နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၈-၅-၂၀၂၃ ရက်မှအဆက်

“ဒါကြောင့်မို့လို့ အခြားတောင်သူလယ်သမားများကို အမတော်ကြေးထုတ်ပေးသလို ကျွန်တော်တို့ ထန်းသမားငမွဲတွေကိုလည်း ထန်းအမတော်ကြေး ထုတ်ပေးပါလို့ ဒီထန်းသမားညီလာခံကြီးကနေပြီး တစ်ခဲနက်တောင်းဆိုပါတယ်” 

“သည်အဆိုကို ကျွန်တော်ထောက်ခံပါတယ်”

“ထောက်ခံတယ်”

လူထုပရိသတ်ထဲမှ လူအချို့သည် ကိုအေးဆွေ၏ ဟောပြောသွားချက်များကို စိတ်ဝင်စားလာရုံတွင် မက ထ၍ထ၍ ထောက်ခံနေကြသဖြင့် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။

ကိုအေးဆွေသည်  လှုပ်လှုပ်ရွရွဖြစ်နေသော ထန်းသမားထုကြီးအား လှည့်ပတ်၍ ကြည့်လိုက်ရာ မဏ္ဍပ်၏လက်ဝဲဘက်အစွန်တွင် အမျိုးသမီးအုပ်စုအား တွေ့ရသည်။ ၎င်းတို့၏ ရှေ့ဆုံးကျကျတွင် ထွေးရီအား တွေ့ရသည်။ ထွေးရီက ကိုအေးဆွေအား ပြုံးပြလိုက်သည်။ သူ့အပြုံးမှာ ကလေးငယ်တစ်ယောက်လို ပွင့်ပွင့်လင်းလင်းရှိလှသည်။ သူ့အနီးတွင် မအုန်း တင်နှင့် အခြားအပျိုဖော်လေးများအား တွေ့ရသည်။ အခြားအပျိုမလေးတစ်ဦးက ထွေးရီနား အနီးသို့ကပ်ကာ ဘာပြောလိုက်သည်မသိ၊ ထွေးရီက ထိုအပျိုမလေး၏ပေါင်ကို ဆွဲလိမ်လိုက်သည်။

“ဆက်လက်ပြီး  တတိယအချက်ကို တင်ပြပါရစေ။ ကျွန်တော်တို့ထန်းသမားတွေဟာ  မနက် တစ်ခါ ညနေတစ်ခါ အမြဲတမ်းဆိုသလို သေမင်းနဲ့ ဖက်ပြိုင်ပြီး အသက်မွေးမြူနေတဲ့သူတွေပါ။ ဒီလို သေတွင်းနှုတ်ခမ်းမှာနင်းပြီး အလုပ်လုပ်နေရပေမဲ့ စားသောက်နေထိုင်မှုကျတော့လည်း ချောင်လည်မှု မရှိပါဘူး။ ဘယ်လောက်ထိ ကျပ်တည်းတယ်ဆိုတာ ယခုတက်ရောက်လာကြတဲ့  ထန်းသမားကြီးများ အသိပါ။ ပြီးခဲ့တဲ့မိုးတွင်းကဆိုရင် ထင်းဈေးက နဂိုကကြီးတဲ့အထဲ ထန်းလျက်ဈေးက ကျသွားလိုက်တော့ ထန်းသမားခမျာတွေမှာ ဘယ်လောက်ထိ ဒေါင်ချာစိုင်းသွားတယ်ဆိုတာ အခု တက်ရောက်လာကြတဲ့ဦးကြီးများကိုယ်တိုင် ခံစားခဲ့ရတာမို့ အထူး မပြောလိုတော့ပါဘူး။ ဒီအထဲမှာ ထန်းပိုင်ရှင်များကိုလည်း သုံးစုတစ်စုအဖြစ် မပေးမဖြစ်လို့ ပေးနေရပါတယ်။ အဲဒီတော့ ကျွန်တော် ဒီနေရာမှာ လူကြီးမင်းများရှင်းအောင် တွက်ပြပါရစေ။

အခု ထန်းသမားတွေသုံးနေတဲ့ ပျဉ်းမနားဘက်ကလာတဲ့ မီးရထားထင်းဟာ (ဒေသအခေါ်အားဖြင့်) လံထင်းတစ်ပုံမှာ ၂၅ ကျပ် ပေးရပါတယ်။ ဒါကို လှည်းနဲ့တင်လိုက်ရင် လှည်းနှစ်စီးမောက်မောက် တင်ရပါတယ်။ အိမ်အရောက်ဆိုရင် ခရီးအနီးအဝေး လိုက်ပြီး လှည်းခ ၂ ကျပ်မှ ၃ ကျပ်၊ ၄ ကျပ်ထိ ပေးရပါတယ်။ ဒီတော့ အိမ်ရောက် လှည်းနှစ်စီးစာ ထင်းကို ငွေ ၃ဝ ကျတယ်ပဲထားပါ။ ဒီငွေ ၃ဝ ဖိုး ထင်းနဲ့ ထန်းလျက်ချက်လိုက်ရင် အချိန် ပိဿာ ၁၅၀ လောက် ရပါတယ်။ တစ်နေ့ အချိန်တစ်ဆယ်ကျတဲ့ ထန်းသမားတစ်ယောက်ဟာ ၁၅ ရက်လောက် ဆိုက်ရပါတယ်။ တစ်လဆိုရင် ထင်းဖိုး ၆ဝ ကုန်ကျ သလို ထန်းလျက်လည်း အချိန် ၃ဝဝ ပိဿာလောက် ရပါတယ်။ ဒီအထဲက ထန်းပိုင်ရှင်ကို အချိန် ၁ဝဝ ပေးလိုက်ရင် ထန်းသမားမှာ ၂ဝဝ ပဲ ကျန်ပါတယ်။ ဒါကို ပြီးခဲ့တဲ့မိုးတွင်းက ပေါက်ဈေးနဲ့တွက်ရင် တစ်ရာ ၄၅ ကျပ် ဈေးနဲ့ ငွေ ၉ဝ ပဲ ရပါတယ်။ ဒီငွေ ၉ဝ ထဲက ထင်းဖိုး တစ်လတွက် ၆ဝ နုတ်လိုက်ရင် ၃ဝ ပဲ ကျန်ပါတယ်။ ဒါဟာ ထန်းသမား တစ်အိမ်ထောင်စုရဲ့ တစ်လဝင်ငွေပါ။ ထန်းလျက်ဈေးကျရင် ကျသလို ဝင်ငွေလျော့သွားတတ်ပါတယ်။ ဒီကုန်ကျ ငွေထဲမှာဆိုရင် ထန်းအတွက် ပစ္စည်းကိရိယာဖိုးတွေ မပါသေးပါဘူး။

‘နောက်ပြီး အဲဒီလို တစ်လလုံး ငွေ ၃ဝ ဝင်လာဖို့ ငွေရဲ့တန်ဖိုး လုပ်အားကိုလည်း ထန်းတက်သူ၊ မြူအိုး ကောက်သူ၊ ထန်းလျက်ကျိုသူဆိုတဲ့ လုပ်အားသုံးအားနဲ့ လုပ်ရပါတယ်။ ဒီတော့ သည်မျှသောဝင်ငွေလေးနဲ့ ထန်းသမားအိမ်ထောင်စုတိုင်း ရပ်တည်နေရတဲ့ဘဝကို စဉ်းစားကြည့်ကြပါ။ သားသမီးများတဲ့ ထန်းသမားအိမ်မျိုးမှာဆိုရင်တော့ မတွေးဝံ့လောက် အောင်ပဲ ကျပ်တည်းမှုနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်”

ထန်းသမားထုကြီးသည် ခေါင်းတဆတ်ဆတ်နှင့် ညိတ်နေကြသည်။
“စောစောကအကြောင်းကို  ပြန်ဆက်ပြောပါရစေ။ ကျွန်တော်တို့ ဒီနယ်မှာရှိတဲ့ ထန်းသမားတွေ ဟာ ထန်းပိုင်ရှင်ကို သုံးလှည့်တစ်လှည့် ပေးနေရတဲ့အတွက် အလွန်ပဲနစ်နာပါတယ်။ ဒီနေရာမှာ စကား စပ်မိလို့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ ထန်းသမားတွေဟာ ကိုယ့်အရပ်၊ ကိုယ့်ထုံးစံ၊ ကိုယ့်စနစ်နဲ့ ထန်းပိုင်ရှင်တွေကို ပေးကြရသလို  ကျွန်တော်တို့မြို့နယ်မှာလည်း အချို့မှာ ထန်းပင်အနည်းအများအလိုက် ပုတ်ပြတ်ပေးရတယ်။ အချို့ကျတော့ သုံးစုတစ်စု ပေးရတယ်။ ဟော ကျောက်ပန်းတောင်းမြို့နယ်ရဲ့ အရှေ့တောင် လက်ကျတော့ ထန်းပိုင်ရှင်ကို ထန်းသမားက တစ်နှစ် ထန်းတစ်ပင် တစ်သီးစားမှ ထန်းလျက် တစ်ပိဿာပဲ ပေးရတယ်။ နှစ်သီးစားဆိုရင် နှစ်ပိဿာပဲပေးရတယ်။ တစ်နှစ်မှာ ထန်းတစ်ပင် တစ်သီးစားဟာ ၂၅ ပိဿာလောက်ထွက်ပေမဲ့ နှစ်သီးဆိုရင် ပျမ်းမျှ ၃၅ ပိဿာလောက်ပဲ ထွက်ပါတယ်။ အခု ကျွန်တော် တို့ ဒီဒေသရဲ့ သုံးစုတစ်စု ပေးရတဲ့စနစ်အရဆိုရင် ထန်းပိုင်ရှင်ကို တစ်နှစ်မှာ ထန်းတစ်ပင်အတွက် ၁၂ ပိဿာလောက် ပေးနေရတဲ့အတွက် ကျွန်တော် တို့အရပ်က ထန်းသမားတွေဟာ အလွန်ပဲ နစ်နာနေပါတယ်။  ကျွန်တော်တို့နယ်တွင် မဟုတ်ပါဘူး။ တစ်ပြည်လုံးမှာရှိတဲ့ ထန်းသမားတွေဟာလည်း သူ့အရပ် သူ့စနစ်နဲ့ ပေးနေရခြင်းဖြစ်ပေမဲ့ အများအားဖြင့် နစ်နာတဲ့ဘက်ကများပါတယ်။

ဒါကြောင့်မို့ လက်ရှိကျင့်သုံးနေတဲ့ သုံးစုတစ်စု စနစ်ဟာ ခေတ်နဲ့မလျော်ညီတော့ပါဘူး။ ထန်းလုပ် သမားတွေအဖို့ တစ်ဖက်သတ် နစ်နာလွန်းနေပါတယ်။ ဒီနေ့ လယ်ယာလုပ်သူများပင်လျှင် အရင်က သီးစားခကို ထက်ဝက်စားပေးနေရတဲ့ဘဝက ယခုတော့ နိုင်ငံတော်အစိုးရရဲ့ သီးစားဥပဒေကြောင့် လယ်ခွန်တော် တစ်ဆသီးစားခဖြင့် လယ်ရှင်များကို ပေးနေရသလို ယာ့ရှင်များကိုလည်း မြေခွန်တော်ရဲ့ နှစ်ဆသုံးဆနှုန်းနဲ့ သီးစားခကို ပေးနေကြရပါပြီ။

“အဲဒီတော့  ဒီအထောက်အထားတွေကြောင့် ကျွန်တော်တို့ ယခု ထန်းပိုင်ရှင်ကို သုံးစု တစ်စုအဖြစ် ပေးနေရာက ငါးစုတစ်စုအဖြစ်သို့ လျှော့ချပြောင်းလဲပေးပါရန် အဆိုကို ဒီညီလာခံကြီးမှာ တင်ပြပါတယ်”

ကိုအေးဆွေ၏တင်ပြချက်ကို ထန်းသမားထုကြီး က လက်ခုပ်များ တဖြောင်းဖြောင်းတီး၍ ထောက်ခံလိုက်သည်မှာ ထန်းတောများတစ်ဝိုက်ဝယ် ပဲ့တင်ထပ်၍သွားတော့သည်။

“စတုတ္ထအချက်ဖြစ်တဲ့   ထန်းတောများကို ပြည်သူပိုင်သိမ်း၍ချထား ဝေငှပေးပါရန်အချက်ကို ဆက်လက်တင်ပြပါရစေ။  ဒီအချက်နဲ့  ပတ်သက်လို့ အခုညီလာခံကြီးမှာ တက်ရောက်လာကြတဲ့ ဦးကြီးများ စဉ်းစားတော်မူကြပါခင်ဗျား။ ဘာလို့လဲ ဆိုရင် လယ်ယာလုပ်သူတွေသာလျှင် လယ်ယာကို လုပ်ပိုင်ခွင့်ရှိတယ်လို့  ကြွေးကြော်နေကြသေးရင် သက်စွန့်ဆံဖျား ထန်းပင်အမြင့်မှာတက်ပြီး အလုပ်လုပ်ကြရတဲ့ ထန်းသမားများရော ကိုယ်တက်တဲ့ ထန်းကို ကိုယ်မပိုင်ထိုက်ဘူးလား ခင်ဗျား၊ စဉ်းစားတော်မူကြပါ”

ကိုအေးဆွေသည် သူ့စကားကို ဖြတ်လိုက်ကာ လူထုပရိသတ်ကြီးကို  လှည့်ပတ်၍  ကြည့်လိုက် သည်။ ထန်းသမားထုကြီးသည် ရုတ်တရက် ငြိမ်ကျသွားသည်။ ထိုစဉ် လူတစ်ယောက် ထလိုက်ကာ-

“ပိုင်ထိုက်ပါတယ်ခင်ဗျား၊  ထန်းတက်သူများသာလျှင် ထန်းကို ပိုင်ထိုက်ပါတယ်” ဟု တက်ကြွစွာ ထောက်ခံလိုက်၏။

သည်တော့မှ လူတော်တော်များများ ပါးစပ်က “ဟုတ်တယ် ဟုတ်တယ်၊ ပိုင်ထိုက်တယ်” ဟူသော တီးတိုးအသံများသည်  ပဲ့တင်ရိုက်ခတ်သွား လေသည်။

လူအများ၏ တီးတိုးသံများ ငြိမ်သက်သွားလျှင် ကိုအေးဆွေကလည်း  အားရတက်ကြွစွာဖြင့် သူ့စကားကို ဆက်လိုက်ပြန်သည်။

“ပိုင်ထိုက်ပါတယ်ခင်ဗျာ။  ထန်းတက်သူများသာလျှင် ထန်းကို ပိုင်ဆိုင်ထိုက်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်အစိုးရက ခေါင်းပုံဖြတ်နေတဲ့ ဓနရှင်၊ မြေပိုင်ရှင်တွေဆီက လယ်ယာမြေတွေကို ပြည်သူပိုင်အဖြစ် လျော်ကြေးပေး သိမ်းယူပြီးတော့ တကယ် လယ်ယာလုပ်သူတွေအား လုပ်ပိုင်ခွင့်ချထားပေးသလို ကျွန်တော်တို့တက်နေတဲ့ ထန်းပင်တွေကိုလည်း နိုင်ငံတော်အစိုးရက ထန်းပိုင်ရှင်တွေဆီက ပြည်သူပိုင်အဖြစ် လျော်ကြေးပေး သိမ်းယူပြီးတော့ ထန်းတက်သူများကိုသာ လွတ်လပ်စွာ လုပ်ပိုင်ထိုက်အနေနဲ့ ချထားဝေငှပေးပါရန် ဒီနေရာ ဒီညီလာခံကြီးမှာ တင်ပြအကြံဉာဏ်ပေးပါတယ်”

ဤတစ်ကြိမ်  ထောက်ခံလိုက်သည့်  သြဘာလက်ခုပ်သံများမှာ   ယခင်အကြိမ်များထက် ကျယ်လောင် ကြာရှည်လှသည်။ ဆက်၍ပြောမည့် ကိုအေးဆွေကပင် စောင့်ဆိုင်းနေရသည်။

“နောက် ပဉ္စမအနေနဲ့ တင်ပြမယ့်အချက်ကတော့ ထန်းသမား အကျိုးအခွင့် ကာကွယ်သည့်ဥပဒေပါပဲ။ ဘာ့ကြောင့်ဆိုရင်  အခြားသော  တောင်သူလယ် သမားများ အလုပ်သမားများမှာ  သူတို့ တောင်သူ လယ်သမားဆိုင်ရာဥပဒေ၊  အလုပ်သမားဆိုင်ရာ ဥပဒေ အစရှိတဲ့ သီးစားချထားရေးဥပဒေ၊ အခွင့် အရေး  ကာကွယ်သည့်ဥပဒေတွေကို  နိုင်ငံတော် အစိုးရက  ပြဋ္ဌာန်းပေးခဲ့လို့  ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထန်းသမားတွေအတွက်ကျတော့ ဘာဥပဒေမှ မရှိခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ကျွန်တော် တို့ ထန်းသမားတွေမှာ တစ်ခါတစ်ရံ ထန်းပိုင်ရှင်နဲ့ အရှုပ်အရှင်းဖြစ်ရတဲ့အခါ တစ်ဖက်သတ် အနစ်နာခံ ခဲ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ထန်းသမား တွေအတွက် ထန်းသမားအကျိုးအခွင့် ကာကွယ် သည့်ဥပဒေကိုလည်း ပြဋ္ဌာန်းပေးပါလို့ ဒီညီလာခံကြီးကနေပြီး နိုင်ငံတော်အစိုးရထံမှာ တင်ပြအကြံ ပေးပါတယ်။ (သြဘာသံများ)

“အခု နံပါတ် ၆ အဖြစ် တင်သွင်းမယ့် အချက်ကတော့ ဘုံစနစ်ဖြင့် ဘုံထန်းတောသတ်မှတ်ပြီးတော့ စုပေါင်းလုပ်တဲ့  စုပေါင်းထန်းလျက်ထုတ်လုပ်ဖို့ အကြောင်းပါပဲ။ ဒီအဆိုနဲ့ပတ်သက်လို့တော့ ယခု တက်ရောက်လာကြတဲ့ ထန်းသမားဦးကြီးများဟာ တိတိကျကျ လုပ်ဆောင်ချင်မှ လုပ်ဆောင်နိုင်ပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်လုပ်ရင် တကယ်ဖြစ် တယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်တော် ဝန်ခံပါ ရစေ။ ကျွန်တော်တို့ လက်ပံပင်ရွာက ထန်းသမား များကတော့ ဒီဘုံစနစ်နဲ့ ဘုံထန်းတောကို စုပေါင်း တက်ဖို့ အတိအကျ သတ်မှတ်ပြီးပါပြီ။ လာမယ့် ထဖိုကစပြီး စုပေါင်းတက်တော့မယ်ဆိုတာ ဒီနေရာ က အစီရင်ခံပါရစေ။

“အဲဒီတော့  ဒီစနစ်လုပ်ငန်းအကြောင်းကို  အခု တက်ရောက်လာကြတဲ့   ထန်းသမားဦးကြီးများ သဘောပေါက်အောင် အနည်းငယ်စီတော့ ရှင်းလင်း တင်ပြပါရစေ” ဟုဆိုကာ ကိုအေးဆွေသည် ပထမ အဆင့်၊  ဒုတိယအဆင့်ရှိ  စုပေါင်းထန်းလျက် ကျိုချက်ရေးလုပ်ငန်းများကို  အသေးစိတ် ရှင်းပြ သွားလေသည်။ ထို့နောက် ဆက်လက်ပြီး-

ဆက်လက်ဖော်ပြပါမည်။