ငြိမ်းချမ်းရေးလမ်းတစ်လျှောက်မှာ ပန်းပိတောက်တွေ သင်းပါစေ

 

မြင့်စိုး(နတလ)

 

[ ၁ ]

ခရီးတစ်ခုသွားခဲ့သည်။ မကွေးတိုင်းဒေသကြီးအတွင်းက မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် မြို့သစ် မြို့နယ်များဆီသို့။ ရည်ရွယ်ချက်မှာ ထိုဒေသများအတွင်းရှိ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါအထွက်တိုးစေဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရေး၊ ၎င်းတို့လိုအပ်နေသော ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ဖို့ ကူညီပံ့ပိုးပေးရေး၊ အဆင့်မီသော ဝါဂွမ်းနှင့် ချည်များရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရေးတို့အတွက် ဖြစ်ပါသည်။ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်ဒေသများသို့လည်း ရောက်ခဲ့ပြီ။ တောင်သူများနှင့်တွေ့ခဲ့ဆုံခဲ့၊ မေးခဲ့မြန်းခဲ့ပြီးပြီ။ ထို့ပြင်တဝ မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လိုလားချက်များကို လည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးမှူးများ ဂဃနဏသိရှိဖို့၊ သွက်သွက်လက်လက် စတင်အကောင်အထည် ဖော်ဆောင်ရွက်ကြဖို့လည်း မှာကြားခဲ့ရသည်။

မကွေးခရီးစဉ်၌ ဝါစိုက်ပျိုးရေးလုပ်ငန်းအပြင် တောင်သူများကိုယ်တိုင် နှမ်းရိုးမှ သဘာဝမြေဩဇာ ထုတ်လုပ်ပြီး နှမ်းစိုက်ခင်းများမှာ သုံးစွဲခြင်းအားဖြင့် တစ်ဧက နှမ်းအထွက်တိုးစေဖို့ လုံ့လပြုခဲ့သေး၏။ ဒါတွင်ပဲလားဆိုတော့ မဟုတ်သေးပါ။ အသေးစား စက်မှုလက်မှု  လုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ထားသော မကွေးမြို့ရှိ “ခါတော်ဦး စားသောက်ကုန်လုပ်ငန်း၏ ဇယန်းလက်ဖက်စို၊ လက်ဖက်ခြောက်နှင့် ရှမ်းရိုးရာအစားအစာများ ထုတ်လုပ်ဖြန့်ချိနေမှုကို သွားရောက်လေ့လာ အားပေးကြည့်ရှုခဲ့သည်။ ပိုင်ရှင်တွေကတော့ ဦးသန်းစိုးဝင်းနှင့် ဒေါ်မိုးသူဇာတို့ ဖြစ်ကြသည်။ လက်ဖက်လုပ်ငန်းကို မလေ့လာမီ သူတို့က ရုံးခန်းအတွင်းသို့ ဖိတ်ခေါ်၍ ဧည့်ဝတ်ပြုကြသေး၏။ သူတို့လုပ်ငန်းကို ကြည့်ရှုအားပေးသော ဌာနဆိုင်ရာ အကြီးအကဲများ၏ မှတ်တမ်း ဓာတ်ပုံများကို ရုံးခန်းအတွင်းမှာ ချိတ်ဆွဲထားကြောင်း သတိပြုမိသည်။ မကွေးတိုင်းဒေသကြီးအတွင်းက MSME ပြပွဲတစ်ခုမှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့ ခါတော်ဦးလုပ်ငန်းကို ကြည့်ရှုအားပေးနေသည့် ဓာတ်ပုံကိုလည်း တွေ့ရသည်။ ထိုဓာတ်ပုံပေါ်မှာရေးထားသည့် Caption ပုံစာကတော့ တောင်ပေါ်ကလက်ဖက် (လင်) နှင့် မြေပြန့်မှပဲကြော် (မယား) တို့ ပူးပေါင်းကုန်ထုတ်ထားပုံကို ဥပမာပေးရှင်းပြနေပုံ .. ဟူ၏။ လုပ်ငန်းရှင် ဒေါ်မိုးသူဇာက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ ဇယန်းကြီးရပ်ကွက်သူ ဖြစ်သည်။

နမ့်ဆန်ဆိုသော အသံကို ကြားလိုက်သည်နှင့် ကျွန်တော့်ရင်ထဲမှာ အမျိုးအမည်ခွဲခြား၍မရသော၊ ဖော်ပြခြင်းငှာ မစွမ်းသာသော လွမ်းဆွတ်တသမှု၊ သတိရမှုများပါဝင်သည့် စိတ်ခံစားမှုများ ရက်ရှယ် သွားသည်ကိုတော့ ကိုယ့်ဟာကိုယ် သတိပြုမိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) က နမ့်ဆန်သည် ဆလိမ်နှင့် ဆန်ရသော နမ့်ဆန်၊ တလူးလူး တလိမ့်လိမ့်ဖြင့် တုန်၍ခါ၍ စီးဆင်းနေသော ချောင်းကလေးတည်ရှိရာအရပ်ဟု အဓိပ္ပာယ်ရသော နမ့်ဆန်ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)က နမ့်စန်ကတော့ စလုံးနှင့် စန်ရသော နမ့်စန်ဖြစ်သည်။ အဓိပ္ပာယ်မှာ ရေအရသာပေါ့သောအရပ်ဟူ၏။ ဒါကလည်း လွန်ခဲ့သောနှစ်ပေါင်း (၂၀) ကျော်ခန့်ကတည်းက ကျွန်တော့်မိတ်ဆွေ ရွှေအင်းသားခင်မောင်ဝင်း၏ ဇနီးဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်သူ မမျိုး (နန်းမေမျိုး အောင်) ထံမှ လေ့လာမှတ်သားခဲ့ခြင်းဖြစ်ပါသည်။

နမ့်ဆန်ကို မကြာမကြာ သတိရမိသော အဓိကအကြောင်းရင်းတစ်ရပ်ကလည်း ရှိနေပြန်ပါသည်။ အထူးသဖြင့် ယခုလို သင်္ကြန်မိုးရေ၊ တန်ခူးလေနှင့် ပိတောက်ရနံ့များ ကြိုင်လှောက်နေသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလမှာ ဖြစ်သည်။ ကျွန်တော် တပ်မတော်သားဘဝဖြင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ လှုပ်ရှားအမှတ်(၁) စစ်ဗျူဟာတွင် တာဝန်ထမ်းဆောင်နေစဉ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဘိုးသာနှင့်အတူ ၁၉၉၁ ခုနှစ် နှစ်ဆန်းပိုင်း မှာ နမ့်ဆန်ဒေသသို့ ဝင်ရောက်ခဲ့ကြသည်။ စစ်ဆင်ရေးကာလ သိပ်မကြာခဲ့ပါ။ ၁၉၉၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ဦးအိုက်မုန်းခေါင်းဆောင်သော PSLA အဖွဲ့ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ ခဲ့ကြသည်။ ထိုနှစ်သင်္ကြန်ကို နမ့်ဆန်တွင် ကြုံကြိုက်ခဲ့ပြီး တပ်မတော်သားများ၊ PSLA တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပလောင်တိုင်းရင်းသား တိုင်းရင်းသူများ အတူတကွပါဝင်၍ တပျော်တပါးဆင်နွှဲခဲ့ကြသည်ဖြစ်ပေရာ ကျွန်တော့်တစ်သက်မေ့မရသည့် သင်္ကြန်ပွဲတော်တစ်ခု ဖြစ်ခဲ့ရသည်။ အမည်တစ်ခုကလည်း ကျွန်တော့်ရင်ထဲမှာ သံမှိုနှက်ထားသလို နှစ်ပေါင်းများစွာ တွဲခိုလို့ရှိနေခဲ့သည်။ ထိုအမည်ကတော့ “ငြိမ်းချမ်းရေးသင်္ကြန် ဟူ၍ ပါတည်း။

 

[ ၂ ]

 

၁၉၉၅ ခုနှစ်တွင် တပ်မတော်မှ နယ်စပ်/ စည်ပင်ဝန်ကြီးဌာနသို့ ကူးပြောင်းတာဝန် ထမ်းဆောင်ခဲ့သည်။ နတလဟု ခေါ်နေကြသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ရောက်သည်။ ရောက်ရောက်ချင်းမှာ ဦးစီးဌာနဖွဲ့စည်းပုံ မကျသေးပါ။ နတလလုပ်ငန်းကော်မတီ၏ အထူးအရာရှိများအဖြစ်နှင့် နယ်စပ်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရသည်။ ပထမ ကိုးကန့်ဒေသနှင့် ‘ဝဒေသများသို့ သွားရောက်ခဲ့ရသည်။ ဒုတိယနေရာကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟိုမိန်းဒေသဖြစ်သည်။ ဦးခွန်ဆာ၏ MTA (လွယ်မော်)အဖွဲ့ ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၅၊ ၆ ရက်နေ့များမှာ အကြွင်းမဲ့လက်နက် စွန့်ခဲ့သည်။ အထူးအုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၃၅ ယောက်ဖြင့် ဖွဲ့စည်း၍ ထိုဒေသသို့ စေလွှတ်ခဲ့ရာ နတလကိုယ်စားပြု၍ ကျွန်တော် လိုက်ပါခဲ့ရသည်။ ထိုစဉ်က နယ်စပ်/ စည်ပင်ဝန်ကြီးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်သင့်(ကွယ်လွန်) ဖြစ်ပါသည်။ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ နယ်စပ်/ စည်ပင်ဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဦးစိုးသာတို့ ဟိုမိန်းသို့ ရောက်ရှိလာကြပြီး ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်ကို အမှတ်ရမိသည်။ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်တို့ ကွယ်လွန်ခဲ့ကြပေပြီ။ ထိုစဉ်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ထွတ်သည် ဒုတိယဗိုလ်ချုပ်ကြီးမောင်သင့်နှင့်အတူ ဟိုမိန်းမှ ပြန်လာကြပြီး ကျွန်တော်တို့အဖွဲ့ကို နမ့်စန်လေဆိပ်၌ Briefing လုပ်သည်ကိုလည်း အမှတ်ရမိပါသည်။ ယခုအခါ အဘထွတ်သည် သမဝါယမဝန်ကြီးဌာနဝန်ကြီး (ငြိမ်း) ဖြစ်ပြီး ကျန်းမာစွာဖြင့် မိမိတို့ဝန်ကြီးဌာန အခမ်းအနားများကို တက်ရောက်ချီးမြှင့်ပေးနေသောကြောင့် ဝမ်းသာရပါသည်။

 

mdn

 

၁၉၉၆ ခုနှစ် ဇန်နဝါရီလမှ နှစ်ကုန်သည်အထိ ဟိုမိန်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ကြရသည် ဖြစ်ပေရာ ထိုနှစ်သင်္ကြန်ပွဲတော်ကိုလည်း ဟိုမိန်းမြို့လေး၏ အထင်ကရနေရာ နောင်လုံကန်ကြီးဘေးမှာ ကျင်းပခဲ့ကြသည်။ ၁၉၉၁ ခုနှစ်က ကြုံကြိုက်ခဲ့ရသလိုပင် ထိုနှစ်သင်္ကြန်ပွဲတော်မှာ တပ်မတော်သားများ၊ MTA တပ်ဖွဲ့ဝင်များ၊ ဟိုမိန်းဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကျွန်တော်တို့ အထူးအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားများ ပိုမိုခင်မင်ရင်းနှီးခွင့်ရသွားသည့် ပွဲတော်တစ်ခုလည်း ဖြစ်ခဲ့သည်။ အကအဖွဲ့များ၊ တီးဝိုင်းအဖွဲ့များကအစ၊ အစားအသောက် ကျွေးမွေးရေး ကိစ္စများပါမကျန် လိုလေသေးမရှိ ကူညီဆောင်ရွက်ပေးခဲ့ကြသော အစ်မကြီး ဒေါ်ခေးဆစ် (ဦးခွန်ဆာ၏ ညာလက်ရုံး)၊ အစ်မကြီး ဒေါ်နှောင်း( SURA ဦးမိုးဟိန်း၊ ဦးနော် မိန်းခွမ်းတို့၏ တပည့်) နှင့်  MTA တပ်ဖွဲ့ဝင်ဟောင်း အမျိုးသမီးများ (W.A.S.S အဖွဲ့ဝင်များ) အားလုံးကို ကျေးဇူးတင်ခဲ့ရသည်။ ထိုစဉ်က ထိုဒေသမှာသာမက ရှမ်းပြည်နယ် တစ်ခွင်လုံးမှာ W.A.S.S အဖွဲ့ဝင်ပေါင်း သောင်းနှင့် ချီ၍ရှိခဲ့သည်။ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ လမ်းညွှန်ချက်အရ ဟိုမိန်းဒေသမှာ အမှတ် ၂၀၃ စပါးမျိုးများကို ဖြစ်ထွန်းအောင် ကျွန်တော်တို့ စိုက်ပျိုးပြသခဲ့ကြရာ လုပ်အားပေး ကောက်စိုက်သမပေါင်း ၃၀၀ ကျော် ပါဝင်စိုက်ပျိုးခဲ့ ကြသည်ကိုလည်း မမေ့ခဲ့ပါ။ သင်္ကြန်ပွဲတော်မှာ သူတို့လည်း ပါဝင်ခဲ့ကြသည်။ ဆိုရသော် ဟိုမိန်း သင်္ကြန်သည် ကျွန်တော့်ဘဝအတွက် ဒုတိယ ငြိမ်းချမ်းရေးသင်္ကြန်။

 

[ ၃ ]

 

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ပုဂ္ဂိုလ်ကြီးတစ်ဦး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့သည်။ အဘဦးသိန်းညွန့် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) နေပြည်တော်ကောင်စီဥက္ကဋ္ဌ (ငြိမ်း)၏ နောက်ဆုံးခရီးဖြစ်ပါသည်။ အဘဦးသိန်းညွန့်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင် နယ်စပ်/ စည်ပင် ဝန်ကြီးဌာန၏ ဝန်ကြီးတာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးမောင်သင့်ထံမှ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို တစ်နိုင်ငံလုံးရှိ စည်ပင်သာယာရေး လုပ်ငန်းများ၊ ခရိုင်ချင်းဆက် လမ်းဖောက်လုပ်ရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ရခိုင်ဒေသ အနောက်တံခါးကာကွယ်ရေးအတွက် ရခိုင်အိမ်ထောင်ပြောင်းလုပ်ငန်း ၁၉ ကြိမ်ထိ ပို့ဆောင်ပေးခဲ့သည်။ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား လေ့လာရေးအဖွဲ့ပေါင်းများစွာ ခေါ်ယူလေ့လာစေခဲ့သလို ယခုကဲ့သို့ သင်္ကြန်ပွဲတော်ကာလ၌ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ပေါင်းများစွာ ပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် မန္တလေး) များကို ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၂ ခုနှစ်မှာ ရန်ကုန်-သန်လျင်တံတားကြီးအနီးမှ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာကြီးကို တည်ဆောက်သွားခဲ့သည်။ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ကိုးကန့်၊ ‘ဝ၊ မိုင်းလား၊ ကချင်၊ ချင်း၊ ရှမ်း ဒေသများအပါအဝင် ဒေသအသီးသီး၌ ဆောင်ရွက်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်မှုကိုခံယူ၍ နေပြည်တော်ကြီးတစ်ခုလုံးကို အကွက်ကျကျ၊ ထောင့်စေ့စေ့၊ လှလှပပ တည်ဆောက်ပြသသွားခဲ့သည်ကတော့ လက်ဖျားမခါဘဲ မနေနိုင်အောင်ပင် အံ့ဩဘနန်းဖြစ်ခဲ့ရသည်။

၂၀၀၀ ပြည့်လွန်နှစ်များအထိ၊ တိတိကျကျ ပြောရလျှင် ၂၀၀၄ ခုနှစ်အထိ နတလ၏ ပြန်ကြားရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ရသည်ဖြစ်ပေရာ ကျွန်တော့်ထံတွင် အဘဦးသိန်းညွန့် နှင့်ပတ်သက်သည့် လုပ်ငန်းဓာတ်ပုံ၊ မှတ်တမ်းဓာတ်ပုံများစွာ ကျန်ရှိနေပါသည်။ ယင်းပုံများကို အဘ၏ဇနီးဖြစ်သူ အစ်မကြီး  ဒေါ်ကျင်ခိုင်ထံ ပေးအပ်လိုသဖြင့် နာရေးမှအပြန် နောက်တစ်နေ့တွင် အားလုံးထုတ်၍ လှန်လှောရှာဖွေ ကြည့်ရှုခဲ့မိသည်။ ဓာတ်ပုံများစွာအနက် သင်္ကြန်ပွဲတော်ကာလများမှာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အတူ ရိုက်ထားသောပုံများလည်း တွေ့ရသည်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် (နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်-ငြိမ်း) နှင့်အတူ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ လာရောက်ချီးမြှင့်ခဲ့သော ၂၀၀၄ ခုနှစ် သင်္ကြန်ပွဲတော်ပုံများလည်း အပါအဝင် ဖြစ်၏။ ၁၉၉၃-၉၄ ခုနှစ်မှ အစပြုကာ နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ခေါ်ယူ၍ ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်၌ ပါဝင် ဆင်နွှဲစေခဲ့သည်။ ၂၀၀၄ ခုနှစ်အထိ နှစ်ပေါင်း ၁၂ နှစ်တာကာလအတွင်း တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ဝင်ပေါင်းများစွာ ရောက်ရှိ လာခဲ့ကြသည်။ နယ်စပ်ဒေသအသီးသီးမှပါဝင်သလို တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များနှင့်ပတ်သက်သည့် အဖွဲ့များလည်းပါဝင်သည်။ ယဉ်ကျေးမှုအဖွဲ့ဝင်အားလုံးသည် နိုင်ငံတော်၏ယဉ်ကျေးမှုသံတမန်များ ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးပန်းခင်းကြီးထဲမှ အရောင်စုံ၊ အသွေးစုံ ပန်းအလှများလည်း ဖြစ်ကြသည်။ သူတို့နှင့် ပတ်သက်ပြီး ကျွန်တော် ဆောင်းပါးများစွာ ရေးဖြစ်ခဲ့သည်။ ပြည်ထောင်စုသားတို့သင်္ကြန်၊ နွေဧည့်သည် တို့အိမ်အပြန်၊ သင်္ကြန် မိုးရေ တန်ခူးလေ၊ နိုင်ငံတော်၏ ယဉ်ကျေးမှုသံတမန်များ စသည်ဖြင့် သူတို့ပါဝင်ဆင်နွှဲခဲ့သော သင်္ကြန် ပွဲတော်များသည်လည်း ငြိမ်းချမ်းရေးသင်္ကြန်များပင်  ဖြစ်ခဲ့ကြသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်ထွန်းကား ပြန့်ပွားစေခဲ့သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ရင်းနှီးချစ်ကြည်မှုများ ရခဲ့သည်။

ဆိုရသော်..အမိမြန်မာပြည်ကြီး နိုင်ငံတကာ အလယ်မှာ ဝင့်ထည်စေဖို့၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲစေဖို့အတွက် တိုင်းရင်းသားစည်လုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ် ရှင်သန်ထက်မြက်နေဖို့ လိုပါသည်။ တိုင်းရင်းသားသွေးချင်းများ အားလုံးအတွက် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော၊ အေးချမ်းသာယာသော နှစ်သစ်မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာအထိ ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက်မှာ ပန်းပိတောက် တွေ သင်းပါစေကြောင်း ဆုမွန်တောင်းလျက်………