ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပပြုလုပ်သည်။ 
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။    
ဦးစွာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ဒသမအကြိမ် တိုးတက်မှု အစီရင်ခံစာနှင့်ပတ်သက်သည့် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးသို့ တက်ရောက်ပြီး ရလဒ်ကောင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရန်ကျန်ရှိနေသည့်အစီအမံ (Action Plan) အချက်များ အနက် တစ်ချက်ဖြစ်သည့် လက်ငင်းရလဒ် ၃ ဒသမ ၂ “ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့ကို ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုကွင်းဆင်း၊ ရုံးထိုင်စစ်ဆေးမှုများ ဦးစားပေးဆောင်ရွက်ရန်” အချက်ကို ကြီးမားစွာ လိုက်နာဆောင်ရွက်ရေးအဆင့်သို့ တိုးမြှင့် ရရှိခဲ့ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် အကြံပြုချက်အမှတ်-၈ “Non-Profit Organizations” နှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ရေးကော်မတီ ဖွဲ့စည်းနိုင်ရန်နှင့် ဧပြီလတွင် တိုးတက်မှု အစီရင်ခံစာရေးသားနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာကြီးကြပ်ရေး အာဏာပိုင်များက မိမိတို့ကြီးကြပ်ရသည့် သတင်းပို့အဖွဲ့အစည်းများအပေါ် စည်းမျဉ်းစည်းကမ်းများနှင့် ထိထိရောက်ရောက် ကြီးကြပ်နိုင်ရန် အတွက် အုပ်စုလိုက်ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ကို အဖွဲ့ဝင်များ ထပ်မံဖြည့်စွက် ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များပြင်ဆင် ဖြည့်စွက်နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ တင်ပြဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ ML Investigation ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ရန်အချက်များကို  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်