတွက် ဘယ်သူတွေက အစစ် အမှန်စွန့်စားတယ်၊ စွန့်လွှတ်တယ်ဆိုတာကို ကောင်းကောင်း သိပါတယ်။ ဆိုရိုးစကားရှိပါတယ်။ အများကို တစ်ခဏ လှည့်ဖြားလို့ ရပါလိမ့်မယ်၊ အားလုံးကို ထာဝရတော့ ဘယ်တော့မှ လှည့်ဖြားလို့ မရပါဘူး။

 

ပြည်သူဟာ မိမိတို့ရဲ့အကျိုးအတွက် ဘယ်သူတွေ ဆောင် ရွက်ရမလဲဆိုတာကို ကောင်းစွာသိပါတယ်။ ပြည်သူတွေ အတွက် တန်ဖိုးအရှိဆုံး၊ အကြီးမားဆုံး အကျိုးကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျွန်မတို့နိုင်ငံဟာ ဖွံ့ ဖြိုးတိုးတက်ရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ပည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပါဝင်နေတဲ့ အစုအဖွဲ့အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။

 

သတ္တိရှိရှိနဲ့ ပြည်သူ့အကျိုးအတွက် စွန့်စားပါ၊ စွန့်လွှတ်ပါ၊ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်းဆိုတာ အမြင့်မားဆုံးသတ္တိ ဖြစ်ပါတယ်။ ဖေဖေကလည်း ပြောခဲ့ဖူးပါတယ်။ လုပ်ရဲတယ်ဆိုတာ တကယ့်သတ္တိမဟုတ်ဘူး။ ခံရတယ်ဆိုတာ တကယ့်သတ္တိတဲ့။

 

ခံရတယ်ဆိုတာ အဓိပ္ပာယ်က ဘာလဲဆိုတော့ ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စတွေအတွက် လုပ်ခြင်းအားဖြင့် ဖြစ်လာမယ့် ရလဒ်တွေကို ရင်ဆိုင်ရဲတာ၊ ခံရဲတာကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ ပင်လုံရယ်လို့ ဖြစ်လာရတာဟာ တိုင်းရင်း သားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသားအားလုံး စုပေါင်းညီညာလုပ်မှသာလျှင် မြန်မြန် ဆန်ဆန် ချောချောမွေ့မွေ့ ရရှိနိုင်တယ်ဆိုတာ ယုံကြည်လို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

အခုဆိုရင် ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေး ညှိနှိုင်းတိုင်ပင်နေတဲ့အခါ ယုံကြည်မှုရဖို့ လိုတယ်ဆိုတာ ထပ်တလဲလဲ ပြောကြပါတယ်။ စစ်မှန်တဲ့ယုံကြည်မှု ရှိရမယ် ဆိုတော့ အများကတော့ ယုံကြည်မှုဆိုတာဟာ အခုကွဲပြား နေတဲ့ အစုအဖွဲ့တွေကြားထဲမှာ ယုံကြည်မှုရအောင် လုပ်ခြင်း လို့ပဲ နားလည်ကြပါတယ်။ ကျွန်မကတော့ အရေးအကြီးဆုံး ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းလို့ပဲ ဒီလိုပဲ သတ်မှတ်ပါတယ်။

 

အားလုံးပဲပါဝင်ကြပါ

 

ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါနေတဲ့ အစုအဖွဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်၊ ကိုယ်ဟာ ကိုယ့်နိုင်ငံအကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ဖို့ဟာ ပထမလိုအပ်ချက်ဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုရှိပြီဆိုရင် ငြိမ်းချမ်းရေးညီလာခံမှာ မပါဝင်နိုင်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းအားဖြင့် ကိုယ်ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည် ထောင်စုအတွက် အကောင်း ဆုံးလုပ်ပေးချင်တဲ့ စေတနာရှိတယ်၊ လုပ်ပေးနိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကို ယုံကြည်သောအားဖြင့် ကျွန်မတို့ရဲ့ (၂၁) ရာစုပင်လုံညီလာခံမှာ အားလုံးပဲပါဝင်ကြပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့ အခြားအစုအဖွဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ပထမဦးဆုံး ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကို အားမွေးကြပါ၊ ရှင်သန်အောင်လုပ်ကြပါ၊ ငါတို့ဟာ ငါတို့ရဲ့ လာမယ့် မျိုးဆက်တွေအားလုံးအကျိုးအတွက် လုပ်နိုင်ရည် ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပင်လုံကို ချဉ်းကပ်ကြပါ။

 

သမိုင်းဆိုတာဟာ ဘယ်သူမှ ရုန်းထွက်လို့မရတဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ဟာ သမိုင်းတွင်တဲ့ လုပ်ငန်းတစ်ခု လုပ်ဖို့ ကြိုးစားနေကြတာပါ။ ဒီမျိုးဆက်၊ ဒီအချိန်၊ ဒီအခါမှာ ကျွန်မတို့ရဲ့ ပြည်ထောင်စုသမိုင်း ခိုင်မြဲသွားဖို့၊ လှပလင်းလက် သွားဖို့ လုပ်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေမှာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဒီအကျိုးတွေကို အပြည့် အဝခံစားကြရမှာ ဖြစ်ပါတယ်။

 

လွယ်လွယ်နဲ့မရပါ

 

ဘာမှတော့ လွယ်လွယ်နဲ့မရပါဘူး။ ကျွန်မတို့ အခုထိ လွတ်လပ်ရေးရပြီး ကာလကနေစပြီးတော့ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးရရှိဖို့ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး။ တစ်နေရာ မဟုတ် တစ်နေရာမှာတော့ ကျွန်မတို့ အချင်းချင်းကြားမှာ စစ်မက်တွေဖြစ်ပွားခဲ့တယ်ဆိုတာဟာ အားလုံးအသိပဲ ဖြစ်ပါ တယ်။ ဒီဟာတွေ ငြိမ်းအေးဖို့လုပ်ဖို့ဆိုတာ ကျွန်မတို့မှာ အခွင့် အရေးရှိသလို တာဝန်လည်းရှိပါတယ်။ ကျွန်မတို့ရဲ့ အခွင့်အရေး ကို ထိထိရောက်ရောက်နဲ့ သုံးစွဲစေချင်ပါတယ်။

 

ကမ္ဘာကျော်နိုင်ငံရေးသိပ္ပံဆရာကြီးတစ်ဦးက ပြောသွား ပါတယ်။ နိုင်ငံရေးမှာ အောင်မြင်မှုရှိဖို့ အချက်(၃)ချက် လိုအပ်ပါတယ်တဲ့။ ပထမဆုံးအချက်ကတော့ ကိုယ်ယုံကြည်တဲ့ အရေးအပေါ်မှာ တမြတ်တနိုးနဲ့ သစ္စာတည်ခြင်းပါပဲတဲ့။ ဒုတိယ အချက်ကတော့ တာဝန်သိမှု စိတ်ဓာတ်ပါပဲတဲ့။ တတိယ ကတော့ မှန်ကန်တဲ့၊ သုံးသပ်ဆင်ခြင်နိုင်တဲ့ စိတ်ဓာတ်ရှိရမယ်တဲ့။ အဲဒီတော့ ဘယ်လိုအဓိပ္ပာယ် ဖော်လဲဆိုတော့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို မှန်မှန်ကန်ကန် သုံးသပ် နိုင်ရမယ်။

 

ပထမဦးဆုံးအားဖြင့် ကျွန်မတို့ ယုံကြည်တဲ့အရေးဆိုတာဟာ ပြည်ထောင်စုနေ့မှာဆိုရင် အားလုံးအတွက် ငြိမ်းချမ်းရေး ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်မတို့ယုံကြည်တဲ့အရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ သစ္စာရှိရမယ်၊ မြတ်နိုးရမယ်။

 

ငြိမ်းချမ်းရေးကို အမှန်တကယ်မြတ်နိုးရမယ်။ ငြိမ်းချမ်းရေး လိုချင်ပါတယ်၊ လိုချင်ပါတယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးကို တကယ်မမြတ်နိုးရင်တော့ ငြိမ်းချမ်းရေးနဲ့ ဖီလာဆန့်ကျင်တဲ့ အပြုအမူတွေကို လုပ်မိကြပါလိမ့်မယ်။

 

နောက်ပြီးတော့လည်း ဒီအရေးပေါ်မှာ သစ္စာရှိရမယ်။ ငြိမ်းချမ်းရေးအပေါ်မှာ သစ္စာရှိဖို့ဆိုတာဟာ ငြိမ်းချမ်းရေး အတွက် အားလုံးစွန့်လွှတ်ရဲရမယ်၊ စွန့်စားရဲရမယ်။ အဲဒါဟာ သစ္စာရှိခြင်းပါပဲ။ နောက် ဆရာကြီးပြောသွားတဲ့ ဒုတိယ အောင်မြင်မှုအချက်ကတော့ တာဝန်သိစိတ်ဓာတ်ရှိရမယ်၊ တာဝန်သိ စိတ်ဓာတ်မရှိဘဲနဲ့ တန်ဖိုးရှိတဲ့ ဘယ်အရာကိုမှ မှန်မှန်ကန်ကန်နဲ့ အောင်မြင်အောင် လုပ်နိ်ုင်မှာမဟုတ်ပါဘူး။

 

တာဝန်ရှိခြင်း၊ တာဝန်ယူခြင်း

 

တာဝန်ရှိခြင်း၊ တာဝန်ယူခြင်းဆိုတာဟာ ဘာလဲဆိုတော့ ကိုယ်လုပ်တာအတွက် ကိုယ်တာဝန်ယူရမယ်။ တစ်ခုခုမှား သွားရင် ဟိုဘက်က၊ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်ဆိုပြီး ပထမ ဦးဆုံး လက်ညှိုးထိုးချင်တဲ့ ပုဂ္ဂိုလ်များရှိပါတယ်။ တကယ်တော့ ပြဿနာတစ်ခုရှိပြီ၊ ကျွန်မတို့အတွက် အကျိုးယုတ်စေတဲ့ ကိစ္စတစ်ခုပေါ်ပေါက်လာပြီဆိုရင်တော့ ပထမဦးဆုံးလုပ်ရမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့သုံးသပ်ရမှာပဲ။ ငါ့မှာ ဘာလို အပ်ချက်ရှိခဲ့သလဲ၊ ငါဘယ်နေရာမှာ လွဲမှားခဲ့သလဲ၊ ငါ့မှာ ဘယ်လိုအားနည်းချက်ရှိသလဲ၊ ငါ့ကြောင့် ဒီပြဿနာဟာ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်ပေါ်လာတာလဲ။ ဒါဟာ တာဝန်ယူခြင်းပါပဲ။ ငါ့မှာတာဝန်ရှိတယ်။ တာဝန်မသိတဲ့ပုဂ္ဂိုလ် များဟာ ဘာပဲဖြစ်ဖြစ် သူတစ်ပါးကြောင့်ဆိုပြီး လက်ညှိုး ထိုးတတ်ကြပါတယ်။ တာဝန်ယူခြင်း စိတ်ဓာတ်ရှိရမယ်။

 

ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တာဝန်ယူတယ်ဆိုတာဟာ ကျွန်မတို့ကြောင့် ငြိမ်းချမ်းရေးကို ဘယ်လောက် ထိပါးမှုရှိသလဲ။ ကျွန်မတို့လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးကို ဘယ်လောက် အားပေးသလဲ။ အဲဒီဟာကိုတော့ ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်ကိုယ်ကိုယ် ပထမသုံးသပ်ရမှာပဲ။ ဒါကတော့ တာဝန်ယူခြင်းပဲဖြစ်ပါတယ်။ တတိယအချက်ကတော့ ဆင်ခြင်တုံတရားရှိခြင်း၊ ဒီဆင်ခြင်တုံ တရားဆိုတာကလည်း ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေ၊ ရလဒ်တွေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်တဲ့ အရည်အချင်းကို ဆိုလိုတာပါလို့ ဆရာကြီးက ရှင်းပြသွားပါတယ်။

 

ပြည်ထောင်စုရဲ့ ထာဝရ

 

အခု အားလုံးဟာ ဒုတိယပင်လုံကနေတစ်ဆင့် ကျွန်မတို့ ပြည်ထောင်စုရဲ့ ထာဝရ၊ ထာဝရဆိုတာ ကမ္ဘာတည်သရွေ့ ကိုဆိုလိုတာပါ။ ကမ္ဘာတည်သရွေ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အခုလုပ်ရပ်တွေဟာ၊ ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ကျွန်မတို့ ဖြောင့်ဖြောင့်မတ်မတ် စဉ်းစားဆင်ခြင်ဖို့လိုပါတယ်။ ဖြောင့်ဖြောင့်မတ်မတ်ဆိုတာ တခြားလူနဲ့ ဖြောင့်ဖြောင့်မတ်မတ် ပြောတာမဟုတ်ပါဘူး။

 

ကိုယ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖြောင့်ဖြောင့်မတ်မတ် စဉ်းစားဖို့၊ တွေးခေါ်ဖို့ ပြောတာပါ။ စောစောကပြောသွားတဲ့ တာဝန်ရှိမှု ဆိုတာနဲ့လည်း ဆက်နွှယ်နေပါတယ်။ ကိုယ့်မှာ အားနည်းချက် ရှိတာလား၊ တခြားသူတွေမှာ အားနည်းချက်ရှိတာလား။

 

တခြားသူတွေရဲ့ အားနည်းချက်တွေကို ပြင်ဖို့မပြောမီ ကိုယ့် အားနည်းချက်တွေကို ကိုယ်စပြီးတော့ ပြင်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုး ရလဒ်တွေဟာ ဘယ်လိုရှိမလဲဆိုတာကို ဆင်ခြင်တုံတရားနဲ့ ကျွန်မတို့ကနေပြီးတော့ ခန့်မှန်းရမှာဖြစ်ပါတယ်။ ဒီဟာ ကတော့ ဉာဏ်ရည်ပါပဲ။

 

ဒီတော့ ငြိမ်းချမ်းရေးရဖို့ အဓိကဟာ လက်ရုံးရည်လား၊ နှလုံးရည်လားဆိုတာ အားလုံးသေသေချာချာစဉ်းစားကြပါ။ ကျွန်မကတော့ နှလုံးရည်ကို အင်မတန်မှ ယုံကြည်တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အခု ကျွန်မတို့အချင်းချင်း သဘောတူညီမှုမရှိ ကြလို့၊ တစ်ယောက်ပေါ်တစ်ယောက် သံသယရှိလို့၊ တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲမှုတွေရှိလို့ တိုက်ကြ၊ ခိုက်ကြ တယ်ဆိုတော့ ကျွန်မတို့ ဘာတွေအားကိုးကြသလဲ၊ ရုပ်ပိုင်း ဆိုင်ရာ လက်နက်တွေကို ကျွန်မတို့အားကိုးရပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ လက်နက်တွေဆိုတာ ဘယ်ကမြစ်ဖျားခံသလဲ။ ကျွန်မတို့ လူသားများရဲ့ ဦးနှောက်ကပဲ မြစ်ဖျားခံတာဖြစ်ပါတယ်။

 

လူသားများရဲ့ ဦးနှောက်ကပဲ စဉ်းစားပြီး တီထွင်လိုက်တဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကိစ္စအရပ်ရပ်၊ သဘာဝက ဖန်တီးထားတာကလွဲလို့ သဘာဝနဲ့ မသက်ဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာအရပ်ရပ်ဟာ ကျွန်မတို့ရဲ့ ဉာဏ်ရည်က၊ ကျွန်မ တို့ရဲ့ ဦးနှောက်တွေထဲကနေပြီးတော့ ပေါက်ဖွားလာတာဖြစ် ပါတယ်။ ဒီဦးနှောက်တွေကို ငြိမ်းချမ်းရေးရဖို့အတွက် မသုံးနိုင် ဘူးလား။ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အရာတွေအတွက် သုံးနိုင်တဲ့ ဦးနှောက်တွေကို ငြိမ်းချမ်းရေးအတွက် မသုံးနိုင် ဘူးလားဆိုတာ အားလုံး လေးလေးနက်နက် စဉ်းစားဖို့ လိုပါ တယ်။ တကယ်ပဲ သုံးနိုင်မယ်ဆိုရင် မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။

 

သိပ္ပံပညာရှင်များက ပြောပါတယ်။ လူသားများဟာ ယေဘုယျအားဖြင့် မိမိတို့ရှိတဲ့ ဦးနှောက်ဉာဏ်စွမ်းရဲ့ ၁၀ ရာခိုင် နှုန်းလောက်ကိုပဲ သုံးပါတယ်တဲ့။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက အိပ်နေတယ်ဆိုပါတော့။ ဒီတော့ ကျွန်မတို့မှာရှိတဲ့ ဦးနှောက် ဉာဏ်စွမ်းတွေ ၁၀ ရာခိုင်နှုန်းထက်ပိုပြီး ၁၀ဝ ရာခိုင်နှုန်းမဟုတ် တောင်မှ၂၀ ရာခိုင်နှုန်းလောက်များ ငြိမ်းချမ်းရေးအတွက် အသုံး ချမယ်ဆိုရင် ကျွန်မတို့ ငြိမ်းချမ်းရေးမရစရာအကြောင်း ဘာမှ မရှိဘူးလို့ အဓိကယုံကြည်ပါတယ်။ ဒါက ယုံကြည်ချက်ပေါ့။

 

ပန်းတိုင်ကို ရောက်နိုင်

 

ဒါကြောင့် ကျွန်မထပ်ပြီးတော့ ပြောပါရစေ။ အခု ကျွန်မ တို့တည်ဆောက်ရမယ့် ယုံကြည်ချက်က မိမိကိုယ်ကိုယ်မိမိ ယုံကြည်ချက်ဖြစ်ပါတယ်။ ညီလာခံမှာထိုင်ပြီးတော့ ဆွေးနွေး ညှိနှိုင်းခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်တယ် ဆိုတဲ့ ကိုယ့်ရဲ့စွမ်းရည်ပေါ်မှာ ယုံကြည်ချက်မရှိကြဘူးလား၊ ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည် ပေါ်မှာ၊ ကိုယ့်ရဲ့ နှလုံးရည် ပေါ်မှာ ယုံကြည်ချက်ရှိတဲ့ ပြည်ထောင်စုသားအားလုံးဟာ ညီလာခံမှာ ပါဝင်ဖို့ရန် စိုးရိမ်စရာမရှိပါဘူး။

 

ကျွန်မတို့ရဲ့ ပြည်ထောင်စုသားများအားလုံးနဲ့ ပတ်သက် ပြီးတော့ ယုံကြည်ချက်ရှိပါတယ်။ ဒါကြောင့် ယခုတိုင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေးလို့ ညီလာခံထဲမှာ အပြည့်အဝမပါလာနိ်ုင်သေးတဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို မေတ္တာရပ်ခံပါရစေ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည် ပါ၊ ကိုယ့်ရဲ့စွမ်းအင်ကို ယုံကြည်ပါ။ ကျွန်မတို့ကို ယုံကြည်ဖို့ မပြောပါဘူး။ ကိုယ့်ရဲ့ စွမ်းအင်နဲ့၊ ကိုယ့်ရဲ့ ထက်မြက်မှုနဲ့ ပြည်သူ လူထုရဲ့ ထောက်ခံမှုကိုရယူပြီးတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပြုစု ပျိုးထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

ငြိမ်းချမ်းရေးလိုချင်

 

ပြည်သူလူထုအားလုံးကတော့ ငြိမ်းချမ်းရေးလိုချင် ပါတယ်။ သာမန်ပြည်သူတွေထဲမှာ ငြိမ်းချမ်းရေး မလိုချင်တဲ့ လူရယ်လို့ မရှိဘူးလို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ပြည်သူ များဟာ မိမိတို့ဘဝတွေ ငြိမ်းချမ်းဖို့၊ တိုးတက်ဖို့ မိမိတို့ရဲ့ သားတွေ၊ မြေးတွေ၊ နောင်လာမယ့် မျိုးဆက်တွေ အေးချမ်း စွာနေနိုင်ဖို့အတွက် မလိုလားဘဲ ရှိကြပါ့မလား။ ဒီပြည်သူ့ရဲ့ စွမ်းအားတွေကို စုစည်းနိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ မတိုးတက်နိုင်စရာ အကြောင်း ဘာမှမရှိပါဘူး။ အခုချိန်ခါမှာ ဆိုရင် ပြည်ထောင်စုကြီးဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင် နေရပါတယ်။ စနစ်အသစ်တစ်ခု ထူထောင်တယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်နဲ့ စနစ် တစ်ခုထူထောင်လို့ရမယ်ဆိုပြီးတော့ ကျွန်မတို့ လုပ်ဆောင် နေတာဖြစ်ပါတယ်။

 

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပြည်ထောင်စုငြိမ်းချမ်း ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အမျိုးသား ရင်ကြား စေ့ရေးဆိုတာ မတူကွဲလွဲတဲ့ သဘောထားတွေကို ညှိနှိုင်းနိုင်တဲ့ အရည်အချင်းပေါ်မှာ မူတည်ပါတယ်။ မတူကွဲပြားတဲ့ ပုဂ္ဂိုလ်များဟာ မှားတယ်လို့ ဘယ်တော့မှ သတ်မှတ်လို့မရ ပါဘူး။ အမှားအမှန်ဆိုတာဟာ လူတိုင်းမှာ အတိုင်းအတာ တစ်ခုရှိပါတယ်။ လူတိုင်းမှာ အားနည်းချက်ရှိတယ်၊ အားသာ ချက်ရှိတယ်။ ကိုယ့်ရဲ့အားသာ ချက်တွေကို ပြုစုပျိုးထောင် သလို ကိုယ့်ရဲ့အားနည်းချက်တွေကို ပပျောက်သွားဖို့ လုပ်ဖို့ ဆိုတာ ကိုယ်တစ်ဦး တစ်ယောက်မှာပဲ အဓိကတာဝန်ရှိပါတယ်။ တခြားသူတွေကို လက်ညှိုးထိုးပြီးတော့ တခြားပုဂ္ဂိုလ် များရဲ့ ပယောဂကြောင့် ပြဿနာဖြစ်တာဆိုပြီး ပြောလို့ မရပါဘူး။

 

ပယောဂတွေဆိုတာ ရှိတတ်ပါတယ်။ တချို့တွေက မိမိတို့ရဲ့ အကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်၊ တခြားအကြောင်း ကြောင့် ပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်မှာ၊ ငြိမ်းချမ်းရေးရမှာ သိပ်ပြီးတော့ မလိုလားကြပါဘူး။

 

ဒါပေမယ့် ဒီလို အနုတ်သဘောဆောင်တဲ့ စိတ်ဓာတ်တွေကို ကြောက်ရွံ့စရာ မလိုပါဘူး။ ကျွန်မတို့ရဲ့ ဆင်ခြင်တုံ တရားနဲ့၊ ညီညွတ်မှုနဲ့၊ သတ္တိနဲ့၊ ဒီဟာတွေကို ကျော်လွှား နိုင်ပါတယ်။ ဒီလိုကျော်လွှားဖို့ ကြိုးစားခြင်းဟာလည်း ကျွန်မတို့အားလုံးရဲ့ အရည်အချင်းတွေကို၊ အရည်အသွေးတွေကို ပိုမိုပြီးတော့ ထက်မြက်လာအောင်လို့ အားပေးတယ်လို့ သတ်မှတ်လို့ ရပါတယ်။

တစ်နှစ်တစ်နှစ် ပြန်လည်လာ

 

ဒါကြောင့် တစ်နှစ်တစ်နှစ် ပြန်လည်လာပြီဆိုရင် အခွင့် အရေးအသစ်တွေ ထပ်တလဲလဲ ပြန်ပြီးတော့ ရပါတယ်၊ ဒါဟာ လောကကြီးရဲ့ အားသာချက်တစ်ခုပါ၊ ကျွန်မတို့ဟာ နှစ်သစ်၊ နှစ်သစ်လို့ဆိုပေမယ့်လည်း တကယ်တော့ ကမ္ဘာကြီးဟာ လည်လို့ ကမ္ဘာကြီးဟာ နေကိုပတ်လို့၊ ဝိုင်းဝိုင်းလည်လည် သွားနေလို့ နှစ်သစ်တွေဟာ ပြန်ပြီးတော့ ပေါ်လာတာပါ။ ဒီအတိုင်းပဲ ကျွန်မတို့အတွက် အကျိုးအသစ်တွေ ၊ အခွင့်အရေး သစ်တွေဆိုတာ တစ်ပတ် တစ်ပတ် ပြန်ပြီးတော့လည်လာတတ် ပါတယ်။ ဒါပေမယ့် တစ်ခါတလေ အကောင်းဆုံးအချိန်မှာ မိမိရရ မဆုပ်ကိုင်လိုက်ရလို့ ဒီအကျိုးတွေဟာ အပတ်ပေါင်း များစွာ ထပ်ပြီးတော့ စောင့်ရပါတယ်။ ဘယ်လောက်အထိ စောင့်ချင်သလဲ။ ကျွန်မတို့အားလုံးဟာ ကိုယ့်ဘဝကလွဲလို့ တခြားဘာအတွက်မှ ကိုယ်တာဝန်မယူနိုင်ပါဘူး။ ဒီမှာရှိနေ တဲ့ ပုဂ္ဂိုလ်များဟာ တစ်ချိန်တစ်ခါကျရင် ပျောက်ကွယ်သွား ကြမှာဖြစ်ပါတယ်။

 

ဒီတော့ ဘာကျန်ခဲ့မလဲဆိုတော့ သမိုင်းအမွေအနှစ်တွေ ကတော့ ကျန်ခဲ့မှာပါ။ နောင်နှစ်စဉ် နှစ်စဉ်မျိုးဆက်သစ်တွေ ဟာ ဒီနေရာမှာ ပင်လုံကျောက်တိုင်ကို လာပြီး အလေးပြုတဲ့ အခါမှာ (၂၀)ရာစု ပင်လုံအတွက်သာမဟုတ်ဘူး၊ (၂၁) ရာစု ပင်လုံအတွက်ပါ လာပြီးတော့ အလေးပြုတယ်ဆိုတာ ဖြစ်စေချင်ပါတယ်။ ဒီနေရာကို နောင်လာ နောက်သားများ ရောက်လာ တဲ့အခါမှာ ဒီနေရာဟာ ပြည်ထောင်စုကြီးရဲ့ သင်္ကေတဖြစ်တယ်၊ ပြည်ထောင်စု သားများရဲ့ အများအကျိုးအတွက စွန့်လွှတ်ရဲ၊ စွန့်စားရဲတဲ့ အရည်အချင်းတွေကို အသိအမှတ် ပြုရာနေရာဖြစ်တယ် ဆိုတာမျိုးကို မြင်ချင်ပါတယ်။ ကျွန်မ ကတော့ မြင်ရတော့မှာ မဟုတ်ပါဘူး။ သမိုင်းမှာ နောင်လာ နောက်သား တွေကသာ မြင်ရတော့မှာပါ။ ဒီတော့ နောင်လာ နောက်သားတွေအတွက် ကောင်းမွန်တဲ့ အမွေအနှစ်တွေကို ထားခဲ့ပါ။

 

မိဘကောင်းများဟာ ပစ္စုပ္ပန်ကိုပဲ မကြည့်ပါဘူး။ အနာဂတ်ကို ကြည့်ပါတယ်။ မိဘကောင်းများဆိုတာ မိမိတို့ အသက်ရှင်စဉ်၊ မိမိတို့မျက်စိနဲ့ မြင်နိုင်စဉ် ကာလအတွက်ပဲ ကြည့်တာမဟုတ်ပါဘူး။ မိမိတို့ မျက်စိကွယ်သွားတဲ့ အချိန်၊ မျက်လုံးတွေမှိတ်သွားတဲ့ အချိန်မှာ၊ လွန်သွားတဲ့အချိန်မှာ ထားခဲ့ရမယ့် အမွေအနှစ်တွေကို အဓိက ထားပြီးတော့ ကြည့်တာဖြစ်ပါတယ်။ ဒါကြောင့် အမြော်အမြင်ရှိတဲ့မိဘများ၊ တကယ့်ကို သားသမီးတွေအပေါ်မှာ စေတနာထားတဲ့မိဘများဟာ သားသမီးတွေရဲ့ရှေ့ရေးအတွက် တွက်ပြီး ရှေ့ရေးအတွက် ကောင်းစေမယ့်ကိစ္စတွေ ဥပမာအားဖြင့် ကျန်းမာရေး ကောင်းစေဖို့ ၊ ပညာရေးထက်မြက်စေဖို့ သွန်သင်ဆုံးမတယ်၊ တတ်နိုင်သမျှ ပံ့ပိုးသွားတယ်။ အမြင်တိုတဲ့မိဘများ၊ အမြော် အမြင်နည်းတဲ့မိဘများကတော့ သားသမီးကို ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝပေးနိုင်သလောက်ပေးပြီးတော့ အလိုလိုက်တဲ့ နည်းနဲ့ ချဉ်းကပ်ကြတယ်။

 

အနာဂတ်ကောင်းစေချင်

 

ဒီလို အလိုလိုက်တာဟာ သားသမီးတွေအတွက်လား၊ ကိုယ့်အတွက်လားဆိုတာ စဉ်းစားရတယ်။ တချို့မိဘများဟာ သားသမီးများကို အလိုလိုက်တယ်ဆိုတာဟာ သားသမီးများကို ချစ်လို့လား၊ ကိုယ့်ကိုသားသမီးတွေက ချစ်စေချင်လို့လား ဆိုတာကို သေသေချာချာစဉ်းစားရမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ နိုင်ငံအကျိုးအတွက် လုပ်တဲ့အခါမှာ ကျွန်မတို့ကို ပြည်သူ ပြည်သားတွေက ချစ်စေချင်လို့၊ ထောက်ခံစေချင်လို့ လုပ်နေ တာလား၊ ကျွန်မတို့က ပြည်သူပြည်သားတွေကို ချစ်လို့၊ ပြည်သူပြည်သားတွေရဲ့ အနာဂတ်ကောင်းစေချင်လို့ လုပ်နေ တာလားဆိုတာ အားလုံးရဲရဲဝံ့ဝံ့နဲ့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့ လိုပါတယ်။

 

တစ်ခါတလေ နိုင်ငံသူ နိုင်ငံသားများရဲ့ ရေရှည်အကျိုး အတွက်၊ နောင်လာမယ့် မျိုးဆက်တွေရဲ့ အကျိုးအတွက် ကိုယ့်အပေါ်မှာ လက်ရှိပြည်သူပြည်သားများရဲ့ ကျေနပ်မှုကို လည်း စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရတာပဲ။ ဥပမာအားဖြင့် ကျောင်းမနေချင်တဲ့ ကလေး၊ ကျောင်းမသွားချင်တဲ့ကလေးကို မိဘက ကြိမ်းမောင်းပြီးတော့ အတင်းအကျပ်ကျပ် ကျောင်းသွားခိုင်း တဲ့အခါ ကလေးက မိဘအပေါ် ငြိုငြင်မှာပေါ့။ ငါ့အဖေ အမေက ငါ့ကိုမချစ်ဘူး၊ ငါအိမ်မှာဆော့နေချင်တာကို အတင်းကျောင်း သွားခိုင်းတယ်ဆိုပြီး စိတ်ထဲမှာရှိရင်တော့ ရှိနေမှာပေါ့။

 

အားလုံးလုပ်ရပါမယ်

 

ဒီလိုကလေးက ငြိုငြင်တာကိုမခံနိုင်လို့၊ မခံချင်လို့ ကျောင်းမသွားပါနဲ့ဆိုပြီးတော့ အိမ်မှာထားတဲ့မိဘဟာ သားသမီးကို ချစ်တာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အလိုလိုက် တာ၊ ကိုယ့်ကိုသားသမီးက ချစ်စေချင်တာ။ ကျွန်မတို့ဟာ ပြည်သူပြည်သားများရဲ့မေတ္တာကို အင်မတန်မှ တန်ဖိုးထား ပါတယ်။ ပြည်သူပြည်သားများရဲ့ မေတ္တာကို ရယူချင်ပါတယ်၊ လိုချင်ပါတယ်။ ကျွန်မတို့ဟာပြည်သူပြည်သားတွေကို အားကိုး ပြီးတော့ အနှစ်(၃၀)နီးပါး နိုင်ငံရေးလုပ်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ပြည်သူပြည်သားတွေကို ထိခိုက်စေမယ့် နည်းနဲ့တော့ ထောက်ခံမှုကို ဘယ်တော့မှ ရယူမှာမဟုတ် ပါဘူး။ ဒီလိုထောက်ခံမှုလည်းမလိုချင်ပါဘူး။ ငြိုငြင်ချင်ရင် ငြိုငြင်ပါစေ တကယ်ပဲ နိုင်ငံရဲ့ရေရှည်ကောင်း ကျိုးအတွက် လုပ်အပ်တဲ့ကိစ္စတွေဆိုရင် အားလုံးလုပ်ရပါမယ်။

 

အမွေအနှစ် အနေနဲ့ထားခဲ့ဖို့လို

 

ငြိမ်းချမ်းရေးဆိုတာဟာ နောင်လာမယ့် မျိုးဆက်တွေ အတွက် ဘယ်လိုမှငြင်းလို့မရတဲ့ ရတနာကြီးတစ်ရပ် ဖြစ်ပါ တယ်။ ဒီရတနာကိုသာ နိုင်ငံသူနိုင်ငံသားတွေကို အမွေအနှစ် အနေနဲ့ထားခဲ့ဖို့လိုပါတယ်။ သယံဇာတပစ္စည်းတွေ ဆိုတာ လည်း အရေးမကြီးပါဘူး။ လောလောဆယ် စီးပွားရေးအကျိုး အမြတ်ဆိုတာလည်း အရေးမကြီးပါဘူး။ လောလောဆယ် ကျွန်မတို့ကို ထောက်ခံမှု ဘယ်လိုထောက်ခံမှုပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲက ထောက်ခံမှုပဲဖြစ်ဖြစ်၊ သာမန်ထောက်ခံမှုပဲ ဖြစ်ဖြစ် အဲဒါတွေကလည်း အရေးမကြီးပါ ဘူး။ ဒီဟာတွေဟာ တစ်ခဏနဲ့ ပျောက်သွားမယ့် အမွေအနှစ်တွေ ဖြစ်နိုင်ပါ တယ်၊ သယံဇာတပစ္စည်းတွေဆိုတာလည်း တစ်ချိန်တစ်ခါမှာ ပျောက်ကွယ်သွားနိုင်တာပဲ၊ စီးပွားရေးဆိုတာလည်း အတက် အကျရှိတာပဲ။ ဒီကမ္ဘာကြီးမှာ အင်မတန်မှ စီးပွားရေး တောင့် တင်းပါတယ်ဆိုတဲ့ နိုင်ငံတွေတောင်မှ စီးပွားရေးအကျပ်ကျပ် အတည်းနဲ့ ကြုံရတဲ့အခါ ကြုံကြရတာပဲ၊ ကျွန်မတို့ဟာ ပြည်ထောင် စုကြီးကို တကယ့်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး အမွေအနှစ်သာ ပေးခဲ့နိုင်မယ်ဆိုရင် ဒါဟာသုံးလို့မကုန်၊ ဖြုန်းလို့မကုန်တဲ့ အမွေအနှစ်လို့ ပြောချင်ပါတယ်။

 

ပြည်သူလူထုနဲ့ တွေ့တဲ့အခါကျရင် ကျွန်မပြောပါတယ်။ ကျွန်မအတွက် ဖေဖေထားခဲ့တဲ့အမွေအနှစ်ဟာ ပြည်သူ့ရဲ့ မေတ္တာပဲ၊ သုံးလို့မကုန်ဘူး၊ ဖြုန်းလို့မကုန်ဘူး။ ဒါပေမယ့်လည်း မဖြုန်းသင့်ပါဘူး။ ဒီလိုအမွေအနှစ်မျိုးဆိုတာဟာ ကျွန်မတို့ဟာ တန်ဖိုးထားပြီးတော့ စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်။

 

ဒီအတိုင်းပဲ အခုမျိုးဆက်တွေဟာ၊ အခု ပင်လုံညီလာခံဖြစ် မြောက်ဖို့အတွက် ကြိုးစားနေတဲ့ အစုအဖွဲ့များ ပုဂ္ဂိုလ်များ ဟာ ကျွန်မတို့ပြည်သူများ သုံးလို့မကုန်နိုင်တဲ့ ငြိမ်းချမ်းရေး အမွေအနှစ်ကို စုဆောင်းပြီးတော့ ထားခဲ့စေချင်ပါတယ်။ ထပ်လောင်းပြီးတော့ ကျွန်မအနေနဲ့အထူးပဲ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအစုအဖွဲ့ တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ၊ ကျွန်မတို့ရဲ့ (၂၁)ရာစု ပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ပြည်သူ ပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက် နှလုံးစိတ်ဝမ်းအေးချမ်းကြ မလဲ၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ ၊ ဘယ်လောက်ပီတိ ဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ။

 

ကံကံ၏ အကျိုးဆိုတဲ့အဓိပ္ပာယ်ဟာ ကိုယ်လုပ်သလို ဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကံဆိုတာ ပြုလုပ်ခြင်းပါပဲ။ အတိတ်ကကံကို ဆိုလိုချင်တာမဟုတ်ပါဘူး အတိတ်က ကံက ဘာမှလုပ်လို့မရပါဘူး။ ကျွန်မတို့ ပြုပြင်ပြောင်းလဲတဲ့ကံဟာ ပစ္စုပ္ပန်ပဲဖြစ်ပါတယ်။ ကံကံ၏အကျိုး၊ ကိုယ်လုပ်သလို ကိုယ်ဖြစ် မယ်ဆိုတာကို ယုံကြည်ချက်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် လိုက်ကြပါ။

 

ဒီယုံကြည်ချက်ကြောင့်ကို အောင်မြင်စေရမယ် လို့ ယုံကြည်ပါတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ကို ကူညီဖို့ဖေးမဖို့ မြှင့်တင်ပေးဖို့ ဆန္ဒသာရှိပါတယ်။ ဘယ်လို နည်းနဲ့မှ ကျွန်မတို့နိုင်ငံကို မှီတင်းနေထိုင်နေတဲ့ပုဂ္ဂိုလ် ဘယ်သူ့ ကိုယ်မှ အကျိုးမယုတ်စေချင်ပါဘူး။ အကျိုးမြှင့်တင်ပေးစေ ချင်တဲ့စိတ်ဓာတ်နဲ့ ပင်လုံစာချုပ်ကို ထိုးခဲ့တဲ့နေရာမှာ စုပေါင်း ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

 

ပထမပင်လုံစာချုပ်ဟာ ကျွန်မတို့ပြည်ထောင်စုအတွက် သမိုင်းစာမျက်နှာ တစ်မျက်နှာအသစ်လှန်ပေးလိုက်လို့ ပြည်သူ လူထုဟာ အခုထိ သတိရတမ်းတနေတာ ဖြစ်ပါတယ်။ ကျွန်မ တို့ဟာ (၂၁)ရာစု ပင်လုံအနေနဲ့ သမိုင်းစာမျက်နှာ တစ်မျက်နှာ လှန်ရုံမက သမိုင်းစာအုပ်အသစ်တစ်အုပ် ဖွင့်ကြပါစို့လို့ မေတ္တာရပ်ခံချင်ပါတယ်။

 

ကျေးဇူးတင်ပါတယ်။