နွေဦးကာလမြူထသောအခါ

 

မောင်မောင်ဖြူ

 

၁-၁၁-၂၀၂၃ ရက်မှအဆက်

 

ဦးမြမောင်မှာ   တွေဝေနေဟန်ဖြင့် ဝန်ခံရမလို ဖြစ်နေသော်လည်း သူ၏ဟန်ပန်သွင်ပြင်က ဝန်ခံလိုဟန် မရှိချေ။ ကျားကျားမီးယပ် လုပ်ချင်နေပုံပေါ်နေသည်။

 

“တန်ဖိုးမရှိပါဘူး ဦးလေး။ ကျုပ်တို့ ထန်းတက်သမားတွေကသာ တက်မပေးရင် တန်ဖိုးလုံးဝမရှိပါဘူး။ တစ်ခု တော့ရှိတယ်၊ ဦးလေးတို့ကိုယ်တိုင်တက်ပြီး လှီးရင်တော့ မသိဘူး”

 

“ဘာကွ၊ မင်းက ငါ့ကိုသက်သက် စော်ကားတာလား”

 

ဆယ်ရင်၏စကားကြောင့် ဦးမြမောင်၏မျက်နှာသည် ရဲခနဲဖြစ်သွားကာ ရုတ်တရက် စိတ်ဆိုးသွားဟန်ဖြင့် အော်လိုက်သည်။ ဦးမြမောင် စိတ်ဆိုးသွားကြောင်းသိလျှင် ဆယ်ရင်က စကားပြေ ထိုးလိုက်သည်။ အနီးရှိလူများက ပြုံးစိစိ နှင့် ကြည့်နေကြသည်။

 

“ဦးလေးရာ၊ စိတ်မဆိုးပါနဲ့ဗျာ။ ကျုပ်က စကားအဖြစ် ဥပမာပြောတာပါ”

 

ဦးမြမောင်သည် လူကြီးပီပီ ဣန္ဒြေကို ထိန်းလိုက်ဟန်ဖြင့် စိတ်ဆိုးပြေဟန်ပြသည်။ ဆယ်ရင်သည် ဦးမြမောင်အား နဂိုကတည်းက ရင်းရင်းနှီးနှီးရှိခဲ့သည်။ သူ၏ထန်းပိုင်ရှင် ဦးမြို့ထံသို့သွားရင်း ဦးမြို့တို့အိမ်တွင် ဦးမြမောင်နှင့် မကြာခဏ တွေ့ရတတ်ကာ ရင်းနှီးစွာ စကား ပြောဖူးသည်။

 

“ဦးလေးက ဆိုတယ်။ ထန်းပင်တွေကို ဘိုးဘွားတွေ စိုက်ခဲ့တာပါ၊ အရင်းအနှီး မတည်ပြီး အပေါင်ခံခဲ့တာပါ၊ ဝယ်ခဲ့ တာပါလို့ဆိုတယ်။ ဒါကို ကျုပ် မငြင်းပါဘူး။ ဒါပေမဲ့ ပထမမူရင်းအခြေခံ ဇာစ်မြစ်အကြောင်းတရားကို စဉ်းစား လိုက်ရင် စောစောက ကျုပ်ပြောခဲ့သလို ထန်းပင်တွေဟာ လူတွေအတွက် အသုံးဝင်လာမှန်း၊ အကျိုးပြုလာမှန်း သိလာတဲ့ အခါကျတော့ မျိုးစေ့တွေကို လူနဲ့နီးနီးမှာ ရွှေ့ပြောင်းစိုက်ကြတယ်။ စိုက်တဲ့အခါမှာလည်း တခြားသစ်ပင်မျိုးတွေလို လူကဂရုတစိုက် ပြုစုပေးနေရတဲ့အပင်မျိုး မဟုတ်ပါဘူး။ တစ်ထွာတစ်မိုက်လောက် မြေကြီးထဲတူးပြီး မြှုပ်ထားလိုက်ရုံနဲ့ပဲ ကြီးထွားလာတတ်ပြီး သီးခိုင်၊ နို့ခိုင်တွေ ထွက်လာတတ်တဲ့ သစ်ပင်မျိုးပါ။ မြေတောင် မြှောက်စရာလည်းမလိုဘူး။ ပေါင်းသင် စရာလည်းမလိုဘူး။ ရေ မိုး သင့်တင့်ရုံ ရရုံနဲ့ သဘာဝအလျောက် ကြီးထွားလာ တတ်တဲ့အပင်မျိုးပါ။ ဒီတော့ဒီလောက် စိုက်ပျိုးပေးရုံလေးနဲ့ တန်ဖိုးရှိလာပြီလား”

 

ဆယ်ရင်က သူ့စကားကိုဖြတ်ကာ ဦးမြမောင်အား စူးစိုက်၍ကြည့်ရင်း မေးသလိုနှင့် အကဲခတ်နေလိုက်၏။ ပြီးမှ ဆက်လက်၍-

 

“တန်ဖိုးမရှိသေးပါဘူး။ တကယ်တမ်းတန်ဖိုးရှိဖို့ အရင်းခံတာက ထန်းတွေသန်လာပြီး ထန်းရည်ထွက် ကောင်းအောင် ထန်းအောက်မြေကို ထွန်ယက်စိုက်ပျိုး ပေးနိုင်မှ၊ ဒီထန်းပင်တွေကိုတက်ပြီး အရွက်အလက်တွေကို ခုတ်ယူနိုင်ပါမှ၊ သီးခိုင်နို့ခိုင်တွေက အရည်တွေကို လှီးဖြတ်ခံယူ ကျိုချက်နိုင်ပါမှ ဒီထန်းပင်တွေဟာ စောစောက ကျွန်းပင်ဥပမာလို လုပ်အားတွေရဲ့ စွမ်းဆောင်ချက် ရင်းနှီးမှုအရ တန်ဖိုးရှိလာတာ မဟုတ်လား။ တကယ်လို့သာ ကျုပ်တို့ ထန်းတက်သမားတွေက တက်ပြီး လှီးဖြတ်ခံယူ ကျိုချက်မပေးရင်၊ လုပ်ငန်းခွင်မှာလိုအပ်တဲ့ ကိရိယာ တန်ဆာဖိုး ငွေပါမစိုက်ထုတ်ရင် ဒီထန်းပင်တွေဟာ ဘယ်ကလာပြီး တန်ဖိုးရှိလာပါ့မလဲ။ တောထဲမှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်တွေလိုပဲရှိမှာပေါ့”

 

ဆယ်ရင်၏ လေးနက်သောစကားများကြောင့် အနီးရှိလူများမှာ အတော်ပင် စိတ်ဝင်စားစွာဖြင့် နားထောင်နေကြသည်။ ဦးမြမောင်ကမူ ဘာမဟုတ်သည့် ထန်းသမားက သူ့အားကတ်ဖဲ့ပြောနေသည်ဟူသော အယူအဆဖြင့် မထီ လေးစား ခပ်မဲ့မဲ့ပြု၍ အရေးမစိုက်သလို နားထောင်နေသည်။ ဆေးလိပ်ကြီးကို သာ မီးရဲခနဲ ရဲခနဲနေအောင် ဖွာနေသည်။

 

အဲသလိုနဲ့ အစတုန်းက ကျုပ်တို့ ဘိုးဘွားထန်းသမားတွေ ကိုယ်တိုင်စိုက်ခဲ့တဲ့ ပိုင်ဆိုင်ခဲ့တဲ့ ထန်းပင်တွေဟာ စီးပွားရေးကျပ်တည်းမှုအမျိုးမျိုးကြောင့် ဦးလေးတို့လို ငွေကြေးရှင် ထန်းပိုင်ရှင်တွေလက်ထဲမှာ ပေါင်နှံလို့ ဆုံးတာတစ်မျိုး၊ ကြွေးသိမ်းခံရလို့ ဆုံးတာကတစ်မျိုးနဲ့ လုံးပါးပါးပြီး လက်လွတ်ဖြစ်ကုန်ရတာ မဟုတ်လား။ တကယ်တော့ ဦးလေးတို့ လက်ထဲက ထန်းတောတွေဟာ ကျုပ်တို့ ဘိုးဘွားပိုင် ထန်းတွေပါ။

 

“တခြားဟာမကြည့်နဲ့ခု ကျုပ်တက်နေတဲ့ ထန်းတောဟာလည်း အစကကျုပ်တို့ပိုင် ထန်းတောပဲမဟုတ်လား။ ကျုပ်တို့အဖေဆုံးတုန်းက မမာစဉ် အကြွေးတွေဆပ်ဖို့ ဦးမြို့တို့ဆီမှာ ပေါင်နှံလိုက်ရတာမဟုတ်လား။ နောက်ပြီးတော့ ဦးလေးတို့လက်ထဲရောက်နေတဲ့ အခုဦးလေးခတက်နေတဲ့ ထန်းတောဟာကော အစက ဖိုးအေးဆွေတို့ ဘိုးဘွားပိုင် ထန်းတောပဲမဟုတ်လား။ အခု ကျုပ်တို့က ထန်းစုမပေးဘဲ နေလိုက်တာဟာ တကယ်တော့ ကျုပ်တို့ဘိုးဘွားပိုင် ထန်းတွေကို ကျုပ်တို့ဟာကျုပ်တို့ ပြန်ယူတာပါ။ တကယ်တမ်းတွက်ကြည့်ရင် နှစ်များစွာ ထန်းစုတွေယူခဲ့လို့ ပေါင်ကြေးငွေဟာ တကယ်တော့ အရင်းကျေနေ လောက်ပါပြီဗျာ”

 

“ဟ ဆယ်ရင်ရ၊ ဒါကိုပြောစရာမလိုပါဘူး။ တို့ရဲ့ နောက်နောက်တုန်းက လှူခဲ့တန်းခဲ့တဲ့ ဒါနမျိုးစေ့ ကုသိုလ်ကံ ပါရမီအဟုန်ကြောင့် ဒီဘဝမှာ အကျိုးပေးရတာပါ။ မင်းတို့က ဒါနမျိုးစေ့ နည်းခဲ့တာကိုးကွ”

 

ဦးမြမောင်သည် ဘာသာရေးကို ဆွဲသွင်းလာကာ ဘာသာရေးဖြင့် ကိုင်ပေါက်လာသည်။

 

“ဦးလေးဟာ လောကီရေးထဲမှာ ဘာသာရေးကို ဆွဲသွင်းလာတာတော့ မတော်ဘူးလို့ထင်တယ်ဦးလေး။ လောကီအရေးကို လောကီအမြင်နဲ့ မြင်စေချင်တယ်။ ဘာသာရေးအမြင်နဲ့ ရောထွေးပြီး မမြင်စေချင်ဘူး။ အမှန်က လောကီအရေးဖြစ်တဲ့ လူနေမှု၊ လူမှုဆက်ဆံရေးစနစ်ကြောင့်ပါဆိုတာကို ခွဲခြားမြင်စေချင်တယ်။ ကွဲပြားသွားအောင်လည်း ကြည့်စေချင်တယ်”

 

“ဘာလဲကွ၊ မင်းက ဓနရှင်စနစ်ကြောင့်ပါလို့ ပြောဦးမလို့လား။ ဒီမှာဟေ့ ဘာမှမပြောနဲ့။ မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုတာလို လှူဒါန်းပေးကမ်းခြင်း ဒါန ကုသိုလ်ကောင်းမှုမရှိရင် ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူးဆိုတာမှတ်”

 

“ဒါနကုသိုလ်ကောင်းမှုကြောင့် မဟုတ်ပါဘူး ဦးလေး။ အမြတ်ကြီးစား ကုန်သည်ပွဲစားတွေ ဈေးနှိမ်ဝယ်မှု၊ ထန်းပိုင်ရှင် တွေရဲ့ ငွေတိုးကြီးမှု၊ ကိရိယာဖိုး ထုတ် မပေးဘဲ ထန်းစုများများယူမှုကြောင့်ပါ”

 

“ဘယ်ဟုတ်ရမှာလဲကွ။ မင်းတို့ ငွေပြန် မဆပ်နိုင်လို့၊ မင်းတို့ ဆင်းရဲဇာတာပါလို့၊ နောက်နောက်က ဒါနကုသိုလ်မရှိ ခဲ့လို့ ဒီဘဝမှာ ဆင်းရဲရတာကိုများ သူများ လွှဲမချပါနဲ့ကွာ။ ဘယ့်နှယ် မဆိုင်တာ”

 

ဆယ်ရင်က မှန်မှန်အေးအေးဖြင့် ပြောသော်လည်း ဦးမြမောင်ကမူ ခေါင်းရော ကိုယ်ပါခါယမ်း၍ တစ်ယူသန် ငြင်းခုံလာ သည်။ တစ်ခါတစ်ခါ ဒေါသသံဖြင့် ရှူးရှူး ရှားရှားလည်း ဖြစ်လာသည်။

 

“ဦးလေးက ဒီကုသိုလ်ကောင်းမှုကံကိုပဲ ခဏခဏပြောနေတာကိုး။ ကဲဒါဖြင့်ရင် လယ်သမားတစ်ယောက်ဟာ ချစ်တီး ကုလားတစ်ယောက်ဆီမှာ လယ်အတွက် စရိတ်စကလိုလို့ ငွေချေးတယ်၊ လယ်လုပ်တယ်။ ဒါပေမဲ့ သဘာဝ တရားကြောင့် ရေကြီးလို့ လယ်ပျက်တယ်။ ပိုးကျလို့ စပါးမအောင်ဘူး။ ဒါကြောင့် စပါးအထွက်နည်းတယ်။ တစ်ခါ အမြတ်ကြီးစားစနစ်နဲ့ ကုန်သည်ကြီးတွေရဲ့ ဈေးနှိမ်ဝယ်ခြင်းခံရတယ်။ ပြီးတော့ စပါးပွဲစားတွေရဲ့ ခေါင်းပုံဖြတ် ခံရတယ်။ ဒီတော့ ရလာတဲ့စပါးနဲ့ ရောင်းလို့ရတဲ့ ငွေနဲ့မမျှတလို့ ကြွေးကိုပြန်မဆပ်နိုင်ဘူး။ အတိုးတက်တယ်။ ဒီလိုနဲ့ လယ်သမားခမျာ ကြွေးဆပ်ဖို့ လုပ်ရင်းနဲ့ အတိုး သာ တစ်နှစ်ပြီးတစ်နှစ် ဆတက်ထမ်းပိုး တက်လာပြီး နောက် ဆုံးတော့ လယ်ကို ချစ်တီးလက်ထဲ ထိုးအပ်လိုက်ရတယ်။ ကဲ ဒါဟာ ...”

 

ဆယ်ရင်သည် သူ့စကားကို ဖြတ်လိုက်ပြီးလျှင် ဦးမြမောင်အား စူးစိုက်ကြည့်လိုက်သည်။ ဦးမြမောင်က သူ့အား မျက်စောင်းကြီး ထိုးကြည့်နေသည်။ သို့သော် ဆယ်ရင်က ဆက်ကာ -

 

“ကဲ ဒါဟာ ချစ်တီးကုလားကြီးရဲ့ နောက်နောက်က လှူခဲ့တန်းခဲ့တဲ့၊ ဘုရားဒါယကာ၊ ကျောင်းဒါယကာ၊ သိမ်ဒါယကာ၊ ဇရပ်ဒါယကာကြီး ဖြစ်ခဲ့လို့များ နောက်ဘဝက ဒါနကုသိုလ်မျိုးဆက်ကြောင့် ခုဘဝမှာ ချစ်တီးကုလားကြီးဖြစ်ပြီး လယ်ပိုင်ရှင်ကြီးဖြစ်သွားတာလား။ ကျွဲနဲ့ နွားနဲ့ဖက်ပြီး တကယ်အလုပ်လုပ်တဲ့ လယ်သမားတွေမှာတော့ ဒါနမျိုးစေ့နည်းခဲ့လို့ ခုဘဝမှာ ခေါင်းပုံဖြတ်ခံ၊ သွေးစုပ်ခံ၊ ခြယ်လှယ်ခံ၊ ဖိနှိပ်ခံဖြစ်ရပြီး မွဲသွားရတာပဲလား”

 

ဆယ်ရင်က စိတ်ပေါက်ပေါက်နှင့် ငေါ့၍ ပြောပစ်လိုက်သည်။

 

ဦးမြမောင်ကမူ မည်သို့မျှပြန်မပြောပေ။ မျက်နှာကြီးကိုသာ ခပ်တည်တည်လုပ်ထားသည်။ အနီးရှိလူများသည်ကား ဆယ်ရင့်စကားများကို စဉ်းစားနေဟန် ရှိကြသည်။ တချို့ကမူ သဘောကျဟန်ဖြင့် တခစ်ခစ် ရယ်မောနေကြသည်။

 

ဆယ်ရင်သည် အားလုံးအား အကဲ ခတ်၍ ကြည့်လိုက်သည်။ ပြီးမှ ဆက်လက် ၍ စိတ်အားထက်သန်စွာဖြင့် –

 

“ချစ်တီး ကုလားကြီး လှူခဲ့တန်းခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် မဟုတ်ပါဘူး။ ငွေတွေကို အတိုးကြီးကြီးနဲ့ ချေးလို့၊ နှစ်ထပ်တိုးငွေပါယူလို့၊ လယ်ကို အဓမ္မကြွေးနဲ့သိမ်းလို့၊ နောက်ပြီးကုန်သည်ကြီးတွေကလည်း အမြတ်ကြီးစားစနစ်နဲ့ ဈေးနှိမ်ဝယ်လို့၊ စပါးပွဲစားတွေကလည်း ခေါင်းပုံဖြတ်လို့ လယ်သမားတွေ မွဲသွားပြီး ချစ်တီးကုလားကြီးတွေ ချမ်းသာသွား ရတာ။ အဲသလိုပဲ ကျုပ်တို့ ထန်းသမားတွေ မှာလည်း ထန်းတောတွေ လက်လွတ် ဖြစ်ပြီး မွဲသွားရတာဟာ ဦးလေးတို့လို ထန်းပိုင်ရှင်တွေရဲ့ အတိုးကြီးစားစနစ်၊ အချောင်ယူ ခေါင်းပုံဖြတ် ...”

 

“ဘာကွ၊ မင်းက ငါ့ကို အချောင်ယူ ခေါင်းပုံဖြတ်သလေး ဘာလေးနဲ့ ”

 

ဆယ်ရင် သည် သူ့စကားကိုဆုံးအောင် မပြောလိုက်ရပေ။ ဦးမြမောင်က ဒေါသ တကြီးနှင့် လှမ်းအော်လိုက်သည်။ ဦးမြမောင်၏မျက်လုံးများသည် ဝင်းဝင်းတောက်နေသည်။ ဆယ်ရင်ကလည်း သူ့စကား မဆုံးတတ်သေး၍လားမသိ၊ အားကျမခံ ထပ်၍ တွန့်လိုက်ပြန်သည်။

 

“ဟုတ်တယ်လေ။ ကျုပ်ပြောတာ ဦးလေးတို့လို ထန်းပိုင်ရှင်တွေဟာ အရင်းရှင် စီးပွားရေးစနစ်နဲ့ မတရား အတိုးကြီးယူ၊ ဘာမှလည်းမလုပ်၊ ဘာမှ လည်း အရင်းအနှီးမစိုက်ဘဲ အချောင် ခေါင်းပုံဖြတ်ယူနေ...”

 

“ကဲကွာ”

 

ထိုအသံနှင့်အတူ ဦးမြမောင်၏ သောက်လက်စ ဆေးလိပ်တိုကြီးသည် ဆယ်ရင်၏ရင်ဘတ်သို့ ရုတ်တရက် လာမှန်လိုက်ရာ မီးဖွားခနဲဖြစ်သွားသည်။ ဦးမြမောင်သည် အံကြီးကြိတ်၍ ဒေါသခက်ထန်နေသောအမူအရာဖြင့် မျက်လုံးကြီးများပြူးကာ ဆယ်ရင်ကို စူးစူးဝါးဝါးလှမ်းကြည့်နေသည်။ အသားများ ဆတ်ဆတ် တုန်လာသည့်တိုင်အောင် စိတ်ဆိုးလာသည်ကို တွေ့ရသည်။

 

ဆယ်ရင်မှာ ကိုယ်ထိလက်ရောက် အစော်ကားခံလိုက်ရသောအခါ လူငယ်ပီပီ ဒေါသဟုန်းခနဲထလာသည်။ စိတ်ရိုင်းများလည်း ဝင်လာသည်။ ထို့ကြောင့်လည်း နေရာမှ ရုတ်ခြည်း ထလိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။