နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၉-၁၁-၂၀၂၃ ရက်မှအဆက်

“ကိုအေးဆွေကတော့ လုပ်ပြီ။ လူတွေကို ထန်းပင်တွေနဲ့နှိုင်း၊ ထန်းခိုင်တွေကို အချစ်နဲ့ ပမာပြုနဲ့ ကိုယ့်အဘိဓမ္မာနဲ့ကိုယ် ကောက်ချက်ချ အဖြေထုတ်နေတော့တာပဲ။ ကဲ ဆက်ပြီး အဓိပ္ပာယ် ဖွင့်တော်မူစမ်းပါဦးတဲ့ရှင်” 

ခင်သန်းဌေးက ရယ်ရယ်မောမောဖြင့် ငေါ့ပစ်လိုက်သည်။ 

“မဟုတ်ဘူးလား၊ ကျွန်တော်ပြောတာ”

“ဘယ်ဟုတ်မလဲ ကိုအေးဆွေ၊ တကယ်တော့ ဘဝသစ်တစ်ခုကို ဖန်တီးရတယ်ဆိုတာ မလွယ်ပါဘူး။ သူတို့လို ငယ်ရွယ်သူလေးတွေအဖို့ ပိုမလွယ်တာပေါ့။ ကိုအေးဆွေပြောသလို သစ်ပင်တွေဟာ အချိန်တန်အရွယ်ရောက်လို့  သူ့အခါရာသီ ရောက်ရင် သီးတယ် ပွင့်တယ်ဆိုတာ ဌေး လက်ခံပါတယ်။ ဒါပေမဲ့ သဘာဝရဲ့တားဆီးမှု၊ နှောင့်ယှက်မှု အန္တရာယ်နဲ့တွေ့ကြုံလာရင် အချိန်အခါမရောက်မီ သေကျေပျက်စီးရတယ်။ တချို့ သီးပွင့်ပြီးမှ ပျက်စီး ဆုံးရှုံးသွားရတယ်ဆိုတာကိုတော့ ကိုအေးဆွေ လက်ခံရဲ့လား”

ဒါကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ သဘာဝတရားကို လူကပြုပြင်ပေးရင်ကော မဖြစ်နိုင်ဘူးလား။  ပမာဆိုကြပါစို့။ သစ်ပင်လေးတစ်ပင် သန်စွမ်းကြီးထွား သီးပွင့်လာဖို့ ရေ၊ မြေ၊ လေ၊ နေရောင်ပေါ်မှာမူတည်တယ်။ ရေရအောင် ဖန်တီးပေးမယ်။ မြေသြဇာကောင်းမွန်လာအောင် ပြုပြင်ပေးမယ်။ လေရအောင်လုပ်ပေးမယ်။ လောင်းရိပ် အောက်မှကင်းပြီး အလင်းရောင် နေရောင်ရအောင် ခုတ်ထွင်ရှင်းလင်းပေးမယ်ဆိုရင် ဒီသစ်ပင်လေးဟာ လွတ်လပ်စွာ သန်စွမ်းကြီးထွားလာပြီး လူ့လောကကို အကျိုးမပြုနိုင်ပေဘူးလား။

“အဲဒီလိုပဲ မောင်ထွန်းမြင့်တို့ရဲ့ ဘဝသစ်ထူထောင်ရေးကိုလည်း ငယ်ပါသေးတယ်လို့ ရှုတ်ချပြစ်တင် နေမယ့်အစား နှစ်ဖက်မိဘနဲ့ ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီပြီး ဖန်တီးပေးမယ်ဆိုရင် သူတို့လေးတွေဟာ ဘဝကို ဘာလို့ရင်မဆိုင်ရဲဘဲ နေရမှာလဲ ဟင်”

ကိုအေးဆွေက သူ့အဘိဓမ္မာကို ဖွင့်ပြလိုက်သည်။

“ဒါက ကိုအေးဆွေရဲ့ အယူအဆကိုး။ ဌေးကြားတာကတော့ ကလေးမလေးရဲ့ မိဘဘက်က ကျောင်းနေတုန်းအရွယ်လေးမို့  ခါးခါးသီးသီး ငြင်းဆိုနေတယ်ဆို”

“ဟုတ်ပါတယ်၊ သမီးလေးတစ်ယောက်တည်း ဆိုတော့လည်း နောင်ရေး စိတ်ချရအောင်ဆိုပြီး ကလေးမလေးကို ဆယ်တန်းလောက် အောင်အောင်သင်စေပြီး ကျောင်းဆရာမအလုပ်ခိုင်းဖို့ သူ့မိဘများမှာ ရည်ရွယ်ချက်ရှိသတဲ့။ ကောင်မလေးက ခုနစ်တန်း စာမေးပွဲဖြေဆိုမယ့်  တန်းလန်းကြီးမှာ ခုလိုလင်နောက်လိုက်ပြေးတော့ မိဘတွေမှာ ရင်ကျိုးတာပေါ့”

“ဟုတ်တာပေါ့။ ဌေး မပြောလား။ ဌေး တို့လို စာသင်ပေးတဲ့  ဆရာသမားအနေနဲ့တောင် သူ့အတွက် ရင်ထုမနာဖြစ်ရသေးရင် မိဘဆိုတာကတော့ ဘယ်ပြောစရာရှိတော့မှာလဲဟင်”
ခင်သန်းဌေးသည် သူ့တပည့်မအား ပညာသင်တုန်းအရွယ် အသက်ငယ်ငယ်လေးဖြင့် အိမ်ထောင်ပြုသွားရမို့လားဟု ကရုဏာဒေါသောစိတ်ဖြင့် မြင်နေချိန်တွင် အသက်ငယ်ငယ် အိမ်ထောင်ပြုရေးကို အားပေးနေသော ကိုအေးဆွေ၏အယူအဆ များကို လက်မခံနိုင်ပေ။
“ဟုတ်ပါတယ်လေ။ ဒါကြောင့်မို့လို့လည်း ဒီလိုသမီးအတွက် မျှော်လင့်ချက်တွေဆုံးပြီး ယူကျုံးမရ ဖြစ်သွားရှာကြတဲ့ ကလေးမလေးရဲ့ မိဘတွေဆီကို ကျွန်တော်ပဲ သွားပြီးရှင်းပြရတာပေါ့။ အိမ်ထောင်ကျသွားပေမဲ့ ပညာရေးမှာ မထိခိုက်နိုင်ဘူးဆိုတဲ့ အကြောင်း၊ ရန်ကုန်မြို့လို မြို့ကြီးတွေမှာဆိုရင် အချို့အမျိုးသမီးတွေဟာ  အိမ်ထောင်ကျပြီးတဲ့ နောက်မှာတောင်မှပဲ  တစ်ဖက်ကအလုပ်လုပ်ရင်း တစ်ဖက်ကလည်း ပညာဆက်သင်သွားကြလို့ ဘီအေတွေ ဘာတွေတောင် အောင်သွားကြတယ် ဆိုတဲ့အကြောင်း ရှင်းပြတော့ အတော်သဘောကျ သွားတယ်လေ”

ကိုအေးဆွေက သူ့အကျိုးဆောင်ချက်များကို အားရစွာဖြင့် ရှင်းပြနေသည်။

“ပြီးတော့ မောင်ထွန်းမြင့် ဆိုတာကလည်း လူရိုးလူကောင်းလေးပါ။ ကျွန်တော်တို့ ဘုံထန်းတောအဖွဲ့က  ထန်းအလုပ်သမားတစ်ယောက်ပဲ။ ဌေးဌေး  ဒီကျောင်းမရောက်ခင် အရင်နှစ်ကပဲ ခုနစ်တန်းအောင်သွားတယ်။ ပညာဆက်သင်ဖို့ ဆိုတာကလည်း မိဘက ဆင်းရဲတယ်။ ခုတော့ မြခင်မိဘများက ကျွန်တော့်ရှင်းပြချက်ကို သဘောကျပြီး သားသမီးမပစ်နိုင်တော့လည်း မင်္ဂလာဆောင်ပေးပြီး  လာမယ့်ကျောင်းဖွင့်ချိန်မှာ မောင်ထွန်းမြင့်ပါ ကျောင်းဆက်ထားပေးလိမ့်မယ်လေ”

မောင်ထွန်းမြင့်နှင့် မြခင်တို့၏ အနာဂတ်ဘဝ သစ်ထူထောင်ရေးအစီအစဉ်များကို ကြားသိရသောအခါ ခင်သန်းဌေးမှာ အတော်အံ့သြသွားသည်။ သူတို့လေးတွေဘဝအတွက် အတော်စိတ်ချမ်းသာ သွားသည်။ 

“ဒီလိုဆိုရင်  သူတို့လေးတွေရဲ့ အနာဂတ်ဘဝ ခရီးဟာ ဖြောင့်ဖြူးသွားပါလိမ့်မယ်နော်”
ခင်သန်းဌေးမှာ  ဆရာတပည့်တစ်ယောက်၏ သံယောဇဉ်ဖြင့် ပူပူပင်ပင် ညည်းမိလိုက်သည်။

“ဖြောင့်ဖြူးမှာပါပဲ။ တကယ်တော့ ကောင်မလေး မိဘများဟာလည်း ထန်းပိုင်ယာပိုင် စားနိုင်သောက်နိုင်  ချောင်ချောင်လည်လည်ထဲကပဲ။ ကောင်လေးများကတော့ ဆင်းရဲတယ်။ ဒီတော့ မြခင်မိဘများက တစ်ယောက်တည်းဖြစ်တဲ့ သူတို့ သမီးကို ဆင်းရဲတဲ့မိဘသားနဲ့ မပေးစားချင်ဘူး။ လူဆိုတာ ဘာပဲဖြစ်ဖြစ် ပစ္စည်းလေးအသင့်အတင့် ရှိလာရင် လူတန်းစားခွဲခြားရေးစနစ်ဟာ အလိုလို ဝင်လာတာပဲမဟုတ်လား”

ဤအချက်ကိုတော့ ခင်သန်းဌေးက လက်ခံရပေမည်။

“ဒါနဲ့ နောက်ဆုံး ကျွန်တော်တို့ကပဲ ခေတ်အခြေအနေတွေပါ ရှင်းပြ၊ နောက်ပြီး သူတို့ကလည်း ဖြစ်ပြီးသား ကိုယ့်သမီးမပစ်နိုင်တော့လည်း အခုလို လူငယ်တွေရဲ့ နှလုံးသားချင်းတူညီမှုကို အခြေအနေ ချင်းပါတူညီလာအောင် အနာဂတ်ဘဝဖန်တီးရေး တွေပါ သာယာဖြောင့်ဖြူးသွားနိုင်တဲ့အထိ သူတို့လေးတွေရဲ့ဘဝဟာ အဆင်ပြေလာတာပေါ့”

ထိုအချိန်ဝယ် သူတို့သည် မိသားစုထန်းတော နားသို့ နီးကပ်လာပြီဖြစ်၏။ ထိုအခါ ခင်သန်းဌေး၏ မျက်နှာသည် အလိုလိုပြုံးမိလျက်သား ဖြစ်သွားလေသည်။

“အင်း၊ ကိုအေးဆွေက သူများတွေရဲ့ နှလုံးသားချင်း တူညီနေတာကို ပတ်ဝန်းကျင်အခြေအနေ အသိုင်းအဝိုင်းပါ တူညီသွားအောင် လုပ်ပေးတတ်တာကိုး။ ကိုယ့်ဘဝကျတော့ ဘာမှကြိုးစားမှုမရှိပါလား”

တလောက ထန်းမောင်နှံအောက်တွင် ပြောဖူးသော ကိုအေးဆွေ၏စကားများကို ရုတ်တရက် သတိရ၍ ခင်သန်းဌေးက အစ်ထုတ်လိုက်သည်။ “ဘယ့်နှယ်ပြောပါလိမ့် ဌေးဌေးရယ်။ မတူညီတာကို တူညီအောင်လုပ်ချင်တာပေါ့။ ဒါပေမဲ့ မတူညီတာကို တူညီအောင်ဇွတ်လုပ်ရင် တစ်နေ့အန္တရာယ် တွေ့တတ်ပါတယ်။ အသည်းကွဲခံရတတ်ပါတယ်။ ဆိုကြပါစို့၊ ကျွန်းသစ်နဲ့ ထင်းရှူးသစ်ကို တူညီ တယ်လို့ သဘောထားပြီး လှေသင်္ဘောဆောက်လုပ်ရင် တစ်နေ့မှာ ကွဲပျက်ပြီး အန္တရာယ်ကောင်းကောင်း တွေ့မှာ အမှန်ပဲ”

သည်တစ်ခါတော့ ကိုအေးဆွေက သူ့စကားများကို သစ်များနှင့် ပမာနှိုင်းပြီး တင်စားလာပြန်ချေပြီ။

“ဘာကြောင့်ဆိုရင် ရေပေါ်မှာပေါ်တဲ့ သစ်မျိုးချင်း တူပေမဲ့ သဘာဝရဲ့ဒဏ် ခံနိုင်ရည်စွမ်းသတ္တိကတော့ မတူဘူး။ ဒါဘာကြောင့်လဲ၊ အခြေခံပေါက်ရောက်တဲ့ ရေမြေရာသီဥတု ဗီဇအခြေခံချင်း မတူညီလို့ပဲ။ ဒါကြောင့်မို့လို့လည်း ကျွန်းသစ်က ခြမစားဘူး။ ဘယ်လောက်ပူပူ၊ ဘယ်လောက်အေးအေး ပြန့် ကားခြင်း၊ ကျုံ့ခြင်း မရှိဘူးလေ။ ရေထိလေ ခိုင်လေ ဖြစ်ပြီး နှစ်ပေါင်းရာထောင်ချီပြီး ခိုင်ခံ့တယ်။ ထင်းရှူးသစ်ကျတော့ ခြကြိုက်တဲ့အစာဖြစ်ပြီး ရာသီဥတုဒဏ်၊ ရေဒဏ်ကို မခံနိုင်ဘူး။ ကျိုးလွယ်၊ ပဲ့လွယ်၊ ဆွေးလွယ်တဲ့ သစ်မျိုးပဲ။ ဒီလို ခံနိုင်ရည် သတ္တိချင်းမတူညီတဲ့ ဒီသစ်နှစ်မျိုးကို ရေပေါ်တာ ချင်း တူညီတဲ့သဘောနဲ့ဆက်စပ်ပြီး လှေသင်္ဘော ဆောက်လုပ်ရင် ခဏပဲခံမယ်။ မကြာမီပေါက်ကွဲပြီး စီးသူတွေကို သေကျေပျက်စီးသွားစေမှာ အမှန်ပဲ”

“ကိုအေးဆွေဆိုလိုတာက ဘာကိုဆိုလိုတာလဲ။ ရှင်းရှင်းပဲပြောပါလေ။ ဌေး နားမလည်ဘူး”

ကွေ့ဝိုက်၍ပြောနေသော ကိုအေးဆွေ၏စကား ကို ခင်သန်းဌေးက ဖြတ်မေးလိုက်သည်။

“အေးလေ၊ တကယ်တော့ ကျွန်တော့်ပျော့ကွက်လို့ ဆိုရမှာပါပဲလေ” 

စောစောက တက်ကြွစွာပြောနေသော ကိုအေးဆွေ မှာ ယခုတော့ ရုတ်တရက်ငိုင်ကျသွားသည်။ ပြောနေသော စကားသံကပါ အားနည်းသံဖြင့် တိမ်ဝင်သွား သည်။ ပင်ပန်းကြီးစွာလည်း အသက်ရှူနေပုံရသည်။ ပြီးမှ သက်ပြင်းကို ရှိုက်ချလိုက်ကာ ဆိုလာချေတော့သည်။
“ကျွန်တော်ဟာ ကိုယ့်ဘဝရဲ့ကြင်ဖော်ကို နှစ်အတော်ကြာကတည်းက ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဘဝချင်းမတူညီတဲ့အခြေအနေကြောင့် ကျွန်တော့် ရင်မှာပွင့်နေတဲ့ အချစ်ပန်းကို ကိုယ့်ရင်ထဲမှာပဲ အသာမျိုသိပ်ပြီး ထားခဲ့ရပါတယ်”

“ဒီလောက်ပဲလားရှင်။ ဌေးတို့လည်းသိရအောင် ဆိုစမ်းပါဦး။ မသကာဌေးကပါ ကူပြီးပြောပေးရ ပြောပေးရ”

ထိုစကားကြောင့် ကိုအေးဆွေသည် အတော်အားတက်သွားပုံရသည်။ မျက်နှာမှာလည်း လန်း၍သွား၏။ ထိုနောက် ခင်သန်းဌေးကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။ သူ့နှုတ်ခမ်းလေးများမှာ တရွရွ ဖြစ်နေသည်။ သို့သော်လည်း တော်တော်နှင့် မပြော ပေ။ အတန်ကြာမှ မျှော်လင့်သံဖြင့် ဆိုလိုက်သည်။ 

“ကျွန်တော်ပြောရင် ဌေးဌေး စိတ်ဆိုးမှာလား”

“အို၊ ဘာလို့စိတ်ဆိုးရမှာလဲ ကိုအေးဆွေရယ်။ ငယ်သူငယ်ချင်းတွေပဲဟာ”

“ကျ၊ ကျွန်တော့်ရဲ့ ဘဝကြင်ဖော်ဟာ ဌေးဌေး ပါပဲ”

“အို”

ခင်သန်းဌေးမှာ ဆတ်ခနဲလှည့်ကြည့်လိုက်မိရင်း ယောင်တလိုက်မိကာ ပါးစပ်ပင် အဟောင်းသား ဖြစ်သွား၏။ မျက်နှာတွင်လည်း ရှက်သွေးများက ဖြန်းခနဲ တက်လာသည်။ သွားနေခြင်းကိုလည်း အလိုအလျောက် ရပ်တန့်ပစ်ကာ ကိုအေးဆွေကိုသာ မျက်လုံးအဝိုင်းသားဖြင့် တအံ့တသြ ကြည့်နေမိတော့သည်။
ဆက်လက်ဖော်ပြပါမည်။