ငြိမ်းချမ်းရေးအတွက် အလားအလာကောင်း

နေပြည်တော် ၂၀ စက်တင်ဘာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ တတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့စဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကျေနပ်အားရဖွယ်ကောင်းသော ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းအားထုတ်ကြရာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသည် အရေးကြီးဆုံး ကိစ္စဖြစ်သည်။ ထိုအရေးအတွက် အဓိကသက်ဆိုင်သူ NCA လက်မှတ်ထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကိုယ်တိုင် ဆွေးနွေးညှိနှိုင်း အဖြေရှာကြရာတွင် NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ရေး ကြိုးပမ်းအားထုတ်မှုများမှာ ငြိမ်းချမ်းရေး ခရီးအတွက် အလားအလာကောင်းများပင် ဖြစ်သည်။

အဆိုပါ တတိယအကြိမ် အစည်းအဝေးတွင် အချက်ငါးချက်ကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး ထိုအချက် ငါးချက်တွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဖြစ်ပေါ်နေသော တစ်ဆို့မှုများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ ခေါင်းဆောင်များအကြား အမြန်ဆုံးတွေ့ဆုံ၍ နိုင်ငံရေး သဘောတူညီချက်တစ်ခု ချမှတ်ရန် လိုအပ်နေကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံ၍ အနာဂတ် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ဘုံသဘောတူညီချက်နှင့် ရည်မှန်းချက်များကို NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားသော်လည်းကောင်း၊ NCA လက်မှတ် ရေးထိုးခြင်း မပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် သော်လည်းကောင်း ညှိနှိုင်းအဖြေရှာမည်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်သော ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အလားအလာ ကောင်းများပင် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာစေရန်အတွက် ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA လက်မှတ်ရေးထိုးထားသော ခေါင်းဆောင်များအကြား ဆွေးနွေးတင်ပြချက်များနှင့်လည်း ကိုက်ညီနေသည်ဖြစ်ရာ ပိုမိုနက်ရှိုင်းသည့် ကွာဟချက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ဖက်များမှ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များနှင့် ပိုမိုတိုးတက်ကောင်းမွန်သော ရလဒ်များပေါ်ထွက်လာအောင် ဆက်လက် ညှိနှိုင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ငြိမ်းချမ်းရေးအတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြမှုများသည် အားတက်ဖွယ်ရာများပင် ဖြစ်သည်။ သဘောထား ရပ်တည်ချက် မတူညီမှုများကို သူ့အမြင်၊ ကိုယ့်အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဘုံဆုံးဖြတ်ချက် ပေါ်ထွက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းသည် အလားအလာကောင်းသည့် ကောင်းမွန်သော လက္ခဏာများပင် ဖြစ်သည်။ မတူကွဲပြားမှုများကို လက်တွေ့ကျကျ လက်ခံနိုင်ခြင်းသည် ညီညွတ်ခြင်း၏ လက္ခဏာများ ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးတို့သည် အမိပြည်ထောင်စု နိုင်ငံတော်အတွင်းမှ မိသားစုဝင် တိုင်းရင်းသား အချင်းချင်းဖြစ်ကြပြီး ဤကဲ့သို့ပင် အားလုံးညီညွတ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ မျှော်မှန်းထားသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ပြည်သူများ မျှော်မှန်းထားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ကြိုးပမ်းအားထုတ်မှုများ လွယ်ကူချောမွေ့ အဆင်ပြေ လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

(ကြေးမုံ)