နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၂၄-၃-၂၀၂၃ ရက်မှအဆက်

 

ယခုတော့မူ ကိုအေးဆွေသည် ခေါင်းနီတောင်တန်း ဘက်ဆီမှ  တဝေ့ဝေ့ တိုက်ခတ်လာသော အေးမြ လတ်ဆတ်သည့်  လေပြည်လေညင်းကလေးကို တဝကြီး ရှူပစ်လိုက်သည်။

 

အေးမြသန့်ရှင်းသော လေညင်းကလေးနှင့်အတူ ကုက္ကိုပွင့်နံ့၊ တမာဖူးနံ့၊ ထန်းနို့ပွင့်နံ့၊ သင်းပျံ့ပျံ့ မြေနီနံ့လေးများက ကိုအေးဆွေ၏ရင်ကို လန်းဆန်း ချမ်းမြေ့သွားစေသည်။

 

ကျောက်ပန်းတောင်းမြို့ ဈေးသို့ ရောင်းချရန်အတွက် တသုတ်သုတ် တအိအိ လာနေကြသော ထန်းလျက်ထမ်း ထန်းလျက်လှည်းတို့ကိုလည်း ကောင်း၊ ဝယ်ခြမ်းရန် သက်သက်အတွက် ဈေးလိုက် လာနေသောသူတို့အားလည်းကောင်း ကိုအေးဆွေသည် မကြာခဏ ရှောင်ပေးနေရ၏။

 

မကြာမီ ကိုအေးဆွေသည် မိမိ ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ မြူအိုးကောက်ရင်း ကြီးပြင်း လာခဲ့ရသော မိမိတို့ထန်းတောလေးကို တော်တော် ခပ်ဝေးဝေးကပင် လှမ်းမြင်နေရသည်။ မိမိတို့ထန်းတော၏ သည်မှာဘက်တွင်မူ ထွေးရီတို့အဖေ ဦးစံကျော်တက်သော ထန်းတောဖြစ်လေသည်။

 

အရီးလေးရေ၊ ကိုရင် ပြန်လာပြီတော်ရေ့

 

ကိုအေးဆွေသည် ထွေးရီ၏ အသံစာစာလေးကို ခပ်လှမ်းလှမ်းကပင် ကြားလိုက်ရ၏။ သူသည် ကိုအေးဆွေအား ဘယ်ကဘယ်လို မြင်လိုက်သည် မသိ။ တဲသို့ထမ်းယူသွားဆဲ မြူအိုးထမ်းကို ကမန်း ကတန်းချကာ ကိုအေးဆွေထံသို့ တအားပြေးလာနေသည်။

 

သူသည် အနီးသို့ရောက်လျှင် ဘာမပြော ညာမပြောနှင့် ကိုအေးဆွေ၏ ရင်ခွင်ထဲသို့ ပြေးဝင် ကာ ကိုအေးဆွေခါးအား တအားဖက်ထားလိုက် သည်။ သူ၏မျက်နှာလေးကလည်း ကိုအေးဆွေအား မော့ကြည့်နေသည်။ သူ၏မျက်နှာလေးမှာ ပြုံး၍ နေငြားသော်လည်း မျက်လုံးလေးများထဲမှာမူ မျက်ရည်စများ ဝဲ၍နေသည်။

 

သို့ရာတွင် မျက်လုံးကလေးများမှာ အရောင် တလက်လက် တောက်ပလျက်ရှိ၏။ တကယ်တော့ လည်း ထွေးရီခမျာမှာ ဝမ်းသာလွန်း၍ မျက်ရည် များပင် လည်ရှာလာခြင်းသာ ဖြစ်သတည်း။

 

သူသည် ပါးစပ်မှဖွင့်ပြောရန် ဖြစ်သော်လည်း ဝမ်းသာလုံး ဆို့နေဟန်ဖြင့် တော်တော်နှင့် မပြော နိုင်ပေ။ မျက်ရည်စများဝိုင်း၍ ရွှန်းလဲ့တောက်ပနေသော မျက်လုံးကလေးနှစ်လုံးကသာ ကိုအေးဆွေ အား အငမ်းမရ ကြည့်နေသလို နှုတ်ခမ်းကလေးများ ကလည်း တရွရွ ဖြစ်နေရှာ၏။ အတန်ငယ်ကြာမှသာ တစ်ဆို့သော အသံလေးဖြင့် ထစ်ထစ်ငေါ့ငေါ့ ထွက် လာတော့၏။

 

ကို ကို ကိုရင်၊ ပြန် ပြန် လာပြီနော်

 

ကိုအေးဆွေကမူ ထွေးရီအားကြည့်ကာ တအံ့တသြ ဖြစ်နေရှာသည်။ မိမိ ရန်ကုန် သွားသည့်နှစ်က ဆိုလျှင် ထွေးရီမှာ အရပ်ရှည်လေးနှင့် ဝါးခြမ်းပြား ထောင်ထားသလို ဖြစ်သည်။ ယခုတော့မူ အရပ် အမောင်းပါမက ကိုယ်လုံးလေးပါ ထွက်လာပြီး အပျိုကြီးဖားဖားပင် ဖြစ်နေသည်ကို တွေ့ရသော အခါ မအံ့သြဘဲ မနေနိုင်ပါတော့ချေ။

 

အကယ်၍သာ ကိုအေးဆွေသည် အခြားတစ် နေရာ၌ သည်မျှသော နှစ်ကာလပိုင်းလေးအတွင်း ထွားကျိုင်းဖွံ့ဖြိုးလာသော ထွေးရီအား နောက်ကသာ မြင်ရပါမူ မည်သည့်နည်းနှင့်မျှ မှတ်မိမည် မဟုတ်ပေ။

 

အတန်ငယ်ကြာမှ ကိုအေးဆွေသည် လှုပ်ရှားရန် သတိရလာသည်။ ပြီးမှ ထွေးရီ၏ ပခုံးလေးနှစ်ဖက် အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း-

 

အေးဟ၊ ငါ ပြန်လာပြီ ဟု ပြောလိုက်ရတော့၏။

 

တကယ်တော့ ကိုအေးဆွေမှာ ဝမ်းသာအယ်လဲဖြင့် ကြိုဆိုနေရှာသော ထွေးရီအား ကြည့်ရင်း မိမိပါ ဝမ်းသာလာရသည်။ မိမိအပေါ်သည်မျှအထိ ချစ်ခင် တွယ်တာပါ့ကလားဟု သိလာရပြန်သော အခါတွင် ရင်ထဲမှာ တလှိုက်လှိုက်တုန်၍ ပီတိဖြာလာသည်။

 

ကိုရင်၊ ရန်ကုန်ကို မပြန်တော့ဘူးနော်

 

အစ်တစ်တစ်ဖြစ်နေသော အသံလေးဖြင့် ထွေးရီက မေးလိုက်သည်။ သူ့မျက်လုံးများမှ မျက်ရည်များ သည် ပါးပြင်နှစ်ဖက်ပေါ်သို့ စီးကျနေသည်။ သို့ရာ တွင် မျက်နှာကမူ ပြုံးမဲ့မဲ့လေး ဖြစ်နေလျက်ရှိသည်။

 

အေးပါဟာ၊ ငါ ဘယ်တော့မှ မပြန်တော့ပါဘူး

 

ကိုအေးဆွေက ထွေးရီ၏နဖူးရှိ ဆံစလေးများကို လက်တစ်ဖက်ဖြင့် သပ်ချပေးရင်း ပြော၏။ သည်တော့ မှလည်း ထွေးရီ၏မျက်နှာကလေးမှာ မဲ့ပြုံးပြုံးလေး ဖြစ်နေရာမှ တဖြည်းဖြည်းနှင့် အားပါးတရ ပြုံးပြုံးကြီး ဖြစ်လာ၏။

 

ကျွန်မလေ၊ ကိုရင့်ဆီကစာ အရီးလေးတို့ဆီကို ပြန်လာတော့မယ်လို့ရေးလိုက်ကတည်းက နေ့တိုင်း မျှော်နေတာ

 

ထွေးရီ၏ အသံကလေးသည် တဖြည်းဖြည်းနှင့် ကြည်ကြည်လင်လင်လေး ဖြစ်လာသည်။

 

ကဲပါ ထွေးရီရယ်၊ နင့်မျက်ရည်တွေကို သုတ်ပစ် လိုက်စမ်းပါဦး၊ တကတဲ မရှက်ဘူးလား

 

ကိုအေးဆွေက ပြောပြောဆိုဆို လက်တစ်ဖက် ဖြင့် ထွေးရီ၏မျက်လုံးလေးများမှ စီးကျနေသော မျက်ရည်စများကို သုတ်ပေးလိုက်၏။

 

ဤတွင်မှ ထွေးရီသည် ရှက်ကြောက်လာဘိအလား ကိုအေးဆွေအား ဖက်ထားရာမှ ရုတ်တရက် ဗြုန်းခနဲ ရုန်းထွက်လိုက်သည်။ သူ၏ မျက်နှာကလေးမှာ ကလေးငယ်တစ်ယောက်၏ မျက်နှာ ကဲ့သို့ ရှက်ပြုံးလေးပြုံးနေကာ သူ့ဟာသူပင် မျက်ရည် များ သုတ်ပစ်နေတော့၏။

 

ကဲ၊ တဲသွားရအောင် ထွေးရီ

 

ကိုအေးဆွေက ထွေးရီ၏ပခုံးလေးကို ဆွဲခေါ်ရင်း ပြောလိုက်၏။ ထွေးရီသည် ကိုအေးဆွေ ဆွဲခေါ်ရာသို့ တဖြည်းဖြည်း လိုက်ပါလာရင်း ဣန္ဒြေရရလေး ပြုံးလာသည်။

 

ဟင်၊ ပေး ပေး ကိုရင်

 

ထွေးရီသည် ကိုအေးဆွေ၏ပခုံးမှ ဘေးလွယ် ပလတ်စတစ်အိတ်ကို ယခုမှ သတိပြုမိကာ ပြောပြော ဆိုဆိုပင် လှမ်းဆွဲယူလိုက်၏။ ထိုနောက် သူသည် ကိုအေးဆွေရှေ့မှ လျင်မြန်စွာ ပြေးထွက်သွားတော့ သည်။

 

အရီးလေးရေ၊ ကိုရင် ရန်ကုန်ကပြန်လာပြီ တော်ရေ့။ အရီးလေး၊ ကိုရင် ပြန်လာပြီ

 

တဲနားသို့ နီးကပ်သွားသည်ဆိုလျှင်ပင် ထွေးရီသည် ကလေးငယ်တစ်ယောက်ပမာ တကြော်ကြော် အော်ဟစ်ခေါ်ဆိုရင်း တဲတွင်းသို့ ဝင်ပြေးသွားလေ သည်။ ထိုအခါ ကိုအေးဆွေမှာ “အင်း၊ ဒီကောင် မလေးလည်း ခုထက်ထိ ကလေးစိတ် မပျောက်သေး ပါကလား ဟု အောက်မေ့မိသည်။

 

တဲတွင်းမှ ဒေါ်ဘုမသည် ချက်ချင်းလိုပင် အပြင် သို့ ပြေးထွက်လာသည်။

 

သား၊ ကိုအေး

 

အမေ

 

မျက်ရည်များ ပြည့်လျှမ်းနေသော မျက်နှာနှင့် ဒေါ်ဘုမက အားရဝမ်းသာ ခေါ်လိုက်သလို ကိုအေးဆွေကလည်း ပြန်လည်၍ ခေါ်လိုက်၏။

 

တကယ်တော့လည်း ဒေါ်ဘုမမှာ သားသမီး ၄၊ ၅၊ ၆ ယောက်ပင် ရှိခဲ့ငြားသော်လည်း အဖတ်မတင် ရှာခဲ့ပေ။ နောက်ဆုံးမွေးသည့် ကိုအေးဆွေ တစ်ယောက်သာ အဖတ်တင်ခဲ့ရှာ၏။ သည်လို သားတစ်ယောက်တည်းမို့လည်း ပို၍ချစ်ရသည်။ ယခုကဲ့သို့ နှစ်ရှည်လများ မခွဲစဖူး ခွဲခွာနေရပြီး ယခုလို တွေ့လိုက်ရပြန်သောအခါတွင်မူ ဖော်မပြ နိုင်လောက်အောင် ဝမ်းသာမှုက လှိုက်၍ထလာသည်။

 

ကိုအေးဆွေမှာလည်း ယခုလို ကာလအတန်ကြာ ကွဲကွာနေရာမှ အမေ၏ မေတ္တာဓာတ်အပြည့်နှင့် မျက်နှာကို မြင်လိုက်ရသောအခါ ရင်သည် အလိုလို အေးမြ၍ လာသည်။

 

အဖေကော အမေ

 

ကိုအေးဆွေသည် အမေ၏ မျက်နှာကို မြင်ရပြီး သောအခါ အဖေ၏မျက်နှာကို မြင်ချင်လာသည်။

 

မင်းတို့အဖေလား၊ ထန်းတက်တုန်းပေါ့ကွယ်

 

ဒေါ်ဘုမက ကိုအေးဆွေအား မိခင်တို့၏ မေတ္တာဓာတ်များ လွှမ်းမိုးနေသော အကြည့်ဖြင့် ကြင်နာစွာ ကြည့်လိုက်ရင်း ပြောလိုက်၏။ ထို့နောက် ဒေါ်ဘုမသည် ထွေးရီဘက်သို့ လှည့်လိုက်ကာ-

 

ဟဲ့ ဟဲ့ ထွေးရီ၊ ညည်းတို့ ဘကြီးခကို သွားပြောလိုက်ပါလား။ ကိုအေး ရောက်လာပြီလို့

 

မခေါ်ခိုင်းပါနဲ့ အမေ၊ ကျွန်တော် သွားနှုတ်ဆက်လိုက်ပါ့မယ်။ ထွေးရီ၊ နေ နေ။ သွားမခေါ်ပါနဲ့။ ငါ သွားပါ့မယ်

 

ကိုအေးဆွေသည် ဒေါ်ဘုမအား ပြောလိုက်ရင်းက ဦးဖိုးခအား သွားခေါ်ရန် ခြေလှမ်းပြင်နေသော ထွေးရီဘက်သို့ပါ တစ်ဆက်တည်း ပြောလိုက်၏။

 

ကဲ ကဲ အမေ၊ ထမင်းချက်စရာရှိ ချက်ပါ။ ကျွန်တော် အဖေ့နှုတ်ဆက်ရင်း မယိုးကောက်ခဲ့ပါ့ မယ်

 

ကိုအေးဆွေသည် ပြောပြောဆိုဆိုပင် အဝတ်အစားများလဲရန် လက်ဆွဲအိတ်ကို ယူလိုက်ကာ ဖွင့်နေသည်။

 

မဟုတ်တာ သားရယ်၊ ခုပဲ ရောက်ခါပဲရှိသေး တာပဲ။ အမောအပန်းဖြေပါဦးတော့။ ပြီးတော့ အမေ သွားကောက်မှာပေါ့

 

အို၊ အမေကလည်း၊ ကျွန်တော် ဧည့်သည်မှ မဟုတ်ဘဲနဲ့။ အိမ်ရောက်လာရင် မယိုးကောက်ဖို့ တာဝန်က ကျွန်တော့်အလုပ်ပဲဟာ

 

ဟုတ်သားပဲ။ ကိုရင်ကလည်း ခုမှ ရောက်ခါစ ရှိသေးတာပဲ။ အေးအေးဆေးဆေး အမောဖြေဦး ပေါ့ ဟု ထွေးရီကပါ ဝင်တား၏။

 

ကဲပါ အမေရာ၊ တခြားလုပ်စရာရှိရင် အမေ လုပ်ပါ။ ကျွန်တော် သွားနှုတ်ဆက်မှာတူတူ ဘာထူး လို့လဲ

 

ကိုအေးဆွေကမူ ဝတ်ထားသော ရှပ်အင်္ကျီကို ချွတ်လိုက်ပြီးဖြစ်၍ ခါးမှ လုံချည်ကိုလည်း လုံချည် ဟောင်းတစ်ထည်နှင့် လဲလှယ်ဝတ်ဆင်ပြီးနောက် ပြောပြောဆိုဆို ထွက်ခွာသွားတော့သည်။

 

ဤသည်ကိုကြည့်၍ ဒေါ်ဘုမမှာ အလိုက်သိတတ်လှသော သားအတွက် ပီတိဖြာ၍ နေတော့သည်။

 

[ ၁၇ ]

 

ဟောဒီ ပုဂ္ဂိုလ်ကြီးဟာ ကျောက်ပန်းတောင်းမြို့ က အလွတ်ပညာသင်ကျောင်းအုပ်ဆရာကြီး ဦးလှဒင် ပါ

 

ကိုအေးဆွေက မိတ်ဆက်ပေးလိုက်သဖြင့် ရောက်ရှိ လာသည့် လူအားလုံးသည် ဦးလှဒင်အား ဂရုတစိုက် ဝိုင်းကြည့်ကြကာ ပြုံး၍ပြသူက ပြနေသည်။ ဦးလှဒင်ကလည်း ပြန်လည်၍ ပြုံးပြနေသည်။

 

ကိုအေးဆွေသည် ရန်ကုန်မှရောက်၍ များမကြာ မီပင် မိမိတို့တဲရှေ့ရှိ ကွပ်ပျစ်ပေါ်၌ ဆရာကြီး ဦးလှဒင်နှင့် မိမိတို့တဲစုရှိလူများ ဆွေးနွေးရန် တွေ့ဆုံပေးနေခြင်း ဖြစ်လေသည်။

 

ဆက်လက်ဖော်ပြပါမည်။