ငြိမ်းချမ်းခြင်း အသီးအပွင့်ဝေဆာ

၂၁ ဒီဇင်ဘာ

 

ကြေးမုံအယ်ဒီတာ့ အာဘော်

 

 

နိုင်ငံတော်အစိုးရ၏ တန်ဖိုးအထားဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခုမှာတစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အပေါ်အခြေခံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင် ဆက်လက်ဖော်ဆောင်ပေးရေး ဖြစ်သည်ကို သိရှိထားကြပြီးဖြစ်မည်။ ငြိမ်းချမ်းရေးအသီးအပွင့်များ တချို့တစ်ဝက်ရရှိထားပြီး အလုံးစုံဆက်လက်သီးပွင့်ဝေဆာစေရန် ကြိုးပမ်းဆောင်ရွက်နေသည်။

 

ရရှိထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးအသီးအပွင့်များ ဆက်လက်ရှင်သန်အောင်မြင်ပြီး ဖူးပွင့်ဝေဆာသော ပြည်ထောင်စုပန်းခင်းကြီးဖြစ်ထွန်းလာစေရန် ကြိုးပမ်းအားထုတ်ရာ၌ ဘိုးဘွားများ တည်ဆောက်ပေးခဲ့သည့်(၂၀)ရာစု ပင်လုံညီလာခံကြောင့် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့သည့် ရေခံမြေခံကောင်းဖြစ်ခဲ့သည်ကို မျက်မှောက်ကာလ ငြိမ်းချမ်းရေး အသီးအပွင့်ခံစားနေကြရသူများ သိရှိထားကြပြီးဖြစ်ပေလိမ့်မည်။မျက်မှောက်ကာလတွင် (၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကိုနှစ်ကြိမ်ကျင်းပနိုင်ခဲ့ပြီး တတိယအကြိမ်မြောက် ညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်သည်။ ငြိမ်းချမ်းရေးခရီးလမ်းသည် ခက်ခဲကြမ်းတမ်းပြီးလွယ်လွယ်ကူကူ ရရှိနိုင်သည့်အရာ မဟုတ်ချေ။ စိန်ခေါ်မှုများစွာလည်းရှိသည်။ နှောင့်ယှက်မှု မျိုးစုံလည်းရှိသည်။ ငြိမ်းချမ်းရေး၏ အဓိကလိုအပ်ချက်မှာ ယုံကြည်မှုကို တည်ဆောက်နိုင်သည့် စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။

 

(၂၀)ရာစုပင်လုံ ညီလာခံကျင်းပရခြင်းသည် လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသခြင်းပင်ဖြစ်သည်။ (၂၁)ရာစုပင်လုံ ညီလာခံ ကျင်းပရခြင်းသည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ (၂၀)ရာစုပင်လုံညီလာခံအောင်မြင်ပြီး လွတ်လပ်ရေး ရရှိရန်အတွက် ပင်လုံညီလာခံမတိုင်မီဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်များသည် တောင်တန်းနှင့် မြေပြန့်ရှိ တိုင်းရင်းသားများနှင့်ပြည်သူများအား တွေ့ဆုံဆွေးနွေးပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့သည်။တိုင်းရင်းသားခေါင်းဆောင်များနှင့် အကြိမ်ကြိမ်ဆွေးနွေး၍ အဖြေထုတ်နိုင်ခဲ့သည်။ ဗြိတိသျှအစိုးရနှင့်လည်းကောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်းကောင်း ညှိနှိုင်းအဖြေထုတ်နိုင်ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့အား တညီတညွတ်တည်း ထောက်ခံခဲ့သည့် ပြည်သူလူထု၏ တွန်းအားများကြောင့် ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သမိုင်းဝင်မည့် ပင်လုံစာချုပ်ကို တောင်တန်းမြေပြန့် မခွဲခြားဘဲ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 

(၂၁)ရာစုပင်လုံညီလာခံ အောင်မြင်ပြီး ငြိမ်းချမ်းရေးရရှိရန်အတွက်ညီလာခံမကျင်းပမီ တိုင်းရင်းသားခေါင်းဆောင်များနှင့် အကြိမ်ကြိမ်ဆွေးနွေးရသည်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တောင်တန်းမြေပြန့်အနှံ့သွားရောက်ပြီး ယုံကြည်မှုကို တည်ဆောက်ရသည်။ အားလုံးသဘောတူနိုင်မည့် အခြေခံမူများကို ရှာဖွေကြရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြိုဆိုကြောင်း၊ ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးကိုငံ့လင့်နေကြောင်း ပြည်သူ့သဘောထားများ၊ ပြည်သူ့ဆန္ဒများ၊ ပြည်သူလူထု၏ ထောက်ခံမှုတို့ကို ရယူကြရသည်။ယခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်စေရန်အတွက် ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အောင်မြင် ကောင်းမွန်သည့် ရလဒ်များ ထပ်မံရရှိရန်အတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က ကြိုးပမ်းဆောင်ရွက်သွားမည်ဟုသိရသည်။

 

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့သည် ၎င်းတို့၏ဒေသများအတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍကြီး ငါးရပ်ကို တတိယအကြိမ် အစည်းအဝေးတွင် တင်သွင်းဆွေးနွေးကြပြီး မိမိတို့၏ ဒေသ အကျိုးစီးပွားအတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများပေါ်ထွက်လာအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့များအနေဖြင့်ထိုအခွင့်အလမ်းကောင်းများကို မရရှိနိုင်သေးဘဲ မငြိမ်းချမ်းသည့် အသွင်ဆောင်နေသေးသည်။ နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ပေးထားပြီးဖြစ်၍ ပြည်ထောင်စုသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲရပ်တည်နိုင်ပြီး ငြိမ်းချမ်းရေးအသီးအပွင့်များကို မျှဝေခံစားနိုင်ရန် ပူးပေါင်းလက်တွဲ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါသည်။