နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၁-၁-၂၀၂၄ ရက်မှအဆက်

 

ပတ်ဝန်းကျင်တစ်ခုလုံးသည် ခွေးဟောင်သံများဖြင့် ကျွက်ကျွက်ဆူနေသည်။ လူများ၏ မေးသံ၊ ဖြေသံ၊ အံ့သြသံများဖြင့်လည်း ရောထွေးကာ တအုတ်အုတ်နှင့် ညံစီနေသည်။ လက်နှိပ်ဓာတ် မီးရောင်၊ မီးခွက်မီးရောင်တို့အောက်ဝယ် ရဲတပ်သားများနှင့် ဘုံထန်းတောနယ်မြေမှလူတို့သည် ရှုပ်ယှက်ခတ်မျှ  လှုပ်ရှားသွားလာနေကြသည်။ ဤအထဲတွင် ဦးဖိုးခနှင့် ဒေါ်ဘုမတို့သည်လည်း သားဖြစ်သူ၏  အရေးကိစ္စကြောင့်  ရဲတပ်သားများ လာရောက်ရှာဖွေနေသည် ဆိုသောကြောင့်လား မသိ၊ ထိတ်လန့်တကြားဖြစ်ကာ ရင်ဘတ်စည်တီးဖြင့် ရောက်ရှိလာကြသည်။ ထွေးရီနှင့် မအုန်းတင် တို့လည်း ဒေါ်ဘုမ၏နောက်ပါးမှ အခြားမိန်းမ ယောက်ျားများနှင့်အတူ ရောထွေး ရောက်လာကြသည်။

 

စိတ်ကျေနပ်လောက်အောင် ရှာဖွေပြီးနောက် ရဲတပ်သားများသည် ကိုအေးဆွေရှိနေသော နေရာသို့ ပြန်ရောက်လာကြသည်။

 

“ကဲ၊ စိတ်ကျေနပ်ကြပြီ မဟုတ်လား”

 

ကြံကြံဖန်ဖန် မည်သူကချောက်တွန်းလိုက်သည်မသိ။ ရဲအဖွဲ့ကလာရောက်အရှာဖွေ ခံလိုက်ရသည်ကို ကိုအေးဆွေ့စိတ်ထဲတွင် အလွန်ခံပြင်းသွား၏။ ထို့ကြောင့်လည်း ကိုအေးဆွေသည် ရဲတပ်သားများ ခေါင်းဆောင် ဒုလုံခြုံရေးမှူးအားဆီး၍ ခပ်ဆတ်ဆတ်မေးလိုက်၏၊

 

“ဟုတ်ကဲ့ ကျေနပ်ပါပြီ၊ ဒါပေမဲ့”

 

ဒုလုံခြုံရေးမှူးက ပြန်လည်ဖြေကြားရင်း တစ်စုံတစ်ခုသောစကားကို ဆက်လက်ဆိုရန် ဝန်လေး ဟန်ဖြင့် ကိုအေးဆွေအား စူးစိုက်စွာကြည့်လိုက်၏။ ပြီးမှ-

 

“ဒါပေမဲ့ ရဲတပ်ဖွဲ့စခန်းကိုတော့ ကိုအေးဆွေ ခဏတော့လိုက်ခဲ့ပါဦးဗျာ”

 

ဒုလုံခြုံရေးမှူးကဆို၏။ သူ့အမူအရာမှာ အားနာဟန်ပြ၏။ သို့သော် အမိန့်သဘော သက်ဝင်နေ၏။

 

“ဗျာ၊ ကျွန်တော် ရဲတပ်ဖွဲ့စခန်းကို လိုက်ခဲ့ရမယ်”

 

ကိုအေးဆွေသည် အံ့သြဟန်ဖြင့် ဆိုလိုက်မိ၏။ တကယ်လည်း တအံ့တသြဖြစ်သွား၏။ ဖြစ်လာရသည့် အခြေအနေများကို နားမလည်ရသည့်အထဲ ယခုတစ်ဖန် ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ ခေါ်နေပြန်ချေပြီ။ ရဲတပ်ဖွဲ့စခန်းသို့ရောက်လျှင် မည်ကဲ့သို့သော အံ့သြစရာများနှင့် ထပ်၍ တွေ့နေရပါဦးမည်နည်း။

 

“ကဲ ကိုအေးဆွေ သွားကြရအောင်”

 

ကိုအေးဆွေမှာ တစ်ခဏတွင် ပတ်ဝန်းကျင်ကို မေ့သွားကာ လေးလေးနက်နက် စဉ်းစားနေမိ၏။ ဒုလုံခြုံရေးမှူးက သတိပေးလိုက်မှ ပတ်ဝန်းကျင်ကို ရုတ်ခြည်းသတိပြုမိလာသည်။

 

“ကျွန်တော့်ကိုတော့ ဘယ်လိုမှစိတ်မရှိပါနဲ့ဗျာ။ အထက်က ပေးအပ်လိုက်တဲ့ တာဝန်အတိုင်း ဝတ္တရားအရ ဆောင်ရွက်ရတာပါ။ ဟိုရောက်လို့ ရှင်းပြလိုက်ရင် ကိစ္စပြီးသွားမှာပါ”

 

ဒုလုံခြုံရေးမှူးက ကိုအေးဆွေအား ယဉ်ကျေးစွာဖြင့် တောင်းပန်နေသည်။ လူချင်းအားနာနေပုံ ရသည်။ ကိုအေးဆွေသည် ဘာမျှဆင်ခြေကန်၍ ငြင်းဆန်မနေတော့။ တကယ်တော့လည်း သည်မှာရှင်းပြနေ၍ကော ဘာမှထူးပါဦးမည်နည်း။

 

ထို့နောက်တော့ ကိုအေးဆွေသည် သူ့အခန်းသို့ဝင်ကာ ရှပ်အင်္ကျီကိုယူဝတ်လိုက်ပြီး သွားကြရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ဦးဖိုးခ၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

 

“ဟေ့ မောင်ရင်တို့ရ၊ ကျုပ်သားကို ဖမ်းကြတာလား။ ဘာမှုနဲ့ ဖမ်းကြတာလဲ”

 

ဦးဖိုးခသည် သူသိချင်သော အကြောင်းအရာများကို စိုးရိမ်တကြီးနှင့် အလောတကြီး မေးပစ်လိုက် သည်။ သူ့အသံမှာ တုန်လှုပ်ချောက်ချား၍ စိတ်ယောက်ယက်ခတ်သောအသံ ဖြစ်၏။

 

“ဖမ်းတာ မဟုတ်ပါဘူး ဦးကြီးရဲ့။ မေးစရာ မြန်းစရာလေးရှိလို့ပါ”

 

ဒုလုံခြုံရေးမှူးဖြစ်သူက ဦးဖိုးခအား အလိုက်သင့် ပြန်လည်ဖြေလိုက်၏။

 

“ကဲ အဖေရာ၊ သူတို့ကိုပြောမနေပါနဲ့”

 

သားဇောဖြင့်မွှန်၍ မကျေမချမ်းပြောနေသော ဦးဖိုးခ၏စကားများကို ကိုအေးဆွေက ဝင်ဖြတ်ပစ် လိုက်သည်။ သူတို့လည်း သူတို့ဝတ္တရားအရ လာလုပ်ရတာပါ အဖေရာ။ ကျွန်တော်တို့ကို မုန်းလို့လာလုပ်ချင်လို့ လုပ်ရတာမှ မဟုတ်ဘဲ။ ဟိုရောက်လို့ သူတို့မေးပြီးရင် ပြန်လွှတ်မယ့်ဟာပဲ။ မနက်ကြီးကျ ကျွန်တော် ပြန်ခဲ့မှာပေါ့” သားအတွက် သောကမီးတောက်လောင်နေသော ဦးဖိုးခအား ကိုအေးဆွေက နှစ်သိမ့်လိုက်သည်။

 

“ဘယ်သူမှ မလိုက်ခဲ့ကြနဲ့နော်”

 

လူအချို့က သူနှင့်တစ်ပါတည်း လိုက်လာကြရန် စိုင်းပြင်းနေသည်ကို တွေ့လိုက်ရသဖြင့် ကိုအေးဆွေသည် အခြားလူများဘက်သို့ပါ လှည့်၍ ဟန့်တားလိုက်ပြန်၏။ ထိုစဉ် ဒေါ်ဘုမ၏ တဟွပ်ဟွပ်နှင့် အဆက်မပြတ် ချောင်းဆိုးနေသံက ရုတ်တရက်ပေါ်ထွက်လာသည်။ ဤချောင်းဆိုးသံများကြောင့် ကိုအေးဆွေ၏ ရင်ထဲတွင် ထိတ်ခနဲတုန်၍ စိုးရိမ်စိတ်များက ရုတ်ခြည် ပြေးဝင်လာသည်။ ထို့ကြောင့်လည်း ဒေါ်ဘုမဆီသို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။

 

မှန်ပေသည်။ ဒေါ်ဘုမမှာ စိတ်ထိခိုက်စရာ အဖြစ်အပျက်များနှင့် တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချောင်းဆိုးရင်ကျပ်ရောဂါသည် ရှောင်တခင်ဝင်ရောက်လာကာ ချက်ချင်း လူမမာသည်ကြီးဘဝသို့ ရောက်သွားတတ်သည်။ အသည်းအထန်လည်း ဝေဒနာခံစားရတတ်စမြဲ ဖြစ်သည်။ ယခုလည်း လာချေပြီ။

 

“သား၊ လူလေး”

 

ချောင်းဆိုးသံများကြားထဲမှ တစ်ဆို့မွန်းကျပ်စွာ ဖြင့် ခေါ်လိုက်သော ဒေါ်ဘုမ၏အသံက ကိုအေးဆွေ ၏နှလုံးသားများကို ကျဉ်ခနဲဖြစ်၍ ရင်မှာနင့်သွားစေ၏။ ဒေါ်ဘုမသည် ကတုန်ကယင်ဖြင့် ကိုအေးဆွေ အနားသို့ ဒရောသောပါး ချဉ်းကပ်လာသည်။ သူ့ပါးနှစ်ဖက်ပေါ်ဝယ် အသွယ်သွယ်စီးကျနေသော မျက်ရည်စီးကြောင်းများမှာ မီးရောင်များအောက်ဝယ် အထင်းသားဖြစ်နေသည်။ ကိုအေးဆွေက သူ့မိခင်ကို ဆို့နစ်စွာကြည့်နေသည်။ ဒေါ်ဘုမသည် သူ့သားပခုံးကို ကြင်နာစွာဖြင့် ဆုပ်ကိုင်လိုက်သည်။ ကိုအေးဆွေကလည်း သူ့မိခင်ကို အသာဖေးမ၍ ကိုင်ထားသည်။

 

“သားလေးရယ်၊ အမေ့ကို ပြောစမ်းပါ။ မင်းပြစ် မင်းဒဏ်မကင်းတာ ဘာတွေများ လုပ်လာလို့လဲ ကွယ်”

 

သောကမီးတောက်လောင်နေသော ဒေါ်ဘုမက ငိုသံပါကြီးဖြင့် ချောင်းတဟွပ်ဟွပ်ဆိုးနေရင်းမေးနေ ရှာသည်။

 

“အမေကလဲဗျာ၊ မဟုတ်တာ။ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။ တခြားကိစ္စတစ်ခုခုအတွက် သင်္ကာ မကင်းဖြစ်လို့ ခေါ်မေးတာရှိမှာပေါ့။ စိတ်အေးအေး နေစမ်းပါအမေ။ မနက်ကြီးကျ ကျွန်တော် ပြန်လာခဲ့ပါမယ်”

 

ကိုအေးဆွေသည် မိခင်ကြီး စိတ်ချမ်းသာရန်သာ နှစ်သိမ့်လိုက်ရသည်။ တကယ်တော့ သူ့ရင်ထဲမှာ မလင်းပေ။ တင်းကျပ်၍နေသည်။ ရင်တွေခုန်၍ ချောက်ချားနေသည်။

 

ထိုစဉ် ဒုလုံခြုံရေးမှူးက ကိုအေးဆွေ၏ပခုံးကို အသာပုတ်၍ သွားကြရန် သတိပေးလိုက်သည်။ ထို့ကြောင့် ကိုအေးဆွေသည် ဒေါ်ဘုမအား ကျောခိုင်းလိုက်သလို မိမိကို မျက်ရည်လည်ရွဲနှင့် စိုးရွံ့ထိတ်လန့်စွာ ကြည့်နေသော ထွေးရီအားလည်း မျက်ကွယ်ပြုလိုက်သည်။ ထိုနောက်တော့မူ မိခင် ကြီး၏ ရင်မောစရာချောင်းဆိုးသံသည် နောက်ဘက်ဆီမှ တဟွပ်ဟွပ်နှင့် အဆက်မပြတ် ပေါ်လာတော့သည်။ သို့တစေ စိတ်ကိုတင်းကာ ဤအသံများ အား ဥပေက္ခာပြုလိုက်ချေတော့သည်။

 

“ဟော ဟော၊ အရီးလေးတက်သွားပြီ”

 

ခြေလှမ်းလှမ်း၍ လေးငါးဆယ့်ကိုးလှမ်းမှ မရှိသေးမီ တဟွပ်ဟွပ်ဆိုးနေသော ချောင်းဆိုးသံ ရုတ်တရက် ပျောက်သွားသည်နှင့် ထွေးရီ၏ ထိတ်လန့်တကြား အော်လိုက်သံကိုပါ တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။

 

ထို့ကြောင့်လည်း ကိုအေးဆွေသည် တုန့်ခနဲရပ်မိလိုက်ရင်း နောက်သို့ လျင်မြန်စွာလှည့်ကြည့် လိုက်သည်။ မြေကြီးပေါ်သို့ ရုတ်တရက် ပျော့ခွေလဲကျသွားသော ဒေါ်ဘုမအား ထွေးရီနှင့် အခြား မိန်းမတွေက ဝိုင်းဝန်းပွေ့ထူနေကြသည်ကို မြင်လိုက်ရသည်။ အခြားယောက်ျားများလည်း ၎င်းနားသို့ ပြေးကပ်သွားကြသည်။ “ဟဲ့ ဟဲ့၊ လုပ်ကြပါဟဲ့၊ လုပ်ကြပါဟဲ့” ဟူသော အသံများကလည်း ဆူညံ သွားသည်။

 

ထိုမြင်ကွင်းကြောင့် ကိုအေးဆွေ၏ရင်မှာ သံပူပြားဖြင့်ဖိကပ်ခြင်းခံလိုက်ရဘိသကဲ့သို့ ပူလောင်သွားသော ဝေဒနာတစ်ရပ်ကို ရုတ်တရက် ပြင်းပြင်းထန်ထန်ကြီး ခံစားလိုက်ရသည်။ ထို့ကြောင့် လည်း ကိုအေးဆွေသည် ၎င်းတို့ဆီသို့ ပြေးသွားရန် တအားထွက်လိုက်သည်။ သို့သော် သူ့လက်တစ်ဖက်မှာ ရုတ်တရက် ဆောင့်ဆွဲခြင်းခံလိုက်ရသည်။

 

“သည်းခံပါ ကိုအေးဆွေ၊ ကျွန်တော်တို့ အချိန်မရှိတော့ပါဘူး”

 

ပြောပြောဆိုဆို ဒုလုံခြုံရေးမှူးက သူ့လက်တစ်ဖက်အား ဆွဲခေါ်လိုက်သည့်အဖြစ်ကို ကိုအေးဆွေက သတိပြုမိလိုက်တော့သည်။

 

ကျောက်ပန်းတောင်း ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ ရောက်သောအခါတွင်ကား ကိုအေးဆွေမှာ ဘယ်လို မှမမျှော်လင့်သော စွပ်စွဲချက်တစ်ရပ်ကို ရုတ်တရက် တုံ့ပြန်စကားမဆိုနိုင်လောက်အောင် တအံ့တသြ ကြားသိလိုက်ရတော့သည်။

 

[ ၄၆ ]

 

“ဘယ်လိုကွ ဖိုးအေးဆွေ၊ လုပ်မယ့် လုပ်တော့လည်း မင့်ဥစ္စာက အပြတ်အသတ်ပါလား”

 

လှကြည်သည် ကိုအေးဆွေအား ပြည်သူ့ရဲတပ်ဖွဲ့ စခန်း၏ ရုံးခန်းတစ်နေရာတွင် ခေါ်ယူတွေ့ဆုံကာ နှစ်ကိုယ်ချင်း တိုးတိုးတိတ်တိတ်မေးလိုက်၏။

 

“ဘာလဲကွ အပြတ်အသတ်ဆိုတာ။ မင်းပြောတာတွေ ငါတစ်ခုမှ နားမလည်ဘူးကွ။ အဲ တစ်ခုတော့ ရှိတယ်။ ရယ်စရာ ဒဏ္ဍာရီပုံပြင်တစ်ခုလားလို့ အောက်မေ့တယ်”

 

“ဒီမှာအေးဆွေ၊ ငါ အခုမေးနေတာက ရဲအမှုထမ်း တစ်ယောက်အနေနဲ့ မေးနေတာ မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်အနေနဲ့ မေးနေတာ။ အမှန်ကိုသိရရင် မင်းဘက်က ဖေးဖေးမမနဲ့ ကူညီ ရအောင်။ အေးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မင်းဘက်က အမြဲတမ်းရှိတယ်ဆိုတာ မင်းယုံပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ ဝတ္တရားအနေနဲ့ အတတ်နိုင်ဆုံးကူညီဖို့ ငါ့စိတ်ထဲမှာရှိတယ်”

 

ဆက်လက်ဖော်ပြပါမည်။