ငွေကြေးဖောင်းပွမှုနဲ့ စားသုံးသူရဲ့ အတွေးအမြင်ကြားပိတ်မိနေတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ

ထွန်းကျော်

လောင်စာဆီဈေးနှုန်းတွေ၊ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်လာသလို တခြားအကြောင်းတွေကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အရင်ကထက် ပိုမိုကြီးမားတဲ့ ငွေကြေးဖောင်းပွမှု ဖိအားများနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ဖက်မှာ ငွေကြေးဖောင်းပွမှုဖိအားတွေနဲ့ ရင်ဆိုင်နေရသလို တခြားတစ်ဖက်မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ ငွေကြေးဖောင်းပွမှုနဲ့ လုပ်ခလစာ လျင်မြန်စွာတိုးတက်လာမှုကြောင့် ဖြစ်ပေါ်လာတဲ့ စားသုံးသူရဲ့ အတွေးအမြင် စိတ်နေစိတ်ထားပြောင်းလဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

ချောက်ကမ်းပါးကို တွန်းပို့နေ 

ထို့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကိုလည်း ခေါင်းမာမာနဲ့ တွန်းလှန်နေကြပါတယ်။ ဘယ်လိုပဲတွန်းလှန်နေစေကာမူ ဒါတွေဟာ ဂျပန်နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ချောက်ကမ်းပါးကို တွန်းပို့ နေသလိုဖြစ်နေပါတယ်။ 
ဂျပန်နိုင်ငံသုံး ယန်းတန်ဖိုးငွေ ကျဆင်းခြင်းနဲ့ ကမ္ဘာ့လောင်စာဆီအကျပ် အတည်းတွေကြောင့် ဒီဇင်ဘာလအထိ တစ်နှစ်ပြီးတစ်နှစ် ကုန်ဈေးနှုန်းတွေ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဂျပန်နိုင်ငံရဲ့စားသုံးသူအညွှန်းကိန်းက ဖော်ပြခဲ့ပါတယ်။ 

ပဲတင်သွင်းဈေးကများ 

ဟာယာရှီ ရှိုဂျီဟာ မိုယာရှီလို့ခေါ်တဲ့ ပဲတီပင်ပေါက်ရောင်းတဲ့ ကုမ္ပဏီကိုတည်ထောင်ထားပါတယ်။ ပဲတီပင်ပေါက် ဟာ ဂျပန်အိမ်ရှင်မတွေရဲ့ ဟင်းချက်တဲ့အခါသုံးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ပဲတီပင်ပေါက်ဟာ လူတိုင်းဝယ်ယူနိုင်တဲ့ ဈေးနှုန်းဖြစ်ပြီး ၂၀၀ ဂရမ်ကို ၂၅ စင့်ဖြစ်ပါတယ်။ 

လက်လီရောင်းချသူတွေက အိတ်တစ်လုံးကို ၁ ရာခိုင်နှုန်းလောက် ဈေးတက်တာဟာ ဖြစ်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။ သို့သော်လည်း အိတ်တစ်လုံးကို လေးဆင့်လောက် ဈေးတက်တာကတော့ များလွန်းတယ်လို့ ပြောပါတယ်။ 
ပဲတီပင်ပေါက်တွေဟာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်ကတည်းက ဈေးကောင်းမရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဲတင်သွင်းဈေးတွေကတော့ သုံးဆလောက်မြင့်တက်ခဲ့ပါတယ်။ ပဲတွေကို အများဆုံး တရုတ်ကတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

သွင်းကုန်တွေပိုပြီးဈေးကြီး 

တရုတ်နိုင်ငံရဲ့ စီးပွားရေးချဲ့ထွင်လာမှုကြောင့် ပဲဈေးတွေလည်း မြင့်တက်လာပါတယ်။ တရုတ်နိုင်ငံမှာ လယ်သမားတွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေ တိုးမြှင့်စိုက်ပျိုးဖို့ တိုက်တွန်းထားပြီး ပဲတီပင်ပေါက်ဖောက်တဲ့ပဲတွေ ‌လျှော့စိုက်ဖို့ ပြောကြားထားပါတယ်။ 

လွန်ခဲ့တဲ့နှစ်က ဂျပန်နိုင်ငံသုံး ယန်းငွေဈေးတွေ ထိုးကျခဲ့တဲ့အတွက်ကြောင့် သွင်းကုန်တွေ ပိုပြီးဈေးကြီးခဲ့ ပါတယ်။ အကယ်၍ မိမိတို့တွေ ဈေးနှုန်းကိုသာ အာရုံစိုက်မယ်ဆိုရင် ပဲတီပင်ပေါက်ဖောက်တဲ့ပဲတွေကို တခြားကမ္ဘာ့ နိုင်ငံတွေက ဝယ်သင့်တယ်၊ ဒါပေမယ့်လည်း တရုတ်ပဲတွေကိုပဲ မိမိတို့က ကြိုက်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရည်အသွေးကောင်းတဲ့ ပဲတီပင်ပေါက် တွေဖောက်နိုင်လို့ဆိုပြီး ဟာယာရှီက ပြောပါတယ်။ 

နောက်ထပ်ရှုပ်ထွေးမှုတစ်ခု 

ဓာတ်အားဈေးနှုန်းတွေ မြင့်တက်လာတာကလည်း နောက်ထပ်ရှုပ်ထွေးမှု တစ်ခုပဲဖြစ်ပါတယ်။ ပဲတီပင်ပေါက် ဖောက်တဲ့အခါ သတ်မှတ်တဲ့အပူချိန်ပေးဖို့လိုအပ်ပါတယ်။ ကုမ္ပဏီရဲ့ မီတာခက နှစ်ဆလောက်တက်ခဲ့တယ်။ လောင်စာဆီကလည်း လွန်ခဲ့တဲ့နှစ်ကတည်းက တစ်နှစ်ပြီးတစ်နှစ် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ 

ဒါကြောင့်မို့ ပဲတီပင်ပေါက်တွေကို ဈေးတက်ရောင်းဖို့ လက်လီဈေးသည်တွေက တောင်းဆိုနေကြပါတယ်။ ဈေး နည်းနည်းနဲ့ရောင်းရင် မိမိတို့တွေ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ လက်လီဈေးသည်တွေကို ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အခုချိန်ထိတော့ ကိုယ်လိုချင်တဲ့ဈေးနဲ့ ရောင်းလို့မရသေးပါဘူး။ ကုန်ကျစရိတ်တွေကို ကာမိဖို့ ဆိုရင် ၂၀ ရာခိုင်နှုန်းလောက် ဈေးတက်မှရမယ်။ အခုချိန်ထိတော့ ထက်ဝက်လောက်ပဲရသေးတယ်လို့ ဟာယာရှီက ပြောပါတယ်။

အကြိတ်အနယ်ကြိုးစားနေရ


ဈေးဝယ်ကုန်တိုက် (စူပါမားကတ်)တွေလည်း လုပ်ငန်းလည်ပတ်ရပ်တည်နိုင်ရေး အကြိတ်အနယ်ကြိုးစားလျက်ရှိ ပါတယ်။ အကီဘာ ဟီရိုမီချီကတိုကျိုမှာ ဆိုင်တော်တော်များများ စီမံခန့်ခွဲလျက် ရှိပါတယ်။ ဈေးနှုန်းမြှင့်ဖို့ ပေးသွင်းသူတွေရဲ့ မရေမတွက်နိုင်တဲ့ တောင်းဆိုမှုတွေကို ရရှိခဲ့တယ်လို့ အကီဘာက ပြောပါတယ်။ သို့သော်လည်း သူ့အနေနဲ့ အခုလိုတစ်ခါမှ မလုပ်ဖူးကြောင်းနဲ့ တောင်းဆိုလိုက်တဲ့ ဈေးနှုန်းကို မြှင့်ပေး လိုက်တာနဲ့ ရောင်းချရမယ့်ကုန်ပစ္စည်း အရေအတွက်ပေါ် တိုက်ရိုက်အကျိုး သက်ရောက်နိုင်တယ်လို့ သူက ပြောပါတယ်။ 

မြင့်လာတဲ့ ကုန်ကျစရိတ်တွေကို ဖောက်သည်တွေအပေါ်ပုံချဖို့ အကီဘာ တစ်ယောက် တွန့်ဆုတ်လျက်ရှိပါ တယ်။ သူ့ရဲ့ဆိုင်တွေမှာ နို့ဈေးကိုသာ တက်ထားသော်လည်း ဒါကလည်း အမြတ်နည်းနည်းလေးပဲ ယူထားတယ် လို့ သူကပြောပါတယ်။ တချို့ပစ္စည်းတွေကို အမှန်တကယ်ကုန်ကျတဲ့စရိတ်ထက် လျှော့ပြီးရောင်းခဲ့တာပါလို့ သူက ပြောပါတယ်။ 

လက်ကားဈေးတက်ရင် လက်လီဈေးတက်သင့်တယ်ဆိုပြီး အစိုးရက ထင်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ဈေးဝယ်သူနဲ့ တိုက်ရိုက်ထိတွေ့ ရတဲ့အခါ ဒါက ထင်သလောက်မလွယ်ဘူးလို့လည်း သူက ပြောပါတယ်။ 

လုပ်ခလစာတိုးပေးဖို့တိုက်တွန်း 

ဂျပန်အစိုးရက ကုမ္ပဏီတွေကို အလုပ်သမားတွေအတွက် လုပ်ခလစာတိုးပေးဖို့ တိုက်တွန်းထားပါတယ်။ လုပ်ခလစာကို တင်းကျပ်စွာချုပ်ကိုင် လိုက်ခြင်းဖြင့် ကော်ပိုရိတ်အကျိုးအမြတ်ကို ရရှိစေမယ်ဆိုတဲ့ မှန်ကန်တဲ့ အတွေးအခေါ်ကို ပြောင်းလဲပေးဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း လုပ်ခလစာတိုးလာတဲ့အတွက် ငွေကြေးဖောင်းပွတဲ့ဘက်မှာ အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ ပြောမရသေးပါဘူး။ ။

ကိုးကား - အင်န်အိတ်ချ်ကေ