နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၂၅-၁၀-၂၀၂၃ ရက်မှအဆက်

 

“လယ်ယာမြေ” ဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့်၊ သို့တည်းမဟုတ် လက်ရှိထားရှိသည့် မြေကို ဆိုလိုသည်။

 

အဲဒီလို ဆိုထားပါတယ်။

 

“တစ်ခါ “ရှင်းလင်းချက် ၁” အနေနဲ့ ဆက်လက်ပြီး ရှင်းလင်းထားတဲ့ ရှင်းလင်းချက် စကားရပ်ထဲမှာ ဆိုရင်လည်း ဟောဒီလို ဆိုထားပါတယ်။

 

“ထိုစကားရပ်များတွင်  လူအများ အခေါ်အဝေါ်အားဖြင့်  လယ်၊ ယာ၊ ကိုင်းမြေဟုသော်လည်းကောင်း၊ ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံမြေဟု သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ ကျွန်း၊ မြေနုကျွန်းပေါ်ဟုသော်လည်းကောင်း သတ်မှတသည့်မြေများ ပါဝင်သည်” လို့  အဲဒီလို ဆိုထားပါတယ်။

 

“ရှင်းနေသားပဲကွ၊ “ထန်းမြေ” ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘဲဟာ”

 

ကိုအေးဆွေ၏စကားအပြတ်တွင် ဦးမြို့က ချက် ပိုင်ပိုင်နှင့် ကောက်နှက်လိုက်သည်။

 

“အဲဒါ ပြောတာပေါ့။ ဦးလေးတို့က ဥပဒေပါ စကားကို သဘောမပေါက်ဘူး၊ သေချာစွာမလေ့လာဘူးလို့”

 

ဦးမြို့မှာ ကိုအေးဆွေ၏ ရှုတ်ချပြောဆိုလိုက်မှုကြောင့် မျက်နှာမှာ ရဲခနဲဖြစ်သွားသည်။

 

ကိုအေးဆွေကမူ မထူးတော့ပြီဖြစ်၍ ဦးမြို့ မည်သို့မျက်နှာပျက်သွားသော်လည်း ဆက်၍ပြောပြန်သည်။

 

“ခုတင်က ပြောခဲ့တဲ့ “ရှင်းလင်းချက် ၁”ထဲက လယ်၊ ယာ၊ ကိုင်းမြေဆိုတဲ့ စကားရပ်မှာ “ယာမြေ” အနေနဲ့ ကျွန်တော်တို့ ထန်းအောက်မြေကို ဆိုချင်ဆိုနိုင်ပါတယ်။

 

“ဒါမှမဟုတ် “ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံမြေ” ဆိုတဲ့ စကားရပ်ထဲမှာ  “ဥယျာဉ်ခြံမြေ”  အနေနဲ့ ထည့်သွင်းပြီး ကျွန်တော်တို့ “ထန်းအောက်မြေ” ကိုဆိုချင်လည်း ဆိုနိုင်ပါတယ်။

 

“ဘာကြောင့်လဲဆိုတော့ ထန်းပင်ကို ပထမယာမြေပေါ်မှာ စိုက်ပျိုးရတယ်။ နောက်သီးခိုင်၊ နို့ခိုင်တွေ ထွက်လာတော့ ထန်းသန်အောင်ဆိုပြီး ထန်းအောက်မှာရှိတဲ့ မြေယာတွေကို ပြောင်း၊ နှမ်း၊ လူး၊ ဆပ်၊ မြေပဲ၊ ဝါဂွမ်း ဆိုတာလို အလှည့်ကျ နှစ်စဉ်အမြဲ ကြဲပက်စိုက်ပျိုးပေးရတယ်။

 

“အဲဒီလို ကြဲပက်စိုက်ပျိုးတဲ့အခါမှာလည်း ကျွန်တော်တို့မှာ ကိုယ်ပိုင်လှည်းနွားမရှိလို့ ကိုယ့်အိတ်ထဲကပဲ ငွေကြေးစိုက်ထုတ်ပြီး နွားတို့ ဘာတို့ ကိုငှားပြီး ထွန်ယက်ပေးရတယ် ဆိုတာလည်း ဦးလေးတို့အသိ။

 

“အဲဒီတော့ ကျွန်တော်တို့ဟာ ထန်းသန်လာပြီး ထန်းရည်ထွက် ကောင်းလာအောင်ဆိုပြီး ထန်းအောက် မြေကို နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုးပေးရတဲ့အတွက် ထန်းပင်တွေ ပေါက်ရောက် ဖြစ်ထွန်းနေတဲ့ “ထန်းအောက်မြေ” ဆိုတာဟာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပေးနေရတဲ့ ယာမြေဆိုတာနဲ့ ဘာများ ကွာခြားချက် ရှိနေလို့လဲ။

 

“အဲဒီလို ထန်းသန်လာအောင် ထန်းအောက်မြေကို ထွန်ယက်စိုက်ပျိုးပေးနေရလို့၊ တစ်နည်းအားဖြင့် ဆိုရင် ထန်းအောက်မြေဖြစ်တဲ့ ယာမြေကို မြေတောင်မြှောက်ပေးနေရလို့ ထန်းအောက်မြေ ဆိုတာနဲ့ ယာမြေဆိုတာ ဘာများခြားနားမှုရှိသေး လို့လဲ။

 

“အဲဒီလို နှစ်ရှည်ပင်ကြီးတွေ သန်စွမ်းလာအောင် ထန်းအောက်မြေကို ထွန်ယက်စိုက်ပျိုးပေးနေရလို့ တစ်မျိုး၊ နောက်ပြီး တစ်နှစ်မှာ ပြာသိုလပြည့်ကျော်၊ တပို့တွဲလဆန်းလောက်ကစပြီး သီတင်းကျွတ်လ လောက်ထိ ၉ လ၊ ၁ဝ လလောက် လုံးလုံးဟာ ကိုယ်တိုင်ကြီးကြပ်ပြီး ထန်းပင်ကို အမြဲတမ်းပြုပြင် လှီးဖြတ်တက်ယူရတာနဲ့ တစ်မျိုးဆိုတော့ ထန်းဥယျာဉ်မြေလို့ကော မခေါ်ဆိုနိုင်ပေဘူးလား။ ဒီလိုဆိုရင် အခြားသော နှစ်ရှည်ပင်ကြီးတွေ စိုက်ပျိုးထားတဲ့ ဥယျာဉ်ခြံမြေ ဆိုတာနဲ့ကော ဘာများ ခြားနားမှု ရှိသေးလို့လဲ”

 

ဦးမြို့သည် ကိုအေးဆွေ၏ ရှင်းလင်းချက်များကို တွေဝေစွာဖြင့် စိုက်၍ နားထောင်နေသည်။

 

အနီးရှိ ဦးသန်းဆွေ၊ မလှမ်းမကမ်းရှိ ပွဲရုံစာရေးတို့မှာလည်း တွေးတောစရာ အချက်များပါသည့် ကိုအေးဆွေ၏ စကားများကို စဉ်းစားတွေးတောနေ ပုံရသည်။ ငြိမ်သက်စိတ်ဝင်စားစွာဖြင့် နားထောင် နေကြသည်။

 

“အဲဒီတော့ လယ်ယာမြေဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ် လက်ရှိ ထားရှိသည့်မြေကို ဆိုလိုသည်ဟု ဆိုထားချက် စကားထဲမှာ ထန်းပင်များ စိုက်ပျိုးဖြစ်ထွန်း ပေါက်ရောက်ရာ ထန်းအောက်မြေလို့ ခေါ်ဆိုတဲ့ ထန်းယာမြေ သို့မဟုတ် ယာမြေဟာလည်း အကျုံး ဝင်နေပြီပဲ မဟုတ်လား။

 

“တစ်ခါ လယ်ယာမြေထွက် ကောက်ပဲသီးနှံတွေ အတွက် မြေရှင်ကို သီးစားခပေးစရာ မလိုတော့ဘူး လို့ နိုင်ငံတော်အစိုးရက ဥပဒေ ပြဋ္ဌာန်းကြေညာ လိုက်သလို ဒီကောက်ပဲသီးနှံတွေ စိုက်ပျိုးထားတဲ့ ကြားထဲက ပေါက်ရောက်ဖြစ်ထွန်းနေတဲ့ သီးညှပ်လို့ ခေါ်ဆိုနိုင်တဲ့ ထန်းပင်ရဲ့ သီးခိုင်နို့ခိုင်တွေက ထွက်တဲ့ ထန်းလျက် အတွက်လည်း ယာမြေရှင် ထန်းပိုင်ရှင်ကို သီးစားခ ပေးစရာမလိုတော့ ဆိတဲ့ စကားရပ်ထဲမှာလည်း အကျုံးဝင်သွားပြီ မဟုတ်လား။

 

“အဲဒီလို အကျုံးဝင်သွားခြင်းကြောင့်လည်း ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေထဲမှာ ပုဒ်မ ၄ အဖြစ်နဲ့ လယ်ယာမြေများ ပေါ်တွင် “အစိုးရက ချထားသော သီးစားများသည် သို့မဟုတ် မြေရှင်များကချထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင် များအား သီးစားခ ပေးရန်မလို” ဆိုပြီး နိုင်ငံတော် အစိုးရက ဥပဒေပြဋ္ဌာန်းကြေညာလိုက်တဲ့အတွက် ကြောင့် ကျွန်တော်တို့ ထန်းသမားတွေကလည်း ထန်းပိုင်ရှင် မြေရှင်တွေကို ထန်းစုပေးရန် မလိုတော့ ဆိုပြီး စုပေါင်းထန်းလုပ်ငန်းအဖွဲ့ရဲ့ (၄) ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကြီးမှာ တင်ပြပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာပါ”

 

ကိုအေးဆွေက တစ်လျှောက်တည်း ပြောချလိုက်သည်။ ထိုနောက် ဦးမြို့ထံမှ တုံ့ပြန်လာဦးမည့် အခြေအနေကို အကဲခတ်နေသည်။

 

ထိုစဉ် ပွဲရုံရှေ့သို့ ဆီလှည်းတစ်စီးနှင့် မန်ကျည်းလှည်းနှစ်စီးတို့ ရောက်လာပြီး ပွဲရုံစာရေးနှင့် အရောင်းအဝယ် စကားပြောနေကြရာ ကြိုက်ဈေးရ၍ ဆီများ၊ မန်ကျည်းသီးများကို ချိန်တွယ်ကြရန် အလုပ်သမားများက ပြင်ဆင်နေကြသည်။

 

ဦးမြို့မှာလည်း ကိုအေးဆွေ၏ အကိုးအကားနှင့် ချက်ကျလက်ကျ ပြောဆိုလာသော စကားများကြောင့် ပြန်လှန်ချေပရန် စဉ်းစားနေရင်းက မျက်ထောင့်ကြီးနီလာပြီး နှာခေါင်းကြီးမှာလည်း ပွစိပွစိ ဖြစ်လာတော့သည်။

 

“ဒီမှာကွ၊ မင်းတို့ဟာ မင်းတို့ကိုယ်လိုသလိုဆွဲပြီး ပြောမနေနဲ့ကွ။ ဒီဥပဒေထဲမှာ တကယ်လို့ နိုင်ငံတော်အစိုးရက တို့ထန်းမြေတွေပါ ပါစေချင်ရင် အတိအလင်း စကားလုံးထည့်ပြီး ပြဋ္ဌာန်း လိုက်မှာပေါ့။ ခုတော့ ထည့်သွင်းပြဋ္ဌာန်းစရာ မဟုတ်ဘူးဆိုပြီး လုံးဝချန်လှပ်ထားတာပေါ့ကွယ်။ ဒါကိုပဲ မင်းတို့က ကိုယ်လိုသလိုဆွဲယူပြီး ခုလို ထန်းစုမပေးဘဲ အဓမ္မလုပ်တာတော့ ဘယ်တရား မလဲကွ”

 

ဦးမြို့ကလည်း ရှူးရှူးရှားရှားဖြင့် ဒေါသတကြီး ငြင်းခုံလာပြန်သည်။

 

“ဒီလိုမှ မပါဘူးထင်ရင်၊ ကျွန်တော်တို့လုပ်တာ မတရားဘူးလို့ထင်ရင် ဦးလေးတို့ ဗဟို မြေယာကော်မတီထိ တက်ပြီး တိုင်ကြပေါ့”

 

ကိုအေးဆွေကမူ ဦးမြို့က မည်သို့ပင် ဒေါသတကြီးဖြင့် အော်လားဟစ်လား ပြုလာငြားသော်လည်း အေးဆေးသည့် အမူအရာဖြင့်ပင် ထပ်၍ တို့လိုက်ပြန်သည်။

 

“ဒါ မင်းပြောမှလားကွ”

 

ဦးမြို့က အော်လိုက်သည်။ သူသည် ကိုအေးဆွေ၏ အေးဆေးတည်ငြိမ်သည့်အမူအရာကို ကြည့်ပြီး သူ့အား မထီမဲ့မြင်ဖြင့် စိန်ခေါ်နေသည်ဟု ထင်မှတ်လိုက်ကာ အော်လိုက်ခြင်း ဖြစ်လေသည်။ ထိုနောက် ဆက်လက်ကာ-

 

“ဒီမှာကွ မောင်အေးဆွေ၊ ဗဟိုမြေယာကော်မတီကျမှ တို့အကြောင်း မင်းတို့ဘာဖြစ်သွားမယ်ဆိုတာ စောင့်ကြည့်ကြပေါ့ကွ။ တို့လည်း ဥပဒေနားလည်တဲ့ ရှေ့နေ ဝတ်လုံတွေနဲ့ တိုင်ပင်နေပါပြီ။ မင်းတို့နဲ့ တို့နဲ့ တစ်ပွဲ တစ်လမ်း အကဲစမ်းကြသေးတာပေါ့ကွာ”

 

ဦးမြို့သည် ပြောပြောဆိုဆိုပင် မည်သူ့ကိုမျှ နှုတ်မဆက်တော့ဘဲ ပွဲရုံထဲမှ စိတ်ဆိုးမာန်ဆိုးဖြင့် အံကြိတ်၍ ကြိမ်းဝါးရင်းက တဆောင့်ဆောင့်နှင့် ထွက်သွားတော့သည်။

 

[၃၇]

 

“ဟေ့ ဆယ်ရင်၊ မင်းတို့ ခေါင်းဆောင်ကြီးက တို့ထန်းတောအတွက် ထန်းစုမပေးတော့ဘူးဆိုပြီး ငါ့စကားနွားရ ပြောနေပါ့လားကွ”

 

ကျောက်ပန်းတောင်းမြို့တွင် ကိုအေးဆွေနှင့် ကုန်သည်တစ်ပိုင်း၊ ထန်းပိုင်ရှင်တစ်ပိုင်း ကုန်သည် ပွဲစားကြီး ဦးမြို့တို့ အချီအချ စကားစစ်ထိုးပွဲလေး ဖြစ်ပြီးနောက် ၃၊ ၄ ရက်လောက်အရှိတွင် ဘုံထန်း တောနယ်မြေ စုပေါင်းထန်းလုပ်ငန်းအဖွဲ့မှ တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဆယ်ရင်သည် တငါ့ကန်ရွာ သား ရှင်ပြုအလှူသို့ သွားခဲ့သည်။

 

ဤတွင် အလှူမဏ္ဍပ်အတွင်း ဧည့်ခံဝိုင်းတွင် ထိုင်လျက်ရှိနေသော ထန်းပိုင်ရှင် ဦးမြမောင်က တစ်ဖက်ဝိုင်းတွင် လာရောက်ထိုင်ချလိုက်သော ဆယ်ရင်အား ထိုင်လျှင်ထိုင်ချင်း ခနဲ့လိုက်သည်။

 

“ဒါကတော့ ဦးလေးရာ၊ အခြေအနေအရပေါ့”

 

ဆယ်ရင်က လူအများအကြားတွင် အကယ်၍ စကားပြောအဆင်မပြေပါက အတိုက်အခံဖြစ်ပြီး ငြင်းခုံနေရမည်ဖြစ်၍ မပြောလိုဟန်ဖြင့် ပါးစပ်ထဲ တွေ့ရာစကားလုံးကိုသုံး၍ ပြောလိုက်သည်။ ထို့နောက် အနီးရှိ အသိမိတ်ဆွေများနှင့် နှုတ်ဆက် စကားပြောနေသည်။

 

သို့ရာတွင် ဦးမြမောင်ကမူ ထပ်၍ လှောင်လိုက် ပြန်သည်။

 

“အောင်မယ်၊ မင်းစကားကလည်း ကြီးကျယ်လှချည်လားကွ။ အခြေအနေအရတဲ့။ အေးဆွေ လေပေါက်အတိုင်းလိုက်ပြီး လာပြန်ပြီတစ်ယောက်။ ဟိုကောင်ကလည်း ပြီးခဲ့တဲ့သုံးလေးရက် လောက်တုန်းက ဦးမြို့ကို အခြေအနေတွေ၊ ဥပဒေတွေ၊ ပုဒ်ထီးပုဒ်မတွေနဲ့ချည်း ကိုင်ပေါက်သွားလိုက်တာ။ အနားရှိတဲ့လူတွေကိုတောင် လွင့်စဉ်ကုန်ခမန်းပဲ။ မင်းကလည်း ဆိုစမ်းပါဦးကွ။ ဘာတွေနဲ့များ ကိုင်ပေါက်ဦးမလို့လဲ။ တကတဲ ဥပဒေပညာရှိကြီး တွေဆိုတော့”

 

မည်သို့ပင် ဦးမြမောင်က သရော်လှောင်ပြောင်နေသော်လည်း ဆယ်ရင်ကမူ မိမိစိတ်ကို တတ်နိုင်သမျှ ကြိုးစားထိန်းထားလေသည်။

 

 “ဒီလိုဆိုရင် ဥပဒေကြောင့် မပေးရတာပါဆိုတာကို ကျုပ်အနေနဲ့ ထပ်ပြီး မပြောချင်တော့ဘူး”

 

ဆက်လက်ဖော်ပြပါမည်။