နေပြည်တော် ဇွန် ၉
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
ဦးစွာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဝမ်းမြောက်စရာ အခြေအနေတစ်ခု အနေဖြင့် မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် ပြီးခဲ့သည့်မေလအတွင်း၌ APJG က ပြန်လည်ပေးပို့ခဲ့ သည့် Final Factual Check အရ မိမိတို့၏ကြိုးပမ်းဆောင်ရွက်မှုကြောင့် Action Item 6.2၊ 7.2 နှင့် 8.1 တို့ကို Partly Addressed အဆင့်မှ Largely Addressed အဆင့် သို့ ကနဦးအနေဖြင့် တိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းခဲ့ကြသည့် တာဝန်ရှိသူ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးကို ချီးကျူးဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး (Mutual Evaluation-ME) နှင့်စပ်လျဉ်း၍ ပြင်ဆင်သင့်သည့် အချက်များအား ကြိုတင်ပြင်ဆင်ထားကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ကျန်ရှိသည့် Action Item နှစ်ခုနှင့် Mutual Evaluation (ME) လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


