နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၅-၁၂-၂၀၂၃ ရက်မှအဆက်

ဤသို့သော သူတို့နှစ်ဦး၏ ခြားနားချက်အသွင် လက္ခဏာ၊ စိတ်နေသဘောထား၊ အရည်အချင်းများကို ကိုအေးဆွေ နှိုင်းယှဉ်ဝေဖန်နေမိ၏။ ထိုအခါ ကိုအေးဆွေသည် မည်သည့်အကြောင်းကြောင့်ဟု မသိ။  သက်ပြင်းကို အလိုလိုရှိုက်ချလိုက်သည်။ ဘာလို့များနှိုင်းယှဉ်မိပါလိမ့်။

“ကိုရင့်ခါးက စွပ်ကျယ်ချွတ်လေ။ ညစ်လှပြီ မဟုတ်လား။ လျှော်ရအောင်”

ထွေးရီ၏ ပြောလိုက်သံက ကိုအေးဆွေ၏အတွေးများကို ပြတ်သွားစေ၏။ ထွေးရီပြောမှပင် ကိုအေးဆွေ သည် သူ့ကိုယ်မှစွပ်ကျယ်ကိုသူ ငုံ့ကြည့်လိုက်၏။
အင်း၊ ဟုတ်ပါပကော။ စွပ်ကျယ်မှာ ညစ်ရုံမက ချွေးစော်ပင် နံနေပေပြီ။

ထို့ကြောင့်လည်း ကိုအေးဆွေသည် အစ်မကြီး အမိန့်ပေးသည်ကို မောင်ငယ်တစ်ယောက်က ကျိုးနွံစွာဖြင့် လိုက်လုပ်နေရသကဲ့သို့ မည်သို့မျှ ပြန်ပြောမနေတော့ချေ။ ခါးမှစွပ်ကျယ်ကို ချွတ်လိုက်သည်။ ထို့နောက် ထွေးရီပေးနေသော ဖွပ်လျှော်ပြီး စွပ်ကျယ်ကို လှမ်းယူကာ ဝတ်လိုက်သည်။

“ကိုရင့်ဟာက သိပ်ညစ်ပတ်တာပဲ။ ဖွပ်လျှော်ပြီး အဆင်သင့်ရှိတဲ့ စွပ်ကျယ်ကိုတောင်  လဲမဝတ်ချင်ဘူး။ ကလေးကျနေတာပဲ၊ ဟင်း”

ထွေးရီသည်  ကိုအေးဆွေကို  မျက်စောင်းလေးခဲကာ ကြည့်လိုက်ရင်း အစ်မကြီးက မောင်ငယ်အား ကြိမ်းလိုက်သလို ကြိမ်းမောင်းလိုက်သည်။

“ကိုရင် ဘာဖြစ်နေတာလဲဟင်။ စကားလည်း တစ်လုံးမှပြန်မပြောဘူး။ မျက်နှာကြီးကလည်း ရှစ်ခေါက်ချိုးကြီးနဲ့”

ထွေးရီသည် သုန်မှုန်၍ ဣန္ဒြေကြီးတစ်ခွဲသားနှင့် ဖြစ်နေသော ကိုအေးဆွေ၏မျက်နှာကို စူးစူး စိုက်စိုက်ကြည့်ပြီး အကဲခတ်ရင်း မေးလိုက်ပြန်၏။
“ဟာ၊ ဒီကောင်မလေးကလည်း စိတ်ရှုပ်ရတဲ့အထဲ၊ သွားစမ်း သွားစမ်း”
 
စိတ်မရှည်နိုင်တော့သော ကိုအေးဆွေက စပ်စုလှသည့် ထွေးရီ၏အမေးကို အော်ငေါက်၍ပစ်လိုက်သည်။

“အမယ်လေး၊ သိပါတယ်၊ သိပါတယ်။ မပြောချင် လည်းနေပါတော့။

ထို့နောက်တော့ ထွေးရီသည် သူ့နှုတ်ခမ်းလေးများကို ထော်လန်သွားအောင် စူပစ်လိုက်ရင်း  အဝတ်ဟောင်းများကို စုကောက်ကာ  စိတ်ဆိုးမာန်ဆိုးဖြင့် ခြေထောက်ဆောင့်၍ တဇောင့်ဇောင့်နှင့်  ထွက်သွားတော့သည်။ ခက်လိုက်ပါဘိ ထွေးရီရယ်။

ကိုအေးဆွေမှာ ဤသို့သာ စိတ်ထဲမှနေ၍ ရေရွတ်လိုက်မိတော့သည်။  တကယ်တော့လည်း  ထွေးရီ သည်  ကိုအေးဆွေအား အစ်ကိုကြီးတစ်ယောက်ကဲ့သို့  ချစ်သည်၊  လေးစားသည်၊  မြတ်နိုးသည်။ ဝတ်ကြီးဝတ်ငယ်ရှိသမျှကိုလည်း ပြုစုသည်။ ဤကြားထဲမှ  ဆိုးစရာ၊ တာစရာ၊ နွဲ့စရာရှိလျှင်လည်း ဆိုးလိုက်၊ တာလိုက်၊ နွဲ့လိုက်၊ စိတ်ကောက်လိုက်နှင့်ဖြစ်သည်။  ဒါကိုပင်  ကိုအေးဆွေသည် နှမလေးအရင်းပမာ သံယောဇဉ်တွယ်တာ၍ ချစ်ရသည်။ ခင်ရသည်။ အလိုလိုက်ရသည်။ အော်စရာ ရှိလျှင်လည်း အော်ငေါက်ပစ်မိသည်။

သည်ကဲ့သို့ ကိုအေးဆွေအပေါ်  ထွေးရီတစ်ယောက်က ဂရုတစိုက် ယုယပြုစုဖော်ရသည်မှာလည်း ကိုအေးဆွေ ရန်ကုန်မှပြန်ရောက်စကတည်းက ဖြစ်လေသည်။

ကိုအေးဆွေ၏မိခင်ကြီးဖြစ်သူ  ဒေါ်ဘုမဆိုသည်ကလည်း ကောင်းစွာကျန်းမာလှသည် မဟုတ်ချေ။ မကြာခဏ ပန်းနာရင်ကျပ်၍ ချောင်းဆိုးနေတတ်ပေသည်။ အိပ်ရာထဲလဲ၍ တရှဲရှဲမြည်ကာ တဟောဟော မောနေတတ်လေသည်။

ထိုအခါ  ကိုအေးဆွေသည်  မိခင်၊ ဖခင်တို့၏ အဝတ်အစားများကို လျှော်ဖွပ်ပေးရလေသည်။ ကြာတော့လည်း  ထွေးရီသည်  မနေနိုင်တော့ချေ။ ကိုအေးဆွေ၏တာဝန်ကို  သူက လွှဲပြောင်းယူရာမှ ယခုတော့  ကိုအေးဆွေ၏အဝတ်အစားများကိုပါ သူကဒိုင်ခံ၍ လျှော်ဖွပ်ပေးနေတော့သည်။

ယခုတော့မူ  ထွေးရီသည်  ကိုအေးဆွေတို့၏ အိမ်ထောင်စုအပေါ်တွင် အချိန်ရလျှင်ရသလို သူတတ် နိုင်သည့်အလုပ်ကလေးများကို လာရောက်ကူညီ လုပ်ကိုင်ပေးတတ်သည်။  ဒေါ်ဘုမတစ်ယောက် ရောဂါဖိစီး၍  အိပ်ရာထဲလဲသွားပြီဆိုလျှင်လည်း သူပင် လာရောက်၍  ဝတ်ကြီးဝတ်ငယ်မှန်သမျှကို မငြိုမငြင် မိခင်ရင်းပမာ  စေတနာထားပြီး  ပြုစုနေတတ်ပေသည်။

ထိုအခါ ဒေါ်ဘုမက “သမီးရယ်၊ သမီးလည်း အမေတို့အိမ်အတွက် ပင်ပန်းလှပါတယ်။ နေပါစေကွယ်။ အမေတို့ဟာ အမေတို့လုပ်ပါ့မယ်” ဟု ပြောဆို ဟန့်တားခဲ့သည်ကိုပင်  ထွေးရီက လက်မခံခဲ့ပေ။ 

မှန်ပေသည်။ ကိုအေးဆွေတို့အိမ်ထောင်စုအပေါ်တွင် ထွေးရီမှလုပ်မပေးလျှင် မည်သူကလုပ်ပေးပါမည်နည်း။

ဦးဖိုးခ ဆိုသည်ကလည်း ခြေတစ်ဖက်မသန်စွမ်းတော့သည့် အသက်ကြီးလာပြီဖြစ်သော အဘိုးအို။ ဒေါ်ဘုမဆိုသည်မှာလည်း လူမမာ အမယ်အို။ ကိုအေးဆွေကလည်း စုပေါင်းထန်းလုပ်ငန်းကိစ္စနှင့် ပတ်သက်၍ နေ့မအား ညမအား အချိန်ပြည့်တာဝန် ယူနေရသော လူတစ်ယောက်။ 

ဤသည်များကို ထွေးရီက သဘောပေါက်ပေသည်။ 

ယခုတော့ ကိုအေးဆွေ၏ ကိုယ်ရေးကိုယ်တာ ရင်တွင်းပြဿနာကိုပါ သိပါတယ်၊ သိပါတယ်ဟု ထွေးရီက ဆိုနေချေပြီ။ 

မည်သည်ကို သိလေသနည်း။

[ ၄၅ ]

ဖတ် ဖတ် ဖတ်၊ အောက်အီးအီးအွတ်။

လုလင်ပြန်ချိန်ကြက်များ တွန်လာသည့်တိုင်အောင် ကိုအေးဆွေမှာ အိပ်မပျော်နိုင်သေးချေ။ တကယ်တော့လည်း အိပ်၍ကောပျော်နိုင်ပါမည်နည်း။

ညဉ့်သည် တဖြည်းဖြည်း နက်၍နက်၍ လာသလို ကိုအေးဆွေ၏ အတွေးများသည်လည်း တစ်စတစ်စ နက်၍နက်၍လာသည်။ 

ခင်သန်းဌေးသည် မကြာမီ ဦးဝင်းအောင်နှင့် လက်ထပ်တော့မည်၊ ယခုရက်ပိုင်းအတွင်းမှာပင် စေ့စပ်ကြောင်းလမ်းနားဖောက်၍  မင်္ဂလာဆောင်ရန် ရက်များအတိအကျသတ်မှတ်တော့မည်၊ ဤကိစ္စအတွက် ယနေ့ နက်ဖြန်ဆိုသလို ဦးဝင်းအောင်၏ မိဘများလည်း မိတ္ထီလာမှ ရောက်လာတော့မည်ဆိုသော  ရင်နင့်စရာသတင်းများကို  ကိုအေးဆွေ သည် လှကြည်ထံမှ ဆက်ကာဆက်ကာ ကြားသိရလေသည်။

ပထမတော့မူ ကိုအေးဆွေသည် ဤသတင်းများကို လက်မခံချင်ပေ။ သတင်စကားဆိုသည်မှာ ဟုတ်သည်ထက် ချဲ့ထွင်၍ပြောတတ်သည် မဟုတ်ပါလား။
ထို့ကြောင့်လည်း ကိုအေးဆွေသည် လူတွေ၏ အတင်းအဖျင်းပြောတတ်သည့် အကျင့်ကို နားလည်သဘောပေါက်ကာ မဖြစ်နိုင်ပါ၊ မဟုတ်နိုင်ပါဟုသာ ကိုယ့်စိတ်ကို အတင်းငြင်းကွယ်နေမိ၏။

သို့သော် တစ်ကြိမ်ထက်တစ်ကြိမ် ကြားလာဖန် များလာသောအခါ ထိုသတင်းစကားများကို အတည်ပြုလာချင်သလို ဖြစ်လာသည်။ အဘယ် ကြောင့်ဆိုသော် လှကြည်က ဤသတင်းများသည် တိကျခိုင်လုံသော သတင်းစကားများဖြစ်ပါသည်ဟု အခိုင်အမာဆိုလာသောကြောင့်ဖြစ်၏။ ဘာကြောင့် ဤသတင်းစကားများ ခိုင်မာပါသည်ဟုဆိုသော် သူ့ဆရာကတော် စိန်စိန်ထံမှ ကြားရသောကြောင့်တည်းဟု ဆိုလေသည်။

စိန်စိန်ဆိုသည်မှာ လှကြည်တို့၏ အထက်လူကြီး၊ တစ်နည်းဆိုရသော် ကျောက်ပန်းတောင်း ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ခံ၊ စခန်းမှူး (ဌာနာပိုင်) ၏ ဇနီးဖြစ်သည်။ မြို့ပိုင်ဦးဝင်းအောင်နှင့် မောင်နှမဝမ်းကွဲတော်သည်။ ဦးဝင်းအောင်နှင့် ခင်သန်းဌေးတို့ နီးစပ်ရေးအတွက်  စိန်စိန်က  ဖန်တီးပေးနေသည်ဟု ဆိုလေသည်။
နောက်ဆုံးအစီအစဉ်ဖြစ်သော စေ့စပ်ကြောင်းလမ်းရေးလုပ်ပြီး မင်္ဂလာဆောင်ရန်ရက်များ  အတိအကျ သတ်မှတ်ရေးအထိ၊ ခင်သန်းဌေးက သဘော တူသည်အထိ ဖန်တီးသိမ်းသွင်းခြယ်လှယ်နေသူမှာ စိန်စိန်ပင်ဖြစ်သည်ဟု လှကြည်က အခိုင်အမာ ဆိုလာချေတော့သည်။

ထို့ကြောင့်လည်း ကိုအေးဆွေမှာ ထိုထိုသော သတင်းစကားများ ကြားသိစက ဟုတ်ပါသည်၊ မှန်ပါသည်ဟု ဆိုပါလျက်နှင့်ပင် မဟုတ်ပါ၊ မမှန်ပါဟု ကိုယ့်စိတ်ကို လှည့်စားထားခဲ့သော စိတ်တို့သည် ယခုတော့ အရည်ပျော်စပြုလေပြီ။
ထို့နောက်တော့ဝယ် ကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ နှမြောတသခြင်း စသောဝေဒနာမျိုးစုံတို့သည် တစ်ရက်ပြီးတစ်ရက် ကိုအေးဆွေအား တရိရိနှင့် နွမ်းစေအောင် ဖိစီးနှိပ်စက်စ ပြုလာတော့သည်။

အစကမူ ကိုအေးဆွေသည် ခင်သန်းဌေးအား ခံယူချက်ရှိ၍ ယုံကြည်ချက် အယူအဆ ဝါသနာချင်း တူညီလေသူဟု ယုံစားမိခဲ့၏။ မြတ်နိုးခဲ့၏။ ဘဝ လမ်းခရီးတစ်လျှောက်သွားရာမှာပင် လက်တွဲသွားရန် ရည်မှန်းခဲ့၏။ ရည်မှန်းခဲ့သည့်အတိုင်းလည်း ထန်းမောင်နှံအောက်ဝယ် သူ့အားမေတ္တာတေးဆို၍ ရင်ဖွင့်ပြခဲ့၏။ သူ၏ချစ်ရည်လူးနေသော မျက်လုံးကြီးများဖြင့်လည်း မိမိအား ကလယ်ကလယ်နှင့် ကြည့်နေခြင်းခံရ၏။ ဤသည်ကပင် သူ့နှလုံးသား၏ အဖြေပင်ဖြစ်သည်ဟု ယုံစားမှတ်ထင်ခဲ့လေသည်။ 

ယခုတော့  ဤချစ်ရည်လူးနေသော  မျက်လုံးကြီးတို့သည် ဘာများအဓိပ္ပာယ်ရှိတော့သနည်း။

အင်း၊ အထက်တန်းလွှာမှ လူကုံထံတို့၏ စိတ်နေသဘောထားကို နားလည်ရန်ခက်ပါဘိ။

အမှန်တော့လည်း ကိုအေးဆွေသည် ခင်သန်းဌေး အား ကျောင်းသားဘဝကတိုင် ချစ်ရုံသာချစ်ခဲ့၏။ ဘဝခရီးလမ်းတစ်လျှောက် လက်တွဲသွားရန်ထိ မမျှော်မှန်းခဲ့။ လူနေမှုအဆင့်ချင်းက ကွာခြားလေ သူမို့ ကိုယ့်အချစ်ကိုကိုယ် မျိုသိပ်ကာ ခပ်မဆိတ် နေခဲ့သည်။ ဤသည်ကိုပင် လှကြည်နှင့် ဆယ်ရင် တို့က မကြာခဏ ဘေးတီး၍ မြှောက်ပေးခဲ့ကြသည်။ မည်မျှပင် မြှောက်ပေးခဲ့စေကာမူ ကိုအေးဆွေက လက်မခံခဲ့။ ကြာတော့လည်း စိတ်ပါလာသည်။ သူတို့ပြောစကား ဟုတ်နိုးနိုးထင်လာသည်။ သို့တိုင် အောင်  ကိုအေးဆွေက  သူတို့အား  လူတန်းစားတစ်ရပ်၏ မစွန့်နိုင်သော၊ ရှိလေ့ရှိထရှိသော ဉာဉ်မျိုးကို သဘောတရားပြ၍ ငြင်းဆိုခဲ့ဖူးသည်။

“ဒီမှာ လှကြည်၊  လူ့ဘဝဆိုတာ  ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့  ကင်းကွာလို့မရဘူး။  အမြဲတမ်း ဆက်စပ်နေတာ။ ကိုယ့်ချည်းထီးတည်း နေလို့မရဘူး။ ဌေးဌေးရဲ့ဘဝဟာလည်း ဒီလိုပဲ။ သူ့ရဲ့ လူမှုရေး ဆက်ဆံရေးတွေနှင့် ပတ်သက်လာရင် ဘယ်လိုပဲ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ ပြောင်းလဲနေတယ်ဆိုပေမဲ့ တကယ်တမ်း သူ့ဘဝ အိမ်ထောင်ရေးကျတော့  သူ့ဘဝကိုသူ လွတ်လပ်စွာ  ဖန်တီးနိုင်မှာ မဟုတ်ဘူး။ စွန့်နိုင်မှာမဟုတ်ဘူး။ သူ့မိဘနဲ့ဆွေမျိုး အသိုင်းအဝိုင်းက ချုပ်ကိုင်ထားမှာ။ အဲဒီလို ချုပ်ကိုင်ထားတာကိုလည်း သူကလွန်ဆန်ရဲလိမ့်မယ်လို့ မထင်ဘူး” ဆက်လက်ဖော်ပြပါမည်။