နွေဦးကာလမြူထသောအခါ  

 

မောင်မောင်ဖြူ

 

၁၃-၁၁-၂၀၂၃ ရက်မှအဆက်

 

လှကြည်သည် ကိုအေးဆွေ ရှင်းပြသွားသည်များကို စိတ်ဝင်စားစွာဖြင့် စူးစူးစိုက်စိုက် နားထောင်နေသည်။

 

“အဲဒီလိုပဲ ထန်းပိုင်ရှင်နဲ့ ထန်းတက်သမားတွေဟာလည်း မတူညီသော လူတန်းစားနှစ်ရပ်ဖြစ်လို့မို့ ပဋိပက္ခဆိုတာ ပေါ်ရစမြဲပဲ။ ဘာ့ကြောင့်ဆိုရင် ထန်းပိုင်ရှင်ဆိုတဲ့ လူတန်းစားဟာ ဘာမှမလုပ် မကိုင်ဘဲနဲ့၊ ငွေရင်းလည်း တစ်ပြားမှမစိုက်ဘဲနဲ့ ထန်းစုကိုများများကြီးလိုချင်တဲ့ အခွင့်ထူးခံလူတန်းစား။ ထန်းသမား ခမျာမှာတော့ ငွေရင်းလည်းစိုက်ရသေး၊ လူမှာလည်း သက်စွန့်ဆံဖျား ပင်မြင့်ဖျားတက်ပြီး ပင်ပန်းကြီးစွာ လုပ်ရပါလျက်နဲ့ အသား လွတ် ထန်းပိုင်ရှင်ကို ထန်းစုများများပေးနေရတဲ့ ထန်းကျွန်စစ်စစ် အခြယ်လှယ်ခံ လူတန်းစား။ ဒီလူတန်းစားနှစ်ရပ်ဟာလည်း မြေရှင်နဲ့ မြေကျွန်၊ အလုပ်ရှင်နဲ့ အလုပ်သမား လူတန်းစားတွေလို ကုန်လုပ်ဆက်ဆံရေးအရ ဘယ်တော့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ မနေနိုင်ဘူး။ တစ်နေ့မှာ ပေါက်ကွဲအုံကြွလာပြီး လူတန်းစားပဋိပက္ခဟာ ပေါ်လာရမှာပဲ။ အဲဒီအချိန်ဟာ ခုအချိန်ပေါ့ကွ”

 

လှကြည်သည် သင့်တင့်ချောင်လည်စွာ စားသောက်နေထိုင်နိုင်သော မြို့ပေါ်နေ အထည်ကုန်သည် လူတန်းစား မိဘများမှ ပေါက်ဖွားလာသည့်ပြင် ယခုလည်း ရဲအုပ် (ဒုလုံခြုံရေးမှူး) တစ်ယောက် ဖြစ်နေသဖြင့် ဖိနှိပ်ခံ၊ ခေါင်းပုံဖြတ်ခံ အောက်လွှာ လူတန်းစားများ၏ဘဝ အထိအတွေ့များ မရှိခဲ့ဖူးပေ။ ပေါ့ပေါ့နေပေါ့ပေါ့စားလာရပြီး ရဲအုပ်အလုပ်ကိုလည်း အကြောင်းအားလျော်စွာ ရရှိလာခဲ့သဖြင့် လူ့ဘဝ၏ အခက်အခဲပြဿနာများကို ဘဝနာစွာ ရင်မဆိုင်ခဲ့ရဖူးပေ။ ထို့ကြောင့်လည်း လူ့ဘဝကို လေးလေးနက်နက် မတွေးခေါ်ခဲ့၊ မဆွေးနွေးခဲ့။ ယခုမှ အကြောင်းတိုက်ဆိုင်လာသဖြင့် ခေါင်းပုံဖြတ်ခံ ထန်းသမားတို့၏ဘဝအကြောင်းကို ကြားနာသိရှိ လာရသောအခါ လှကြည်မှာ စိတ်ဝင်စားလာသည်။ ကိုယ်ချင်းစာလာသည်။ မရှင်းလင်းသည့်အချက် များကိုပင် ကိုအေးဆွေအား ဖြတ်၍ မေးလာသည်။

 

“ဘယ်လိုကြောင့်လဲ၊ ခုချိန်ဆိုတာက”

 

“မင်းကလဲကွာ ခုထက်ထိ သဘောမပေါက်သေးဘူးလား။ စောစောက ငါပြောခဲ့သလို လူ့သမိုင်းရဲ့ တောင်းဆိုချက်အရပါလို့ ဆိုနေမှ”

 

“အင်း၊ ဆိုပါဦး”

 

လှကြည်မှာ ကိုအေးဆွေ၏ ဆိုလိုချက်ကို သဘောမပေါက်သေးသဖြင့် အကျယ်ချဲ့၍ စကားရှင်းရန် ထောက်ပေးလိုက်သည်။

 

“လူ့သမိုင်းဆိုတာဟာ ခေတ်ကာလရဲ့ ဖြစ်စဉ်ပဲ။ ခေတ်ကာလရဲ့ ဖြစ်စဉ်ဆိုတာဟာ အဲဒီခေတ်ကာလ အတွင်းမှာရှိနေတဲ့ လူတွေရဲ့ စားသောက် ဝတ်ဆင်နေထိုင်ရေးတို့နဲ့ လူမှုရေးအလုံးစုံတို့ရဲ့ ဖြစ်ပျက် ပြောင်းလဲမှုကို ခေါ်ဆိုခြင်းဖြစ်တယ်။ အဲဒီတော့ ဒီနေ့တို့မြန်မာနိုင်ငံရဲ့ ခေတ်ကာလအခြေအနေကို ကြည့်မယ်ဆိုရင်လည်း မြေပိုင်ရှင်ကို သီးစားခပေးနေရတဲ့စနစ်တို့၊ ငွေကြေးရှင်၊ အလုပ်ရုံပိုင်ရှင်တွေ ကျင့်သုံးနေတဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစား အရင်းရှင်စနစ်ဆိုးတွေကို ကြေပြုန်းပျက်စီးစေပြီး ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့ ဆိုရှယ်လစ်လူ့ဘောင်သစ်ကို ဖန်တီးချီတက်နေတယ်မဟုတ်လား။ ဒီလို ခေတ်ပြောင်းတော်လှန်ရေးရဲ့ အရှိန်အဝါကြောင့်တို့ ထန်းသမားလူတန်းစားတွေဟာလည်း ခေတ် ရေစီးကြောင်းထဲမှာ မပါလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါကြောင့်လည်း ငါတို့လို ထန်းသမားတွေမှာ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးရဲ့ အရှိန်အဝါကြောင့် တိုးတက်တဲ့ အတွေးအခေါ်အယူအဆတွေ ကိန်း အောင်းလာတယ်။ ကြာတော့ ရင့်ကျက်လာပြီး ခေါင်းပုံဖြတ်ခံနေရတဲ့ဘဝက လွတ်မြောက်လာ အောင် ရုန်းကန်လိုတဲ့အသိတွေ ဝင်လာတယ်။

 

“ဒီတော့ တို့ဘဝတူ ခေါင်းပုံဖြတ်ခံ ထန်းသမားတွေ စည်းရုံးပြီး တို့နည်းတို့ဟန်နဲ့ လူညွန့်ခူး ခေါင်းပုံဖြတ်နေတဲ့ ထန်းပိုင်ရှင်တွေကို တိုက်တယ်။ ရသင့်ရထိုက်တဲ့ လုပ်ခအပြည့်အဝရအောင် ထန်းပိုင်ရှင်တွေကို ထန်းစုမပေးတော့ဘူးလို့ ကြေညာတယ်။ ယူတယ်။ ဒီတော့ ပဋိပက္ခဖြစ်တယ်။ ဒါဟာ ကုန်လုပ်ဆက်ဆံရေးသဘောတရားအရ ဆန်းသမို့လား။ ဒီလို ခေါင်းဆောင်တိုက်တဲ့ ငါတို့ ကိုကော ထန်းပိုင်ရှင်တွေက ရန်သူလို သဘောထား တယ်ဆိုတာကော ဆန်းသမို့လား”

 

ထိုစဉ် ဆယ်ရင်သည် ကျန်ရှိသေးသည့် ငှက်ခါးတောင် ပင်ကျရည်ကို အုန်းမှုတ်ခွက်ဖြင့်ခပ်ကာ လှကြည်အား ကမ်းလိုက်သည်။ ပြီးလျှင်သူလည်း တစ်ခွက်မော့လိုက်၏။ ကိုအေးဆွေကလည်း အာခြောက်သွားဘိအလား ဝက်နံကင် အမြည်းတစ်ဖတ်ကို ကောက်ဝါးလိုက်သည်။ လှကြည်နှင့် ဆယ်ရင်တို့ကလည်း အမြည်းကို ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်အောင် ကောက်ဝါးနေကြလေသည်။

 

“ဒါဖြင့်ရင် မင်းတို့ လူတန်းစားတိုက်ပွဲတွေက ဘယ်တော့မှ ပြီးဆုံးမလဲ”

 

လှကြည်က ပြတ်သွားသောစကားကို ပြန်လည် အစဖော်ပေးလိုက်သည်။

 

“ဒါကတော့ကွာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး ချုပ်ချယ်ခြယ်လှယ်တဲ့ လူတန်းစားမရှိတဲ့တစ်နေ့၊ လူတန်းစားတိုက်ပွဲတွေဟာ ပြီးဆုံးရမှာပဲ။ အဲဒီလိုပဲ ခေါင်းပုံဖြတ်လိုတဲ့ ထန်းပိုင်ရှင်လူတန်းစား မရှိတဲ့တစ်နေ့ ပဋိပက္ခတိုက်ပွဲဟာ ချုပ်ငြိမ်းရမှာပဲ။ ဒီခေါင်းပုံဖြတ်ပြီး လူညွန့်ခူးစားလိုတဲ့ ထန်းပိုင်ရှင် လူတန်းစားတွေ ရှိနေသရွေ့ကာလပတ်လုံး ထန်း ပိုင်ရှင်၊ ထန်းသမားတိုက်ပွဲဟာ ရှိနေမှာပဲ။ ပဋိပက္ခ ဟာလည်း ဖြစ်နေမှာပဲ”

 

“ဒါဖြင့်ရင် ဘယ်လိုအခြေအနေမျိုးရောက်မှ ဒီပဋိပက္ခဟာ ချုပ်ငြိမ်းသွားနိုင်မှာလဲ”

 

“အေး၊ မင်း မေးစရာပဲ။ ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့ လယ်ယာမြေတွေ၊ မြေတွင်းမြေပေါ်မှာရှိတဲ့ သယံဇာတသတ္တုပစ္စည်းတွေ၊ သစ်တော၊ ဝါးတော၊ ထန်းတောတွေ။ နောက်ပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ။ စာတိုက် ကြေးနန်း စတဲ့ ဆက် သွယ်ရေးလုပ်ငန်းတွေ၊ ဘဏ်တိုက် ငွေတိုက်လုပ်ငန်းတွေ၊ ကုန်တိုက်တွေ၊ ပြည်တွင်းပြည်ပ ကုန်ပစ္စည်း ရောင်းဝယ်ရေး ဖလှယ်ရေး လုပ်ငန်းတွေကို ပြည်သူက ပိုင်ရမယ်။ နောက်ပြီး လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ အလုပ်ရုံ စက်ရုံကြီးတွေမှန်သမျှကိုလည်း ပြည်သူကပိုင်ရမယ်။ တစ်နည်းအားဖြင့် ဆိုရရင် ကုန်ထုတ်လုပ်ငန်းမှန်သမျှ အများက စုပိုင်၊ အများက ဝိုင်းလုပ်။ ရလာတဲ့ အကျိုးကျေးဇူးကို လည်း အများက အချိုးကျဝေငှယူဆိုတဲ့ ခေတ်ကာလအခြေအနေမျိုးရောက်မှ ဒီလို လူတန်းစား ပဋိပက္ခတွေဟာ ချုပ်ငြိမ်းသွားနိုင်မှာပေါ့”

 

“အဲဒါ ဘာကြောင့်တုံး”

 

လှကြည်က နားမရှင်းဟန်ဖြင့် ကောက်မေးလိုက်၏။ ကိုအေးဆွေကလည်း စိတ်ရှည်စွာဖြင့် ဆက်လက်ရှင်းပြပြန်၏။

 

“ဘာကြောင့်ဆိုရင် အဲဒီခေတ်ကာလကျတော့ အလုပ်ရှင်၊ ပစ္စည်းရှင်၊ အရင်းရှင်ရယ်လို့ သီးခြား အသွင်ဆောင်တဲ့ အခွင့်ထူးခံ ခေါင်းပုံဖြတ် လူတန်းစားဆိုတာ မရှိတော့ဘူး။ နိုင်ငံတော်ရဲ့ ကုန်ထုတ်အရင်းအနှီးမှန်သမျှ အားလုံးက ပိုင်ဆိုင်ပြီး အားလုံးက ဝိုင်းလုပ်ကြတော့ အားလုံး ပြည်သူ ပြည်သားတွေဟာ အလုပ်သမားတွေချည်းပေါ့။ ဒီတော့ အားလုံးဟာလည်း အတွေးတူ၊ အမြင်တူ၊ ယုံကြည်ချက်ချင်းတူ၊ ခံယူချက်ချင်း တူကြပြီဆိုတော့ ဘာပြဿနာပေါ်ဦးမှာလဲ။ ဘယ်လို ပဋိပက္ခမျိုးရော ဖြစ်ဦးမှာလဲ။ ဒီတော့ အားလုံးဟာ လူနေမှုတစ်တန်းစားတည်းမို့ လက်ရည်တစ်ပြင် တည်း ဒိုးတူပေါင်ဖက် ပေါင်းသင်းလို့ရပြီ၊ တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်ကုန်ပြီ။ တစ်ချိန်က အလုပ်ရုံပိုင်ရှင်၊ ထန်းပိုင်ရှင် ဖြစ်ခဲ့ပေမယ်လို့ အဲဒီအချိန်မှာ အားလုံးအလုပ်သမားတွေချည်းမို့ တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းသော ပေါင်းစပ်ခြင်းနဲ့ ပေါင်းစပ်လို့ ရကုန်ပြီပေါ့။ အဲဒီအချိန်ကာလဟာ ဆိုရှယ်လစ် လူ့ဘောင်သစ် ရောက်တဲ့အချိန်ပဲ”

 

သည်တော့မှ လှကြည်မှာ ကောင်းကောင်းကြီး သဘောပေါက်သွားဘိအလား ခေါင်းတဆတ်ဆတ် ညိတ်နေတော့သည်။ ထိုနောက်တော့ သူသည် မည်သည်ကို သဘောကျသွားသည်မသိ၊ အားရ ပါးရကြီး ပြုံးလိုက်ကာ ကိုအေးဆွေအား ကောက်ကာ ငင်ကာ မေးလိုက်သည်။

 

“ဒါဖြင့်ရင် မင်းနဲ့ ခင်သန်းဌေးနဲ့လည်း ပေါင်းစပ် လို့ရပြီပေါ့”

 

အလေးအနက်ထား၍ ရှင်းလင်းပြောပြနေသော ကိုအေးဆွေမှာ လှကြည်၏ ခနဲ့မေး မေးလိုက်သံ ကြောင့် ဆတ်ခနဲ သူ့မျက်နှာကို ကြည့်လိုက်မိ၏။ ပြုံးစပ်စပ်လုပ်နေသော လှကြည်၏မျက်နှာကို မြင်လိုက်ရသောအခါ ကိုအေးဆွေသည် အတော်ဒေါသဖြစ်သွား၏။ အလေးအနက်ထားကာ ပြောနေသော စကားများကို အရွှန်းဖောက်၍ ပေါ့ပြက် သိမ်ဖျင်းအောင် လုပ်ပစ်ရပါမည်လားဟုလည်း ရုတ်တရက် ခံပြင်းသွား၏။

 

“ဘာကွ”

 

ကိုအေးဆွေက ခပ်ထန်ထန်ဖြင့် မေးပစ်လိုက်၏။ လှကြည်ကမူ အပြုံးမပျက်ပေ။

 

“မဟုတ်ဘူးလား၊ မင်းနဲ့ ခင်သန်းဌေးအား ဘဝ ခံယူချက်ချင်း၊ ယုံကြည်ချက်ချင်း တူနေကြပြီဆို။ မင်းပဲ ငါ့ကို အရင်က ခဏခဏပြောပြနေပြီးတော့”

 

လှကြည်က သူလိုသလိုဆွဲ၍ ပြောလိုက်၏။

 

“အဲဒါ ဘာဖြစ်သလဲ”

 

ကိုအေးဆွေသည် နားမလည်သလိုလိုနှင့် ထပ်မေးလိုက်ပြန်သည်။ ဆယ်ရင်ကမူ လှကြည်၏ ဆိုလိုချက်ကို သဘောပေါက်ဟန်ဖြင့် ပြုံးနေသည်။

 

“ခုတင်ကပဲ မင်းပြောခဲ့တယ်မဟုတ်လား။ တစ်ချိန်က အလုပ်ရုံပိုင်ရှင်ဖြစ်ခဲ့ပါစေ၊ ထန်းပိုင်ရှင် ဖြစ်ခဲ့ပါစေ၊ အတွေးတူ၊ အမြင်တူ၊ ယုံကြည်ချက်တူ၊ ဘဝခံယူချက်ချင်းတူရင် ပဋိပက္ခမရှိတော့လို့ တစ်နည်းအားဖြင့် ဆန့်ကျင်ဘက် မဟုတ်တော့လို့ ဘဝနှစ်ခုဟာ ပေါင်းစပ်လို့ရပြီဆို”

 

ကိုအေးဆွေမှာ ပြန်လှန်၍ ခွန်းတုံ့မပြန်တော့။ ရုတ်တရက် ငိုင်ကျသွားသည်။ သက်ပြင်းလည်း ရှိုက်ချလိုက်သည်။ ထိုနောက်တော့ ရီဝေသော မျက်လုံးများဖြင့် အဝေးသို့ ငေးမျှော်ကြည့်နေတော့သည်။

 

လှကြည်သည် ကိုအေးဆွေ၏ ရုတ်ခြည်း ပြောင်းလဲသွားသော အမူအရာကို ကြည့်ကာ ဆယ်ရင်အား မျက်စိတစ်ဖက် မှိတ်ပြလျက် မေးငေါ့ ပြလိုက်သည်။ ဆယ်ရင်ကလည်း အဓိပ္ပာယ်နားလည် ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်လိုက်၏။

 

“ကိုဆယ်ရင်တို့လူလည်း ကြည့်လုပ်စမ်းပါဦးဗျ။ တော်တော်ကြာမှ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်နေပါဦးမယ်”

 

ဆက်လက်ဖော်ပြပါမည်။