ငွေရတုချိန်ခါ ရှေးဟောင်းသုတေသနပညာ

၂၆ ဇူလိုင်

 


မြန်မာနိုင်ငံ၌ ရှေးဟောင်းသုတေသနပညာရပ်ကို စတင်ထူထောင်လာခဲ့သည်မှာ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ကဆိုလျှင် ငွေရတုချိန်ခါ ၂၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ဤပညာရပ်ကို သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက  လုပ်ဖော်ကိုင်ဖက်  ဆရာကြီး  ဆရာမကြီးများ၏  အကူအညီရယူကာ  ပညာရေးဝန်ကြီးဌာန၏  ခွင့်ပြုချက်ဖြင့်  ၁၉၉၄  ခုနှစ်တွင်  စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယခင်က  မြန်မာတက္ကသိုလ်များ၌  ရှေးဟောင်းသုတေသနပညာဘာသာရပ်ကို  သင်ကြားခဲ့ခြင်း  မရှိခဲ့ပေ။  ရှေးဟောင်းအမွေအနှစ်ပေါများသည့်  မြန်မာနိုင်ငံ၏  အခြေအနေက  အမွေအနှစ်ကို ချစ်မြတ်နိုးသည့် ဆရာကြီးအား ရှေးဟောင်းသုတေသနပညာဘာသာရပ် ထူထောင်ရန်အတွက် အားပေးလှုံ့ဆော်ခဲ့ဟန် ရှိပါသည်။

 

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် အိန္ဒိယ၊ တရုတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများအကြားတွင် တည်ရှိသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသည် အာရှတွင် ယဉ်ကျေးမှု၏   ဆုံချက်နေရာတွင် တည်ရှိသည်ဟုလည်း ယူဆနိုင်သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၌ ယဉ်ကျေးမှု အမွေအနှစ်များကို သမိုင်းမတိုင်မီ ခေတ်မှစ၍ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊  ပင်းယခေတ်၊  တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်များတိုင်အောင် ပေါများစွာတွေ့ရှိရခြင်းဖြစ်သည်။ မိမိတို့၏ ဘိုးဘွား များထားရစ်ခဲ့သော  တန်ဖိုးထားတတ်လျှင်  တန်ဖိုးကြီးမားသည့် အမွေအနှစ်များကို လက်ရှိမျိုးဆက်သစ်များအနေဖြင့် လက်ဆင့်ကမ်း ဆက်လက်ဖော်ထုတ် ထိန်းသိမ်းရန် တာဝန်ရှိပေသည်။ မိမိတို့၏ ဘိုးဘွားအမွေအနှစ်တို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ လက္ခဏာပြယုဂ်တစ်ခုဖြစ်သည်။   ထိုကဲ့သို့   တန်ဖိုးရှိသည့် ရှေးဟောင်းအမွေအနှစ်များကို နည်းလမ်းတကျ မှန်ကန်စွာ ဖော်ထုတ်ထိန်းသိမ်းရန် ဆိုသည်မှာလည်း ပညာကို အခြေခံ သည့်  အသိပညာရှင်၊  အတတ်ပညာရှင်များ မွေးထုတ်ရန် လိုအပ်ပေသည်။ ဤသို့ဖြင့် ရှေးဟောင်းသုတေသနပညာသည် မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ဘာသာရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။

 

ရှေးဟောင်းသုတေသနပညာရပ် စတင်တည်ထောင်ဖွင့်လှစ်

 

ရှေးဟောင်းသုတေသနပညာရပ်ကို ၁၉၉၄ ခုနှစ် ဇူလိုင် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ထူထောင်ဖွင့်လှစ်ခဲ့သည်။ ထိုနှစ်တွင် ဘွဲ့ကြိုတန်းနှင့်ဒီပလိုမာတန်းများကို တစ်ချိန်တည်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။    ဌာနမှူးအဖြစ်   ဆရာကြီး ဦးစံငြိမ်းက  တာဝန်ယူခဲ့သည်။     တက္ကသိုလ်များ လှိုင်နယ်မြေတွင်လည်း    ဌာနခွဲတစ်ခု   ဖွင့်လှစ်ခဲ့ပြီး   ဌာနခွဲမှူးအဖြစ် ဆရာကြီးဦးစံဝင်းက   တာဝန်ယူခဲ့သည်။   ပါမောက္ခတစ်ဦး၊ ကထိကနှစ်ဦး၊ လက်ထောက်ကထိက နှစ်ဦးဖြင့် ဌာနသင်ကြားရေးကို စတင်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်း ကလည်း Prehistory ဘာသာရပ်ကို  ကိုယ်တိုင်သင်ကြားပေး ခဲ့သည်။ ဘွဲ့ ကြိုတန်းများကို လှိုင်နယ်မြေတွင်လည်းကောင်း၊ ဒီပလိုမာသင်တန်းများကို  ရန်ကုန်တက္ကသိုလ်တွင်  လည်း ကောင်း သင်ကြားပေးခဲ့သည်။ ဘွဲ့ကြိုတန်းကျောင်းသားများသည် ပထမနှစ်နှင့် ဒုတိယနှစ်တွင် လှိုင်နယ်မြေ၌လည်းကောင်း၊ တတိယနှစ်မှ နောက်ဆုံးနှစ်အထိတွင် ရန်ကုန်တက္ကသိုလ်၌ လည်းကောင်း တက်ရောက်သင်ကြားကြရသည်။

 

ထိုစဉ်က စာရေးသူသည် ရှေးဟောင်းသုတေသနပညာ ဘွဲ့ကြိုတန်းတွင် ပထမအသုတ် ကျောင်းသားအဖြစ် တက်ရောက်   ပညာသင်ကြားခွင့်   ရရှိခဲ့သည်။ အနယ်နယ် အရပ်ရပ်မှ  စုစုပေါင်း တက်ရောက်သင်ကြားသူ ၂၃ ယောက်ရှိသည်။ ကျောင်းသားဦးရေနည်းသော်လည်း မြန်မာပြည်အနှံ့အပြားမှ တက်ရောက်လာသူများဖြစ်ကြပြီး ရှမ်း၊ ကချင်၊ ဗမာ၊  မွန်၊  ရခိုင်  စသည့်  တိုင်းရင်းသားပေါင်းစုံ ပါရှိသည်။ ရှေးဟောင်းသုတေသနပညာရပ်အတွက်  ပထမဆုံးဘွဲ့ကို ၁၉၉၈ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

 

မိမိတို့ ဘိုးဘွားများ ထားရစ်ခဲ့သော  ယဉ်ကျေးမှုအမွေအနှစ်များအပေါ်  တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် တတ်သော၊ ယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံ၍တိုးတက်သော    လူ့အဖွဲ့အစည်းကို      ထူထောင်ရန်မှာ  ရှေးဟောင်း သုတေသနပညာဘာသာရပ်၏ အဓိကရည်မှန်းချက်ဖြစ်သည်။ ထိုရည်မှန်းချက်ကို    အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက်  အဓိကလုပ်ဆောင်ရမည့်        အခြေခံကျသည့် အကြောင်းအရာ သုံးချက်ရှိသည်။ ၎င်းတို့မှာ-

 

(၁)အများပြည်သူတို့၏ အသိစိတ်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့နှင့်  ပတ်သက်သည့် အသိပညာတိုးပွားလာအောင် ဆောင်ရွက်ရန်။


(၂)ယဉ်ကျေးမှုအမွေအနှစ်  ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ        ထိရောက်စွာ      ပြုလုပ်နိုင်ရေး အတွက် မျိုးဆက်သစ်လူငယ်များအား အသိပညာကြွယ်ဝလာအောင် ပြုစုပျိုးထောင်ပေးရန် နှင့်


(၃)ရှေးဟောင်းယဉ်ကျေးမှု        အမွေအနှစ်များကို အခြေခံသည့် ခရီးသွားလုပ်ငန်း တိုးတက်မြင့်မားအောင်  တစ်ဖက်တစ်လမ်းမှ  ကူညီဆောင်ရွက်ရန် တို့ဖြစ်သည်။

 

စာတွေ့ရော လက်တွေ့ပါ သင်ယူရမည့်ဘာသာရပ်


ရှေးဟောင်းသုတေသနပညာသည် စာတွေ့သာမက လက်တွေ့ပါ လေ့ကျင့်သင်ကြားပေးရသည့် ဘာသာရပ်ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနပညာ  သင်ရိုးòန်းတမ်းတွင် ကွင်းဆင်းလေ့လာမှုကို    ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းရေးဆွဲထားသည်။ ကွင်းဆင်းလေ့လာမှုကို ဒုတိယနှစ်စာမေးပွဲ ဖြေဆိုပြီးသည့် အချိန်မှစ၍ နှစ်စဉ်ပြုလုပ်ရသည်။ တက္ကသိုလ်အသီးသီးရှိ ရှေးဟောင်းသုတေသနပညာဌာနများအနေဖြင့် ကွင်းဆင်းလေ့လာမှု အများဆုံးပြုလုပ်သည့် ရှေးဟောင်းနေရာ များမှာ မိုးကြိုးပြင်၊  ချင်တောင်မကုန်း၊ နွယ်ခွေ၊ ငသျှန်၊ လက်ပံခြေပေါ်၊ တောင်သမာန်၊  ညောင်ကန်၊  ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမော (ပင်လယ်)၊ တကောင်း၊ ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းများ ဖြစ်ပါသည်။

 

တစ်နည်းအားဖြင့်  သမိုင်းမတင်မီခေတ်၊  အကြိုသမိုင်း ာလနှင့် သမိုင်းတင်ခေတ်ကာလတစ်လျှောက်ရှိ   ရှေးဟောင်း နေရာဒေသများကို ခေတ်ကာလစုံလင်အောင် လေ့လာကြခြင်း ဖြစ်သည်။    ကွင်းဆင်းလေ့လာမှု၏  အရေးကြီးသည့်  လုပ်ငန်းတစ်ခုဖြစ်သည့်   ရှေးဟောင်းသုတေသနဆိုင်ရာ   လက်တွေ့တူးဖော်မှုကို စာရေးသူတို့  ဒုတိယနှစ် ပညာသင်ကာလ ၁၉၉၄  အပြီးတွင် ပြုလုပ်နိုင်ခဲ့သည်။ ထိုစဉ်က ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာနမှ  ဥပါလိသိမ်အနီးရှိ  အုတ်ကုန်းဟောင်းကို  တူးဖော်လျက်ရှိရာ ဦးစီးဌာနနှင့် ညှိနှိုင်းကာ ကျောင်းသား ကျောင်းသူများ လက်တွေ့တူးဖော်မှုတွင်  ပါဝင်ဆောင်ရွက်ခွင့်        ရခဲ့သည်။ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုကို စာတွေ့သာမက လက်တွေ့ပါ   လေ့လာသင်ကြားခွင့်ရသည့်အတွက်   တူးဖော်မှုနှင့် ပတ်သက်၍    ပိုမိုသိရှိနားလည်ခွင့်   ရရှိခဲ့ပါသည်။

 

အချို့ကွင်းဆင်း ခရီးစဉ်များတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ    တူးဖော်ရေးကျွမ်းကျင်သူများအနေဖြင့် တူးဖော်မှုနှင့် ပတ်သက်သည့်    ကိရိယာတန်ဆာပလာများ အသုံးပြုပုံ၊ အကွက်ချပုံများကို  သင်ကြားပြသပေးသော်လည်း လက်တွေ့တူးဖော်မှုကိုမူ     မဆောင်ရွက်နိုင်ခဲ့ပေ။ လေ့လာ သင်ကြားအပ်သည့်   ပညာရပ်တစ်ခုကို   ပြုလုပ်ခွင့်မရသည်မှာ မျိုးဆက်သစ်  ကျောင်းသား ကျောင်းသူများအတွက်  ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဖြစ်သည်။  ဤကိစ္စရပ်အတွက်  ပညာရေးဝန်ကြီးဌာနနှင့်   သာသနာရေးနှင့်     ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်သွားလျှင်  တန်ဖိုးမဖြတ်နိုင်သည့်  ရလဒ် ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ရပါသည်။

 

ရှေးဟောင်းသုတေသနပညာရပ်ကို  စိတ်ဝင်စားသူများပြားလာသည့်အတွက် ၁၉၉၈ တွင် ဒဂုံတက္ကသိုလ်၌ လည်းကောင်း၊ ၂၀ဝ၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်နှင့်   ရတနာပုံတက္ကသိုလ်များ၌လည်းကောင်း ဌာနအသစ်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက တိုးချဲ့ ဖွင့်လှစ်ခဲ့သည့် ဌာနများအတွက် ၂၀ဝ၂  ခုနှစ်တွင်  ရှေးဟောင်းသုတေသနပညာရပ်ဖြင့်  မဟာဝိဇ္ဇာဘွဲ့ရရှိပြီးသူ (သို့) တက်ရောက်နေသူ ၃၂ ဦးကို နည်းပြများ အဖြစ်ခန့်အပ်ခဲ့သည်။  ယခုအခါ  ရန်ကုန်တက္ကသိုလ်၊  မန္တလေးတက္ကသိုလ်၊    ဒဂုံတက္ကသိုလ်နှင့်        ရတနာပုံတက္ကသိုလ်များရှိ ရှေးဟောင်းသုတေသနပညာဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမ စုစုပေါင်း ၉၃ ယောက်ရှိပြီး တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူပေါင်း၂၀ဝ၀ နီးပါးခန့်ရှိသည်။ ရှေးဟောင်းသုတေသန ပညာဘာသာရပ်  သက်တမ်းကြီးရင့် လာသည်နှင့်အမျှ ဆရာ  ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏    အရေအတွက်လည်း တိုးတက်များပြားလာသည်။

 

ထို့ကြောင့် ယခုအချိန်တွင် ရှေးဟောင်းသုတေသန ပညာရပ်ကို သင်ကြားတတ်မြောက်ပြီးသူ အရေအတွက်အားဖြင့် အတော်ပင်များပြားနေပြီဖြစ်ရာ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အသိပညာသည် လူထုအတွင်းသို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဟု ယူဆရသည်။ ရန်ကုန်တက္ကသိုလ်တွင် ရှေးဟောင်းသုတေသနပညာရပ်အတွက် ပါရဂူဘွဲ့ကို  ၂၀ဝ၈  ခုနှစ်မှစ၍  ပေးအပ်ချီးမြှင့်ခဲ့သည်။  ပါရဂူ ကျမ်းများ၏  သုတေသနရလဒ်များအရ  အချို့သော  တိမ်မြုပ် နေသည့်  မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ  အချက်အလက်များကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ယခုအခါ ပါရဂူဘွဲ့ရရှိသူစုစုပေါင်း ၃၅ ဦးရှိပြီဖြစ်သည်။ အချို့သော  ပါရဂူဘွဲ့ရရှိပြီးသူများမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာမှ ပါရဂူဘွဲ့ရရှိသူတစ်ဦး၊ မဟာဘွဲ့ ရရှိသူနှစ်ဦး၊ ဒီပလိုမာဘွဲ့ရရှိသူ နှစ်ဦးတို့မှာလည်း   တက္ကသိုလ်အသီးသီးရှိ ရှေးဟောင်းသုတေသန ပညာဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

၁၉၉၈ ခုနှစ်သည် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ရမည့် နှစ်တစ်နှစ်ဖြစ်ပေသည်။ မြန်မာ့သမိုင်းကို ကိုလိုနီခေတ် မတိုင်မီကပင် နိုင်ငံခြားသားပညာရှင်များက လေ့လာမှတ်တမ်းတင်ခဲ့ကြသည်။ ပုံတောင်ဒေသမှ လူသားမျိုးနွယ်များအကြောင်းကို ၁၉၂၀ တွင် အိန္ဒိယနိုင်ငံ ဘူမိဗေဒအဖွဲ့မှ ဂျီဒီပီကော့တာ (G.de P Cotter)က လည်းကောင်း၊   ၁၉၂၃ ခုနှစ်တွင် ဒေါက်တာ ဘာနမ်ဘရောင်း (Dr. Barnum Brown) ကလည်းကောင်း လေ့လာခဲ့ကြသည်။ ထို့အပြင် S. W. Cocks က “A Short History of Burma” စာအုပ်ကိုလည်းကောင်း၊ J. S. Furnivall က “ The Foundation of Bagan”  စာတမ်း ကိုလည်းကောင်း၊ R. Grant Brown u “TheOrigin of the Burmese စာတမ်းကိုလည်းကောင်း ရေးသားခဲ့ကြသည်။ နောက်ပိုင်းကာလ   မြန်မာ့သမိုင်းလေ့လာမှုတွင်  ဒေသခံ မြန်မာ တိုင်းရင်းသားများပါ ပါဝင်လာခဲ့သည်။  ဦးမေအောင်၊ ဦးဖေမောင်တင်၊  ဦးဖိုးလတ်၊ ဗိုလ်မှူးဘရှင်၊    ဦးရည်စိန်၊ ဒေါက်တာ  သန်းထွန်း၊ ဦးအောင်သော်၊  ဦးမြင့်အောင်၊ ဦးအောင်မြင့်၊ ဦးစိန်မောင်ဦး၊ ဦးညွန့်ဟန်တို့သည် ထင်ရှား သည့်  မြန်မာ့ရှေးဟောင်းသမိုင်း လေ့လာသူများ  ဖြစ်ကြသည်။ အစောပိုင်းကာလ လေ့လာမှုအရ    ပညာရှင်များသည် မြန်မာနိုင်ငံ၌  ကြေးခေတ်ယဉ်ကျေးမှု  ထွန်းကားမှု  မရှိခဲ့ကြောင်းကို  တညီတညွတ်တည်း  လက်ခံခဲ့ကြသည်။

 

မြန်မာ့သမိုင်းကွင်းဆက်ကို ချိတ်ဆက်ပေးနိုင်ခဲ့

 

၁၉၉၈ ခုနှစ်တွင် မြန်မာ့သမိုင်းအတွက် အရေးကြီးသည့် သတင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့သည်။ ထိုသတင်းမှာ အထက် မြန်မာပြည် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်း ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာအနီးတွင် ကြေးခေတ်နှင့် ပတ်သက်သည့် အထောက်အထားများ ရှာဖွေတွေ့ရှိသည့် သတင်းဖြစ်သည်။   ညောင်ကန်ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ  အထောက်အထားများ    လေ့လာရေးအဖွဲ့ကို    စစ်မဟာဗျူဟာရုံးမှ   တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနမှ ကျွမ်းကျင်သူပညာရှင်များ၊ ပညာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်ဘာသာရပ်ဌာနများမှ   ပညာရှင်များဖြင့်  ဖွဲ့စည်းခဲ့သည်။  တက္ကသိုလ်ပညာရှင်များအဖွဲ့တွင် ရန်ကုန်တက္ကသိုလ်၊    ရှေးဟောင်းသုတေသနပညာဌာနမှ ပါမောက္ခဦးစံငြိမ်း၊ ကထိက ဦးလှထွန်းဖြူနှင့် လက်ထောက် ကထိက  ဒေါက်တာ သာထွန်းမောင်တို့က  အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

 

ထို့နောက် ညောင်ကန်ရှေးဟောင်းနေရာ တူးဖော်မှုများ ကို  ၃၁-၁-၁၉၉၈  မှစ၍  တစ်လခွဲကျော်  ပြုလုပ်ခဲ့သည်။ တူးဖော်တွေ့ရှိချက်များကို  အခြေခံ၍    ၇-၁-၁၉၉၉    ရက်နေ့တွင်  ရန်ကုန်မြို့၌ Bronze Age Culture in Myanmar” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ ပညာရှင်များပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။  ထိုဆွေးနွေးပွဲတွင် ရှေးဟောင်းသုတေသနပညာဌာနမှ ပညာရှင်များက မိမိတို့ သုတေသနရလဒ်များကို တင်ပြဆွေးနွေးနိုင်ခဲ့သည်။ ထိုပညာ ရပ်ဆိုင်ရာဆွေးနွေးပွဲ ရလဒ်အဖြစ် နိုင်ငံတကာမှ ပညာရှင်အများစုက  မြန်မာနိုင်ငံတွင်  ကြေးခေတ်ယဉ်ကျေးမှုသည် ဘီစီ ၁၅၀ဝ မှ ၁၀ဝ၀ အတွင်း  ထွန်းကားခဲ့ကြောင်း လက်ခံ အတည်ပြုခဲ့ကြသည်။  ဤသို့ဖြင့်  ရှေးဟောင်းသုတေသန ပညာဌာနမှ ပညာရှင်များသည် ပြည်တွင်း ပြည်ပ ပညာရှင်များနှင့်အတူ ပျောက်ဆုံးနေသော မြန်မာ့သမိုင်းကွင်းဆက်ကို ပြန်လည်ဖော်ထုတ် ချိတ်ဆက်ပေးနိုင်ခဲ့သည်။

 

ဤကဲ့သို့ နိုင်ငံတော်၏သမိုင်းကြောင်းနှင့် ပတ်သက်၍ တစ်ဖက်တစ်လမ်းမှ ဖော်ထုတ်ပေးနိုင်ခဲ့သော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ  ကာကွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ   လုပ်ဆောင် နိုင်ခဲ့သော၊ ရှေးဟောင်းအမွေအနှစ်များအပေါ် တန်ဖိုးထားတတ်သည့်  မျိုးဆက်သစ်များ      မွေးထုတ်ပေးနိုင်ခဲ့သော ရှေးဟောင်းသုတေသနပညာရပ်ကို   ထူထောင်ခဲ့သည်မှာ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က  ၂၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

ငွေရတုအခမ်းအနား ကျင်းပမည်

 

ထို့ကြောင့် ရှေးဟောင်း သုတေသနပညာရပ်ထူထောင်ခြင်း ငွေရတုအခမ်းအနားကို ဇူလိုင်လ၂၈၊၂၉ ရက်များတွင် ခမ်းနားစွာ ကျင်းပနိုင်ရန်အတွက် ကြိုတင်စီစဉ်မှုများ ပြုလုပ်လျက်ရှိသည်။ ငွေရတုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရန်ကုန်တက္ကသိုလ်      ရှေဟောင်းသုတေသနပညာဌာန၌ ကျင်းပလျက်ရှိရာ အငြိမ်းစားဆရာ ဆရာမကြီးများ၊ ကျောင်း သားဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများက တက်ကြွစွာ ပါဝင်ဆွေးနွေးလျက်ရှိသည်။

 

သုတေသနစာတမ်းများ ဖတ်ကြားရေးကို  ငွေရတုအခမ်းအနားတွင်  အစီအစဉ်တစ်ခုအဖြစ်  ထည့်သွင်းထားသည်။ မည်သူမဆို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ပတ်သက်သည့် စာတမ်းများ တင်သွင်းနိုင်ပြီး ရွေးချယ်ခြင်းခံရပါက ငွေရတု အခမ်းအနားတွင်  တက်ရောက်ဖတ်ကြားနိုင်ကြောင်းနှင့် နောက်ပိုင်းတွင် ပုံနှိပ်ထုတ်ဝေရန် ဆက်လက်စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ငွေရတုအခမ်းအနား၏ နောက်ဆုံး အစီအစဉ်မှာ  မိတ်ဆုံညစာစားပွဲ  ကျင်းပမည့် အစီအစဉ်ဖြစ်သည်။ မြန်မာပြည်တစ်ဝန်းမှ ဘာသာရပ်တူ မောင်နှမများ တွေ့ဆုံရင်းနှီးခွင့်ရမည့် အစီအစဉ်လည်း ဖြစ်သည်။ သို့ပါ၍ ကြုံတောင့်ကြုံခဲသည့်    ရှေးဟောင်းသုတေသနပညာရပ် ထူထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကို ဘာသာရပ်ကို ချစ်မြတ်နိုးသူတိုင်း ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြပါရန် သတိတရ တိုက်တွန်းအပ်ပါသည်။        ။

 

ဒေါက်တာ ကျော်မျိုးဆက် (ရှေး/သု ပညာ)