ငြိမ်းချမ်းရေးကိုရှေးရှုသည့် ယဉ်ကျေးမှုတည်ဆောက်

၄  ဒီဇင်ဘာ

 

“အပြန်အလှန် မှီခိုနေထိုင်ကြရတဲ့ ယနေ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုကိုရှေးရှုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖော်ထုတ်ခြင်း နည်းလမ်းဖြင့်သာ မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းများအကြားမှာ သဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့၌ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

ဆက်လက်၍ “အဆိုးသံသရာစက်ဝန်းကို ဖောက်ထွက်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပြန်လည်ထွန်းတောက်လာစေဖို့အတွက် မိမိတို့အနေနဲ့ လူ့သဘာဝရဲ့ ကောင်းမွန်သော စရိုက်လက္ခဏာများ ရှင်သန်လာစေရန် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်” ဟု ငြိမ်းချမ်းရေးကို ရှေးရှုသည့် သဘောတရားကို ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့သည် ငြိမ်းချမ်းရေးကင်းမဲ့မှုအကျိုးဆက်များကို ကြီးမားစွာခံစားခဲ့ရသည့် နိုင်ငံများဖြစ်သည့်အားလျော်စွာ ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးထားပြောကြားခဲ့သည်ကို တွေ့ရသည်။

 

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မဝိဟာရတရားတို့သည် လူ့ဘောင်လောက၏ ကောင်းမွန်သော စရိုက်လက္ခဏာများ ဖြစ်သည်။ ထိုစရိုက်လက္ခဏာများသည် ငြိမ်းချမ်းရေးကို ရှေးရှုသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ ထိုတရားလေးပါးသည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သည့် မိတ်ဖက်ပြုမှုတို့ကို ကာလ ဒေသမရွေး ဆောင်ကြဉ်းပေးနိုင်သည့် စံနှုန်းများဖြစ်သည်။ မည်သူမဆို လက်ခံနိုင်ပြီး အငြင်းပွားဖွယ်မရှိသော တစ်ကမ္ဘာလုံးနှင့် ဆီလျော်မှုရှိသည့် တန်ဖိုးထားမှုစံနှုန်းများပင် ဖြစ်သည်။

 

ယနေ့ကမ္ဘာကြီးတွင် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးထားမှု အဆိုပါစံနှုန်းများကို အလေးထားအသိအမှတ်ပြုမှု အားနည်းလာသည်ကို တွေ့ရသည်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ၊ သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများ၊ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှု၊ မတူကွဲပြားမှုအပေါ် လက်မခံမှု၊ မယုံကြည်မှု၊ အပြုသဘောမဆောင်မှု စသည်တို့ကို နေရာတိုင်းတွင် မြင်တွေ့နေကြရသည်။ ယင်းစရိုက်လက္ခဏာများသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တိုက်စားဖျက်ဆီးမှုများပင် ဖြစ်သည်။

 

တရားတော်အရ မကောင်းမှု၊ မတရားမှုတို့သည် ပိုမိုအားကြီး ကိုင်းညွတ်တတ်သည့် သဘောရှိသည့်အတိုင်း အင်အားနည်းသော နိုင်ငံငယ်များအား ဖေးမကူညီမှုမရှိဘဲ အင်အားကြီးနိုင်ငံများ၏ အလိုဆန္ဒအတိုင်း ကန့်သတ်မှုများ၊ ဖိအားပေးမှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့ဘောင်လောကတွင်လည်း ဗြဟ္မစိုရ်တရားများ ပါးလျားကာ အမုန်းတရားများသာ ဖုံးလွှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့သည် ပဋိပက္ခများ၊ စိန်ခေါ်မှုများ၏အကြောင်းတရားများပင် ဖြစ်သည်။

 

ယနေ့ကမ္ဘာတွင် အမုန်းတရားများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများ၊ ခြိမ်းခြောက်မှုများကို ကျော်လွှားလွန်မြောက်နိုင်ရန်အတွက် အပြန်အလှန် အမှီသဟဲပြုမှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို မလွဲမသွေတိုးမြှင့် ဆောင်ရွက်ကြရမည်သာ ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားကိုဖော်ထုတ်ရန်၊ ငြိမ်းချမ်းရေးနှင့် အကျိုးတူသာယာဝပြောရေးကို ရရှိနိုင်ရန်အတွက် နိုင်ငံအချင်းချင်း၊ အသိုက်အဝန်းအချင်းချင်း ကောင်းမြတ်သည့်တရားများ လက်ကိုင်ထားပြီး ထိတွေ့ဆက်ဆံကြမှသာ ငြိမ်းချမ်းမှုကို ရှေးရှုသည့် ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖော်ဆောင်နိုင်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ နီပေါနိုင်ငံတွင်ကျင်းပသည့် အာရှ-ပစိဖိတ်ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ အဆိုးသံသရာ စက်ဝန်းကို ဖောက်ထွက်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ပြန်လည်ထွန်းတောက်လာစေဖို့အတွက် လူ့သဘာဝ၏ကောင်းမွန်သော စရိုက်လက္ခဏာများဖြစ်သည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မ ဝိဟာရတရားများ တိုးပွားအောင်အားထုတ်ပြီး နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ လူ့အသိုင်းအဝိုင်းအချင်းချင်း၊ လူအချင်းချင်း သဟဇာတဖြစ်အောင် နေထိုင်ရင်းဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုသော ယဉ်ကျေးမှုကို ထူထောင်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ