နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၈-၁-၂၀၂၄ ရက်မှအဆက်

“ခက်တယ်သူငယ်ချင်း၊ ငါ့အနေနဲ့တော့ ဘာမှမသိဘူးလို့ ပြောရမှာပဲ။ အမှန်လည်း ဟုတ်တယ်၊ ဘာမှမသိဘူး။ ဒါပဲ ငါပြောချင်တယ်”

ကိုအေးဆွေသည် ပင်ပန်းကြီးစွာ အသက်ရှူလိုက်ရင်း သူ့စကားကို အလေးအနက်ထား၍ ဆိုလိုက်၏။

“မင်းကသာ ဘာမှမသိဘူး၊ ဘာမှလည်းနားမလည်ပါဘူးလို့ ဆိုနေတာကိုး။ ခင်သန်းဌေး မိဘတွေကတော့ သက်သေသက္ကာရနဲ့ တိတိကျကျ ခိုင်ခိုင်လုံလုံ သိရလို့ တိုင်ချက်တောင်ဖွင့်လို့၊ အခုမင်းကိုတောင် ဖမ်းလာလို့ အချုပ်ထဲရောက်နေပြီမဟုတ်လား။ အေး၊ တစ်ခုတော့ရှိတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ ကာယကံရှင် ခင်သန်းဌေးက မင်းလက်ထဲမှာ မတွေ့တော့ သူတို့ခွကျနေတယ်”

“နေစမ်းပါဦး။ သူတို့က ငါကဒီလို ခင်သန်းဌေးကို ကားနဲ့ အတင်းအဓမ္မဆွဲခေါ်တင်ပြေးပါတယ်လို့ ဆိုရအောင် ဘယ်လိုခိုင်လုံတဲ့ သက်သေအထောက် အထားတွေပြနိုင်လို့လဲ။ သူတို့က”

ကိုအေးဆွေမေးမည်ဆိုလျှင်လည်း မေးလောက်ပေသည်။ ထို့ကြောင့်လည်း လှကြည်က ကိုအေးဆွေ၏အမှုကိစ္စနှင့်ပတ်သက်၍ သူသိသမျှကို ရှင်းပြလေသည်။

ခင်သန်းဌေးသည် ကုန်ဆုံးခဲ့သောနေ့၏ မွန်းတည့် ၁၂ နာရီလောက်မှစ၍ ဘူတာရပ်ကွက်ရှိ သူ့အမျိုးသမီးသူငယ်ချင်းတစ်ဦးအိမ်သို့ အလည်ထွက်သွားသည်။ သို့သော် ညနေမိုးချုပ် နေဝင်သွားသည့်တိုင်အောင် အိမ်သို့ပြန်ရောက်မလာတော့ချေ။ သို့ဖြင့် ဒေါ်လှတင်နှင့် မညွန့်မေတို့သည် စိုးရိမ်သွားကာ သူသွားမည်ဆိုသော သူ့သူငယ်ချင်းအိမ်သို့ လိုက်သွားပြီး ခေါ်လေသည်။ သူ့သူငယ်ချင်းက ညနေ ၃ နာရီလောက်ကတည်းက ပြန်သွားပြီဟုဆို၏။ သို့ဖြင့် သူသွားလာတတ်သော အခြား သူငယ်ချင်းအိမ်များ၊ ဆွေမျိုးအိမ်များသို့ လျှောက်မေးပြန်သည်။ မလာဟုဆိုကြသည်။

ဤတွင် ဦးမြမောင်၊ ဒေါ်လှတင်နှင့် မညွန့်မေတို့မှာ အတော်ပင် စဉ်းစားရကျပ်သွားကြသည်။ ခေါင်းမီးလည်းတောက်သွားကြသည်။ သမီးအတွက် ရှက်လည်းရှက်၊ ဒေါသလည်း အကြီးအကျယ်ဖြစ်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် သုံးလေးရက်အတွင်းမှာပင် ခင်သန်းဌေးကို ဦးဝင်းအောင်နှင့် စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာဆောင်ရန် ရက်သတ်မှတ်ဖို့စီမံခါနီးမှ သမီးတစ်ယောက်က ပျောက်ခြင်းမလှ ပျောက်သွားခြင်းကြောင့် ပို၍ဒေါသဖြစ်ကာ ခေါင်းမဖော်နိုင်လောက် အောင်ရှက်သွားကြသည်။ မြို့ပိုင် ဦးဝင်းအောင် ဆိုသည်မှာလည်း နေမထိထိုင်မသာ ကြိတ်မနိုင်ခဲမရ ဖြစ်သွားတော့သည်။ သွေးရိုးသားရိုး ပျောက်ဆုံးခြင်းတော့ မဟုတ်နိုင်ဟု တွက်ဆကြသည်။ ထို့ကြောင့်လည်း တစ်မြို့လုံး ဒေါင်းတောက်အောင်ထပ်၍ ရှာကြပြန်သည်။ စုံစမ်းကြပြန်သည်။ ဤတွင်မှ သတင်းအစအန ရလာတော့သည်။
ညနေ ၃ နာရီလောက်တွင် ခင်သန်းဌေးသည် ဘူတာလမ်းထဲမှထွက်လာပြီးလျှင် မြို့ထဲဘက်သို့ သွားသော မိတ္ထီလာလမ်းမဘက်သို့ ချိုးကွေ့သွားသည်။ ထိုအချိန်မှာပင် ချောက်ရေနံချောင်းလမ်းမဘက်ဆီမှ အဖြူရောင်ဂျစ်ကားလေးသည် ရုတ်တရက် ပေါက်လာကာ မိတ္ထီလာလမ်းမဘက်ဆီသို့ တောက်လျှောက်မောင်းသွားသည်။ သို့သော် ခင်သန်းဌေး ဘေးအရောက် တုံ့ခနဲကပ်၍ရပ်လိုက်သည်။ ကားပေါ်မှ လူနှစ်ယောက်လည်း ဖြုန်းခနဲဆင်းလာသည်။ ခင်သန်းဌေးနှင့် အပြန်အလှန် စကားပြောနေကြသည်။ ခင်သန်းဌေးက လက်ခါခေါင်းယမ်း၍ ငြင်းဆန်နေသည်။ ထိုစဉ် ကားတွင်းမှ လက်တစ်ဖက်က ကားပေါ်သို့ အတင်းဆွဲတင်နေသည်။ ထို့နောက်တော့ ကားသည် ရုတ်တရက် မောင်းထွက်သွားတော့သည်။

“အဲဒါကို လမ်းထောင့်က ဆေးလိပ်ကွမ်းယာ ရောင်းနေတဲ့ဆိုင်က ဒေါ်ကြီးက မြင်လိုက်သတဲ့”

လှကြည်က သူသိသမျှအခြေအနေကို ရှင်းပြလိုက်၏။ 

“နေစမ်းပါဦး၊ ဒါနဲ့များ ငါရယ်လို့ ဘာ့ကြောင့် အတိအကျစွပ်စွဲနိုင်ရတာလဲ”

ကိုအေးဆွေသည် မခိုင်လုံသော ဤစွပ်စွဲချက်ကို နည်းနည်းလေးမှ လက်မခံနိုင်ပေ။

“ဒီလိုတဲ့ကွာ။ အဲဒီလို ခင်သန်းဌေးတစ်ယောက် လမ်းထိပ်ကိုထွက်မလာမီ ၁ဝ မိနစ်လောက်ကပဲ မင်းဟာ အဲဒီဂျစ်ကားအဖြူရောင်လေးနဲ့ပဲ မြင်းခြံလမ်းဘက်ကနေ ရောက်လာတယ်ဆိုပါကလား။ အဲဒီလမ်းထောင့်မှာရပ်ပြီး ခုတင်ကမြင်လိုက်တယ် ဆိုတဲ့ အဒေါ်ကြီးဆိုင်မှာပဲ မင်းက ကားပေါ်ကဆင်းလာပြီး ကွမ်းယာနဲ့ စီးကရက်ဝယ်တယ်။ ကားပေါ်မှာလည်း လူနှစ်ယောက် သုံးယောက်လောက်ပါ တယ်လို့ဆိုတယ်။ ဒီနောက် ချောက်ရေနံချောင်း ဘက်ကို ကားမောင်းသွားတယ်။ နောက်မကြာခင်ပဲ ဒီအဖြူရောင်ဂျစ်ကားလေးဟာ ပြန်လှည့်လာပြီး ခုတင်ကပြောသလို ခင်သန်းဌေးကို ကားပေါ်ဆွဲတင် သွားတာပဲတဲ့”

တစ်ဖက်က တိကျခိုင်လုံသော အထောက်အထားများပြကာ စွပ်စွဲခြင်းခံလာရသောအခါ ကိုအေးဆွေမှာ မယုံကြည်နိုင်လောက်အောင် အံ့ဩသွားမိ၏။ စဉ်းစားမရအောင်လည်း ခေါင်းရှုပ်ကာ ပူထူသွား၏။ ယင်းသို့ တွေခနဲဖြစ်ကာ မျက်နှာပျက်သွားသော အမူအရာကို လှကြည်ကလည်း ဖျတ်ခနဲ အကဲခတ်လိုက်မိသည်။

“ဒါဖြင့် ကားနံပါတ်ကော မှတ်မိလို့လား”

ကိုအေးဆွေက ဣန္ဒြေကိုဆည်ကာ ပြန်၍ကောက်မေးလိုက်ပြန်၏။ 

“ကားနံပါတ်တော့ မမှတ်မိဘူးတဲ့”

“ကဲ ထားပါတော့။ ဒါနဲ့ ခင်သန်းဌေးကို ဆွဲခေါ် သွားတဲ့ကားပေါ်မှာ ငါပါတယ်လို့ ဒိဋ္ဌဧကန်ဧက ပြောနိုင်လို့လား”

“အေး၊ ဆေးလိပ်ကွမ်းယာရောင်းတဲ့ အဒေါ်ကြီး ပြောသလိုကတော့ ကားပေါ်ကဆင်းလာတဲ့ လူနှစ်ယောက်အနက် တစ်ယောက်ဟာ မင်းလို့ဆိုတယ်။ ဒါပေမဲ့ မျက်နှာတော့ ကွဲကွဲပြားပြား မမြင်ရဘူးတဲ့။ မျက်နှာမှာ မျက်မှန်နက်တပ်ထား တယ်ဆိုလား။ လုံချည်နှင့် အင်္ကျီကိုတော့ အဝေးကနေ မှတ်မိနေသတဲ့” ဟုဆိုကာ ဝတ်ထားသော လုံချည်နှင့် အပေါ်တိုက်ပုံအင်္ကျီ၏အရောင်ကို ပြောပြလိုက်လေသည်။

ကိုအေးဆွေမှာ ငိုင်ကျသွားသည်။ ရုတ်တရက် စကားပြန်ပင် မပြောနိုင်တော့။ အင်း၊ ကားတူမရှား၊ လူတူမရှား၊ အဝတ်အစား အရောင်တူမရှားပါလား။
“ကဲပါကွာ၊ ငြင်းမနေပါနဲ့တော့။ ဟုတ်ရင် ဟုတ်တယ်ပေါ့။ ငါတို့ချင်းဟာပဲ။ အဓိကအချက်က ခင်သန်းဌေးကသာ မင်းဘက်ပါနေရင် ဆွဲခေါ်လို့ လိုက်တာ မဟုတ်ပါဘူး၊ ကိုယ့်သဘောနဲ့ ချိန်းဆိုပြီး လိုက်တာပါဆိုရင် ပြီးတာပဲမဟုတ်လားကွာ”

လှကြည်သည် ငြင်းကွယ်မရအောင် ငြိမ်ကျသွားသော ကိုအေးဆွေ၏အခြေအနေကို အကဲခတ်လိုက်ကာ လိုရင်းဆွဲပြောလိုက်၏။

“ဒီမှာ လှကြည်၊ မင်းနဲ့ငါနဲ့ဆိုတာက တစ်ဦး အတွင်းရေးတစ်ဦး ဖွင့်ပြီးတိုင်ပင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပဲ။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ငါဟာ မင်းကို ဘာမှမပြောလိုဘူး။ မဟုတ်ပါဘူး ပြောလို့လည်း မင်းယုံမှာမဟုတ်ဘူး။ ငါပြောချင် တာက မြွေမှန်ရင် တွင်းဝင်ဖြောင့်လိမ့်မယ်၊ အချိန်တန်ရင် အဖြေမှန်ဟာ ပေါ်လာလိမ့်မယ်လို့။ ဒါပဲ ငါပြောချင်တယ်”

အချုပ်ခန်းထဲသို့ ပို့ခြင်းခံလိုက်ရသော ကိုအေးဆွေမှာ ဒေါသစိတ်၊ မခံချင်စိတ်တို့ဖြင့် မွှန်နေသည်။ ထို့ကြောင့်လည်း ထိုလှုပ်ရှားနေသောစိတ်တို့ကြောင့် အိပ်ရန်ကိုပင် သတိမရ။ သို့သော် အချုပ်ခန်းတွင်းရှိ ဘဝတူအချုပ်သမားများမှာမူ တခေါခေါဟောက်၍ အိပ်ပျော်နေလိုက်ကြသည့်ဖြစ်ခြင်း။

လှကြည်ကမူ မိမိကောင်းစွာအိပ်နိုင်ရန် အိပ်ရာလိပ်တစ်ခုကို လာပေးရှာပါ၏။ သူငယ်ချင်းကောင်း ပီသစွာ အရာရာဂရုစိုက်ပါ၏။ အားမငယ်ရန်လည်း အားပေးနှစ်သိမ့်ပါ၏။ အမှုမှန်အတိုင်းလည်း ဖြစ်ရပါမည်ဟု ဆိုရှာပါ၏။ မည်သို့ပင်ဆိုစေ၊ ယခုလက်တွေ့မှာကား အချုပ်ခံနေရချေပြီ။
ညဉ့်သည် ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းတိတ်ဆိတ်လှချေသည်။

သို့သော် အချုပ်ခန်းစောင့် တာဝန်ကျရဲတပ်သား၏ လှည့်ပတ်၍ မှန်မှန်လျှောက်နေသော တခေါက်ခေါက် ဖိနပ်သံသည်ကား ညဉ့်၏ဂီတသံလို ဖြစ်နေသည်။ သို့ရာတွင် ကိုအေးဆွေအဖို့မှာမူ ယင်းသို့ မထင်မြင်နိုင်။ မိမိနှလုံးသားကို စဉ်းတီတုံးပေါ်တင်ပြီး ဓားနှင့် တဒေါက်ဒေါက်စဉ်းနေသည်ဟု ထင်နေမိကာ မထိတထိနှင့် တရိရိနာကျင်စွာ ခံစား နေရသည်။ 

အမှန်ဆိုရသော် မိမိတစ်ယောက်တည်းဆိုလျှင် တော်ပါသေး၏။ ယခုမူ ကိုယ်ချင်းစာနာမှုအလျှင်း မရှိသော ငွေကြေးရှင် ထန်းပိုင်ရှင်တို့၏ ကြံစည် ထိုးနှက်ချက်ကြောင့် မိမိပါမက ကျန်းမာရေးချို့တဲ့ရှာသော ပန်းနာသည်မိခင်ကြီးကိုပင် ထိခိုက်စေကာ စိတ်ဒုက္ခအကြီးအကျယ်ပေးနေချေပြီတည်း။
ဒေါ်ဘုမအကြောင်း စဉ်းစားလိုက်မိသည်ဆိုလျှင်ပင် ကိုအေးဆွေသည် သူ့အမေမျက်နှာကို ကွက်ခနဲသွားမြင်လိုက်သည်။ လာခါနီးတွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် မိမိပခုံး တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း မေးလိုက်သည့် ချောင်းဆိုးသံတဟွပ်ဟွပ်ကြားမှ မိခင်ကြီးပြောလိုက် သောအသံကိုပါ ကြားယောင်လာသည်။

“သားလေးရယ်၊ အမေ့ကိုပြောစမ်းပါကွယ်။ မင်းပြစ်မင်းဒဏ်မကင်းတာ ဘာတွေများလုပ်လာလို့လဲကွယ်”

“အမေရေ၊ မင်းပြစ်မင်းဒဏ်တော့မဟုတ်ဘူးဗျ။ အမေတို့ ထန်းပိုင်ရှင်ကြီးရဲ့သမီးကို ကားတင်မှုတဲ့”

ကိုအေးဆွေက နာကြည်းစွာဖြင့် စိတ်ထဲမှနေ၍ ပြောလိုက်မိ၏။ 
ထိုခဏဝယ် ဒေါ်ဘုမ၏ ချောင်းတဟွပ်ဟွပ် ဆိုးနေသံကို ဖျတ်ခနဲဆိုသလို အမှတ်မထင် ကြားယောင်လာသည်။ သို့သော် ချက်ချင်းလိုပင် ရုတ်တရက် အသံတိတ်သွားပြီး မြေကြီးပေါ်သို့ ရုတ်ခြည်းလဲကျသွားသောဒေါ်ဘုမ၏ ရုပ်သေးကြိုးပြတ် လာခါနီးမြင်ကွင်းတစ်ရပ်ကိုပါ ကိုအေးဆွေ ၏မျက်စိထဲတွင် ကွက်ခနဲ သွားမြင်လိုက်ပြန်သည်။ ထိုအခါ ကိုအေးဆွေ၏တစ်ကိုယ်လုံးသည် သိမ့်ခနဲ တုန်သွားလေသည်။ 

“အင်း၊ သတိမှ ပြန်လည်ရပါလေစ”

သတိပြန်လည်ရလာလေလျှင်လည်း ရောဂါဟောင်းက ပြန်လည်ထကြွလာကာ တရှဲရှဲမြည်၍ တဟောဟောမောပြီး ချောင်းတဟွပ်ဟွပ် ဆိုးနေချေပြီလား။
ဒေါ်ဘုမ၏ရောဂါကလည်း အတော်စိတ်မချရသော ရောဂါဖြစ်သည်။ အမှန်မှာ သူ၏ ပန်းနာရင်ကျပ်ရောဂါသည် ဆောင်းဦးပေါက်ရာသီများတွင် ထကြွ ချောင်းဆိုးရင်ကျပ်လေ့ရှိသည်။ သို့ရာတွင် စိတ်ထိခိုက်စရာဖြစ်ရပ်တစ်ခုခုနှင့် ရုတ်တရက် ကြုံကြိုက် ဆုံစည်းလိုက်ရပါမူ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ရှောင်တခင် ချောင်းဆိုးရင်ကျပ်ဝင်၍ အမောဖောက်လေ့ရှိသည်။ အဆင်မသင့်လျှင် လူမမာကြီးလုံးလုံးဖြစ်သွားသည်။ တစ်ခါကဆိုလျှင် အတော်ပင် ဆေးကုယူလိုက်ရသည်။

ဆက်လက်ဖော်ပြပါမည်။