ငွေတစ်ကျပ် လာဘ်စားရင်တောင် အဂတိလိုက်စားမှု မြောက်တယ်လို့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်ပြော

၂၃ ဇန်နဝါရီ

ငွေကြေး ဘယ်လောက် အတိုင်းအတာမှာ အဂတိ လိုက်စားမှုလို့ သတ်မှတ်တယ်ဆိုတာ မရှိဘူး။ တစ်ကျပ် ယူလည်း အဂတိ လိုက်စားတာ၊ တစ်သန်းယူလည်း အဂတိ လိုက်စားတာ ဖြစ်ပါတယ်၊ တစ်ကျပ်ယူတာ အသေးအဖွဲပါဆိုပြီး လက်ခံတာ၊ တစ်ထောင်ယူတာ၊ နှစ်ထောင်ယူတာ လခနည်းလို့ အရေးမကြီးပါဘူး၊ လခနည်းတာနဲ့ မဆိုင်ဘူး၊ သိက္ခာနဲ့ ဆိုင်တာ၊ အဂတိ လိုက်စားမှုတွေက ပမာဏများတာ၊ နည်းတာနဲ့မဆိုင်ဘူး၊ တာဝန်ကြီးတဲ့သူက ပိုသတိထားရမယ်၊ နမူနာပြဖို့ လိုတယ်။

တာဝန်ယူတဲ့ နိုင်ငံတော်အစိုးရ၊ တာဝန်ရှိတဲ့အစိုးရ ဝန်ထမ်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အားလုံးက ဒါကို ထိန်းမှရမယ်၊ အရေးကြီးတာ လူငယ်တွေပါ။ လူငယ်ဆိုတာ အားလုံးက ရိုးသားတယ်၊ ရိုးတဲ့လူငယ်တွေက လုံးဝမရိုးသားတာကို လက်မခံရင် အောင်မြင်မယ်။ အဂတိလိုက်စားမှုကို ညှာနေလို့ မရဘူး၊ သေးတာ ကြီးတာမဟုတ်ဘူး။ တကယ့်ကို ကိုင်တွယ်နိုင်ရင်တော့ ပျောက်သွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အားလုံးနဲ့ ဆိုင်တယ်၊ အစိုးရနဲ့လည်း မဟုတ်ဘူး၊ ပုဂ္ဂလိက လုပ်ငန်းရှင် တွေနဲ့လည်း မဟုတ်ဘူး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေတင် မဟုတ်ဘဲ တစ်ဦးချင်း၊ တစ်ယောက်ချင်းက တာဝန်ယူနိုင်ရင် ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လူ့အဖွဲ့အစည်း တစ်ခုမှာ အပိုင်းသုံးပိုင်း ရှိတယ်။ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုလို့ပြောတဲ့အခါ ဒီသုံးရပ်စလုံးက အဂတိလိုက်စားမှုကို ရှောင်ဖို့လိုပါတယ်။

“အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” (Promote Integrity to Counter Corruption) ခေါင်းစဉ်ဖြင့် အရပ်ဖက် အဖွဲ့အစည်းများရဲ့ စာတမ်းဖတ် ဆွေးနွေးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နဲ့ UNODC တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ Park Royal တွင် ၂ ရက်တာ (ဇန်နဝါရီလ ၂၂ -၂၃) ဆွေးနွေးပွဲမှာ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ပြောကြားချက်များမှ သတင်းကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

MDN