နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၂၉-၁၂-၂၀၂၃ ရက်မှအဆက်

 

တစ်ချိန်က လှကြည်နှင့် ဆယ်ရင်တို့အား အမှတ်မထင် မိမိပြောခဲ့ဖူးသော စကားများသည် ယခုတော့ဖြင့်  မှန်နေလေပြီဟု  ကိုအေးဆွေက ယူဆယုံကြည်လာတော့သည်။ ထိုကြောင့်လည်း ယခုတော့ဖြင့် ကိုအေးဆွေမှာ သင်ခန်းစာတစ်ရပ်ကို ရလိုက်ပေပြီ။

 

အထက်တန်းလွှာမှ ခံယူချက်ဖြင့် ဆင်းသက်လာသောသူများသည် မည်သို့ပင် ခံယူချက်ရှိပါသည်၊ ယုံကြည်ချက်ပြင်းပြလှပါသည်၊ ယူဆချက်လည်း ပြတ်သားလှပါသည်ဟု ဆိုနေစေကာမူ မယုံကြည်အပ်။ သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စနှင့် တကယ့်လက်တွေ့ ထိခိုက်လာသောအခါ ၎င်းတို့၏ လူတန်းစားဉာဉ်ကို မဖျောက်ဖျက်နိုင်။ ၎င်းတို့ဘဝကို မစွန့်ပစ်ရဲ။ တော်လှန်နိုင်ရန် ခဲယဉ်းဘိခြင်း။

 

တစ်ချိန်ကမူ သူ့မိဘနှင့် အသိုင်းအဝိုင်းကိုသာ ကြောက်လန့်ခဲ့၏၊ စိုးရွံ့ခဲ့၏။ သူ့ကိုတော့မူ ယုံကြည် မြတ်နိုးခဲ့၏။ အင်း၊ ယခုတော့ သူလည်း ဘာများထူးခြားလေသနည်း။ သည်ပုတ်ထဲကပဲ၊ သည်ပဲပင် မဟုတ်ပါလော။ တကယ်တော့လည်း ကိုယ်ကချစ်နေရသူဆိုတော့ မိမိကိုယ်ကို လှည့်စားကာ ယုံကြည်စိတ်ချမိသည် မဟုတ်ပါလား။

 

သည်ကဲ့သို့ အပြန်ပြန်အလှန်လှန် တွေးလာမိသောအခါ ယုံကြည်ချက်ဆိုသည်ကို မေ့ပျောက်ကာ ခံယူချက် သစ္စာတရားဆိုသည်ကိုလည်း ပစ်ပယ်လျက် ၎င်းတို့ လူတန်းစားလွှာဉာဉ်အတိုင်း ဖောက်ဖောက်ပြန်ပြန် လုပ်သွားရက်သော ကျောင်းဆရာမကြီး ခင်သန်းဌေးအား ကိုအေးဆွေသည် မိမိအသည်းနှလုံးဝယ် အပ်ပေါင်းထောင်ကိုးရာဖြင့် အထိုးအပေါက်ခံရသလို တမြည့်မြည့် နာကျင်လာတော့သည်။

 

ထိုကြောင့်လည်း ကိုအေးဆွေသည် သူနှင့်တွေ့ဆုံရန် မကြိုးစားခဲ့တော့ချေ။ တကယ်လည်း တွေ့ဆုံလိုစိတ် မရှိတော့။ အစကမူ သူနှင့်တွေ့၍ မိမိရင်ထဲတွင် ဘဝင်မကျဖြစ်နေသော ရင်တွင်းပြဿနာများကို တီးခေါက် စမ်းဝါးကြည့်ရန် ရည်ရွယ်ခဲ့သေး၏။ သူနှင့်တွေ့ဆုံရန် အခွင့်သာမည့် အချိန်ကိုသာ စောင့်စားနေခဲ့၏။ သည်ကဲ့သို့ သူ့အားစောင့်မျှော်နေသည်ဆိုခါမှ သူ၏အရိပ်အယောင်ကို မတွေ့ရတော့။ တွေ့ရပြန်တော့လည်း ကျောင်းသွား ကျောင်းပြန် ကျောင်းကြို မြင်းလှည်းပေါ်တွင်သာ အခြားအဖော်ဆရာမများနှင့် လှစ်ခနဲ လှစ်ခနဲ ခဏ လောက်သာ မြင်ရတော့သည်။ မိမိတို့ဘက်သို့ ပြန်စောင်းပင် မခတ်တော့ချေ။

 

နောက်ဆုံးတွေ့လိုက်ရသည့် သူတို့၏အခြေအနေကို မြင်လိုက်ရသောအခါမှသာ “ဪ၊ ဒီထိ အောင်ပင် ခရီးရောက်နေကြပါပေါ့လားဟု အောက်မေ့ကာ ကိုယ့်စိတ်ကို တုံးတုံးချလိုက်ရတော့သည်။ ထိုတွေ့လိုက်ရသည့် အခြေအနေမြင်ကွင်းကား ဦးဝင်းအောင်ကိုယ်တိုင် သူ၏ကားကလေးဖြင့် ခင်သန်းဌေးကို လာရောက်ကျောင်းကြို ခေါ်ယူသွားခြင်းပင်ဖြစ်သတည်း။

 

ဟင်း ...။

 

ကိုအေးဆွေသည် သက်ပြင်းကို လေးလေးပင်ပင် ကြီး ရှိုက်ငင်ချလိုက်သည်။ ထိုစဉ်ခိုက်ဝယ် တော်တော်ဝေးမှ ကြည်နူးစရာ တယောသံသည် ပျံ့လွင့်၍လာ၏။ ဆယ်ရင်တို့တဲသို့ ညောင်ဦးမှ အလည်ရောက်နေသော ဆယ်ရင့်ညီ ဝမ်းကွဲဆိုသူ၏ တယောသံဖြစ်ဟန်တူပေသည်။ သူသည် လက်ပံပင်ရွာထဲသို့ အလည်သွားရာမှ ပြန်လာသည်ဟုထင်သည်။

 

တယောသံသည် တဖြည်းဖြည်းနှင့် ကျယ်၍ ကျယ်၍လာ၏။ ကျယ်လာသည်နှင့်အမျှ ပီသ၍ လည်းလာ၏။ တယောသံမှာ ကြားရသူ၏စိတ်နှလုံးကို ထိခိုက်လှုပ်ရှားစေသည်။ တဖြည်းဖြည်းနှင့် တယောသံ၏ တီးကွက်ကို ကိုအေးဆွေက ရိပ်စား နားလည်လာသည်။

 

သီချင်းဆိုသံကို မကြားရစေကာမူ တယောသံဖြင့် အဓိပ္ပာယ်ကို အလိုလိုနားလည်လာသည်။ ချစ်သူနှင့် ကွေကွင်းရခြင်းကြောင့် ခံစားချက်ပြင်းပြစွာဖြင့် အသည်းနှလုံးမှ ငိုကြွေးမြည်တမ်းနေသလို နားတွင် အလိုလိုကြားယောင်လာသည်။ ထိုအခါ ကိုအေးဆွေ၏ရင်သည် အလိုလို နာလာသည်။ နင့်လာသည်။ တလှိုက်လှိုက်နှင့် တုန်လာ သည်။ ဆို့နစ်၍ ကြေကွဲဝမ်းနည်းလာသည်။

 

ဟင်း...။

 

ကိုအေးဆွေသည် သက်ပြင်းကို ရှိုက်ချလိုက်ပြန်သည်။ ငါ့ကိုများ တမင်လှောင်နေသလား။ ဒါမှမဟုတ် တယောရှင်မှာ ငါ့လို ခံစားနေလေရော့သလား။ ဤတွေးလုံးများက ကိုအေးဆွေ၏ခေါင်းထဲ ပြုံဝင်လာသည်။ တော်ပါသေး၏။ ဆက်၍များ တယောထိုးနေပါလျှင် ချုံးပွဲချ၍ ငိုများငိုမိလေမလား မသိ။ မှန်ပေသည်။ တယောရှင်သည် ဆယ်ရင်တို့တဲသို့ ရောက်သွားပြီထင့်။ ဝမ်းနည်းပက်လက်ဖြင့် ကြေကြေ ကွဲကွဲမြည်တမ်းနေသော တယောသံသည် ရုတ်တရက် ရပ်ဆိုင်းသွားတော့သည်။ ကြေကွဲစရာ တယောသံက ရပ်နားသွားသော်လည်း ကိုအေးဆွေ၏ရင်တွင်းမှ ကြေကွဲစရာ၊ ရင်နာ စရာတို့ကား မရပ်။ ဆို့နင့်၍ နာနေဆဲ။ ကြေကွဲ နေဆဲ။

 

ညဉ့်သည် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

 

တွေးလွန်းလှ၍လားမသိ၊ ကိုအေးဆွေ၏ ရင်သည်ပူလာ၏ ခေါင်းသည် မူးလာ၏။ ထိုကြောင့် ကိုအေးဆွေသည်ထ၍ ရေသောက်လိုက်၏။ ပြီးလျှင်အိပ်ရာပေါ်သို့ပြန်လှဲကာ အိပ်ပျော်ရန် ကြိုးစားပြန်သည်။ စိတ်ကိုလည်း လျှော့ချလိုက်၏။ သို့တစေလည်း ခေါင်းထဲသို့ ဟိုအတွေး၊ သည်အတွေး စသည့်အတွေးပေါင်းစုံက တစ်ဖန် စုပြုံဝင်လာပြန်၏ ထိုအခါ ကိုအေးဆွေ၏ခေါင်းသည် အတွေးများ ချာချာလည်လာသည်နှင့်အမျှ မူးဝေလာပြန်သည်။ သည်တော့လည်း စိတ်ကိုလျှော့ချလိုက် ပြန်၏။ သည်တစ်ခါတော့မူ မျက်တောင်များ စင်းကျလာသည်။

 

“ကိုအေးဆွေ၊ ကိုအေးဆွေ”

 

မှေးခနဲ အိပ်မောကျသွားသည်နှင့် တစ်ပြိုင်နက် ခွန်းဆင့်ကာခေါ်လိုက်သံကြောင့် ကိုအေးဆွေသည် လန့်ဖျပ်ကာ ရုတ်တရက် နိုးပြေလာသည်။ ညဉ့်နက် သန်းခေါင် ဘယ်သူများပါလိမ့်။ ယင်းသို့အောက်မေ့ ရင်း ကိုအေးဆွေသည် အိပ်ရာမှ လူးလဲထလိုက် သည်။

 

“ဘယ်သူလဲ”

 

“ကျုပ်တို့ပါ”

 

စုပေါင်းထန်းလုပ်ငန်းဝင်းကြီး၏ တံခါးမပေါက်ဝကြီးရှိ ကင်းတဲ၌ အစောင့်ကျနေသော လူစုထဲမှ မောင်ကံလှ၏အသံမှန်း ကိုအေးဆွေက ချက်ချင်း သိလိုက်၏။

 

“ဘာကိစ္စရှိလို့လဲဟေ့”

 

ကိုအေးဆွေသည် မီးအိမ်မှမီးစကို မြှင့်တင်ရင်း အိပ်ခန်းတွင်းမှ လှမ်းမေးလိုက်သည်။ သူသည် စုပေါင်းထန်းလုပ်ငန်း အုပ်ချုပ်မှု အမှုဆောင်အဖွဲ့ ရုံးခန်း၏တစ်ဖက်ရှိ သူ့အတွက် သီးခြားပြုလုပ်ထားသော အခန်းတွင် နေထိုင်လျက်ရှိသည်။

 

“တံခါးလှပ်ပါဦး၊ ကိစ္စရှိလို့ပါ”

 

အင်း၊ အချိန်မတော် ဘာကိစ္စများရှိရပြန်ပါလိမ့်ဟု တွေးတောရင်း ကိုအေးဆွေသည် သူအိပ်သော အခန်းမှ ဧည့်ခန်းကိုဖြတ်ကျော်လာပြီး တံခါးကို ဖွင့်ပေးလိုက်သည်။

 

“အလို”

 

စိတ်ထဲမှ ရုတ်တရက် တလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် မမျှော်လင့်ဘဲ လက်နက်ကိုင် ရဲတပ်သားများကို တွေ့လိုက်ရသောကြောင့်တည်း။ ရဲတပ်သားများသည် အဆောက်အအုံ ပတ်ပတ်လည်တွင် ဝိုင်းထားပြီးဖြစ်ကြောင်း အခြေအနေကို အကဲခတ်လိုက်ခြင်းဖြင့် ကိုအေးဆွေက ချက်ချင်းသိလိုက်သည်။ ထိုကြောင့်လည်း ရုတ်တရက် တုန်လှုပ်ချောက်ချားသွားသည်။ ဘာကိစ္စများပါလိမ့်။

 

“ကိုအေးဆွေဆိုတာ ခင်ဗျားပဲနော်”

 

မေးလိုက်သူမှာ ခါးတွင် ခြောက်လုံးပြူးထိုးထားသော ဒုလုံခြုံရေးမှူး (ရဲအုပ်) ဝတ်စုံဝတ်ထားသည့် သူဖြစ်သည်။ ၎င်းမှာ မကြာမီကမှ ကျောက်ပန်းတောင်း ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ ပြောင်းရွှေ့လာသော ဒုလုံခြုံရေးမှူးတစ်ယောက်ဖြစ်သည်။ လှကြည်ထံသို့ အလည်သွားရင်း အဝေးမှ နှစ်ကြိမ် သုံးကြိမ် မြင်ဖူး၏။ စကားတော့ မပြောဖူးပေ။

 

“ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ”

 

“ဒါဖြင့် ခင်ဗျားအခန်းကို ကျွန်တော်တို့ ရှာချင်တယ်။ ရှာခွင့်ပြုပါ”

 

“ဗျာ၊ ကျွန်တော့်အခန်းကို ရှာချင်တယ်”

 

ကိုအေးဆွေမှာ ဒုလုံခြုံရေးမှူး၏စကားကို ကြားလိုက်ရလျှင် အလွန်အံ့သြသွား၏။ ထိုကြောင့်လည်း သံယောင်လိုက်၍ ဆိုလိုက်မိခြင်းဖြစ်၏။ ဘာကိုများရှာချင်ပါလိမ့်။ ဤသိချင်စိတ်က ခေါင်းထဲသို့ ဒုန်းစိုင်း၍ ဝင်လာ၏။ ရင်ထဲတွင်လည်း ထိတ်သွား၏။ ရာဇဝတ်မှုမျိုးနှင့်မကင်းသည့် အလုပ်မျိုးကိုလည်း ဘာမျှမလုပ်ပါလား။

 

“ခင်ဗျားတို့ ဘာကိုရှာမှာလဲ”

 

ကိုအေးဆွေက မကျေနပ်၍ ထပ်မေးလိုက်၏။ “အမျိုးသမီး တစ်ယောက်ကို ရှာချင်လို့”

 

“ဗျာ”

 

မယုံကြည်နိုင်စရာ ကြားလိုက်ရသည့်စကားများကြောင့် ကိုအေးဆွေမှာ ဗျာတစ်လုံးသာ တနိုင် လိုက်တော့သည်။ ရုတ်တရက် ပါးစပ်ကြီးဟသွားကာ ဒုလုံခြုံရေးမှူးကိုသာ ငေးကြောင်ကြောင်ကြီး ကြည့်နေမိတော့သည်။ ဘယ်လိုပါလိမ့်။

 

“ဘယ်က အမျိုးသမီးပါလဲ၊ ဘယ်သူပါလိမ့်”

 

သိချင်စိတ်က အလွန်ပြင်းပြလှသဖြင့် ကိုအေးဆွေသည် ထပ်၍မေးမိအောင် မေးလိုက်ပြန်၏။

 

“ဒါကတော့ဗျာ၊ အမျိုးသမီးတစ်ယောက်ဆိုရင် အဖြေဟာ လုံလောက်နေပါပြီ”

 

ထိုနောက်တော့ ကိုအေးဆွေသည် ရှာခွင့်ပြုလိုက် ရတော့၏။ ရဲတပ်သားများသည် အဆင်သင့် ခေါ်ဆောင်လာသော လက်ပံပင်ရွာထဲမှ လူကြီးနှစ်ဦးနှင့်အတူ စုပေါင်းထန်းလုပ်ငန်းအဖွဲ့မှ ဦးစံကျော်၊ ဦးထွန်းဖေတို့ပါ သက်သေခေါ်၍ ကိုအေးဆွေ၏ အခန်းအား ရှာဖွေကြသည်။ ထိုနောက် အခြား မသင်္ကာစရာ အဆောက်အအုံနှင့် တဲအိမ်အချို့ကိုပါ ရှာဖွေကြပြန်သည်။

 

ကိုအေးဆွေမှာမူ ဘာမျှနားမလည်နိုင်တော့ချေ။ ထိုကြောင့်လည်း စဉ်းစား၍မရနိုင်သော အပြုအမူဖြင့်သာ ရဲတပ်သားများ ဟိုအခန်း၊ သည်အခန်း၊ ဟိုတဲ၊ သည်တဲ စသည်တို့၌ ရှာဖွေနေကြသည်ကို စကားတစ်လုံးမျှ မပြောနိုင်ဘဲ ကြည့်နေမိသည်။ အတန်ကြာမှသာ ကိုအေးဆွေသည် ပတ်ဝန်းကျင်ကို သတိပြုမိလာတော့သည်။

 

ဆက်လက်ဖော်ပြပါမည်။