နွေဦးကာလမြူထသောအခါ

 

မောင်မောင်ဖြူ

 

၅-၅-၂၀၂၃ ရက်မှအဆက်

 

“အေးဆွေရာ၊ မင်းစိတ်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ ငါသိပါတယ်ကွာ။ တကယ်တော့ ဒီ အဆင့်အတန်းတို့၊ ဂုဏ်တို့၊ ငွေတို့ဆိုတာတွေဟာ လူကဖန်တီးထားတာတွေပါ။ အပေါ်ယံက လွှမ်းခြုံထားတဲ့ အဆောင်အယောင်တွေပါ။ အမှန်တော့ လူလူချင်း အတူတူပါပဲကွာ။ မင်းဟာ တခြားကိစ္စတွေမှာ မာနရှိသလောက် ဒီနေရာကျတော့ မင်းရဲ့အားနည်းချက် ပျော့ကွက်တစ်ခုပဲ။ လောကကြီးမှာ လူလူချင်း မတူဘူး၊ မတန်ဘူးရယ်လို့ မရှိပါဘူးကွာ။ မင်းသာ ခုနေ ငွေရှိစမ်းပါ။ ဒီအဆောင်အယောင်တွေ၊ ဂုဏ်တွေဟာ မင်းက လုပ်ယူမနေရပါဘူး။ ပတ်ဝန်းကျင် က  အလိုလို  လုပ်ပေးပါလိမ့်မယ်၊ မဟုတ်ဘူးလား ငါပြောတာ။ ဟေ့ကောင်၊ ငါပြောတာ ကြားကော ကြားရဲ့လား

 

ငေးငိုင်တွေဝေနေသော ကိုအေးဆွေအား လှကြည်က သူ့စကားကိုဖြတ်ကာ သတိပေးလိုက်သည်။

 

“ဟေ၊ အင်း အင်း၊ ကြားပါတယ်

 

ကိုအေးဆွေမှာ ယခုမှ အိပ်ရာမှ နိုးလာသူပမာ ပြူးပြူးပျာပျာ ဖြစ်သွားသည်။

 

“ငါ ပြောတာတွေ ကြားရဲ့လား

 

“ကြားပါတယ်ကွာ

 

“ဒါဖြင့်ရင် ဘာဖြစ်လို့ မင်းကလက်နှေးနေရတာလဲကွ။ ခင်သန်းဌေးဟာမင်းအပြောကို စောင့်နေ တာကွ၊ နားလည်ရဲ့လား

 

ကိုအေးဆွေမှာ မရှူနိုင် မရှိုက်နိုင် ဖြစ်နေသည့်ပမာ အဖြေရကျပ်လှသည်မို့ သက်ပြင်းကို ရှိုက်ချ မိသည်။

 

“အေးဆွေရ၊ မင်းဟာ တကယ်ကော ခင်သန်းဌေးကို ချစ်တာကော ဟုတ်ရဲ့လားဟင်။ ပွင့်ပွင့် လင်းလင်း ပြောစမ်းကွာ

 

လှကြည်သည် ကိုအေးဆွေ၏ ငူတူတူ အေးစက်စက် အမူအရာကို ကြည့်ကာ အားမလိုအားမရ ဖြစ်လာသည်။

 

“ပြောမှ ပြောရက်ပါပေ့ လှကြည်ရာ

 

ဤစကားလုံးကလေးများက ကိုအေးဆွေ၏ လည်ချောင်းဝတွင်သာ ပျောက်ကွယ် သွားလေသည်။

 

မည်သို့ မချစ်ဘဲ နေပါမည်နည်း။

 

[ ၂၁ ]

 

“ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျား။ အခုလို မြို့နယ်လုံးဆိုင်ရာ ထန်းသမား ညီလာခံကြီးကို ဘာ့ကြောင့်အခုလို ဖိတ်ကြားကျင်းပရတယ် ဆိုတဲ့အကြောင်းကိုတော့ ကျွန်တော် အထူးမပြောလိုတော့ပါဘူး။ သဘာပတိ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ပါသွားပြီးပါပြီ။ ကျွန်တော် ပြောကြားလိုတာက ကျွန်တော်တို့ မြို့နယ်မှာဆိုရင် အခုလို မြို့နယ်လုံး ဆိုင်ရာ ထန်းသမားများ အစည်းအဝေးကြီးရယ်လို့ တစ်ခါမှ မကျင်းပခဲ့ဖူးသေးပါဘူး။ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ပါ။ ဒီလို ပထမဆုံးအကြိမ်ဖြစ်ပေ မယ်လို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရွာတိုင်း စေ့ကလို တက်ရောက်လာကြတဲ့အတွက် အလွန် ဝမ်းသာပါတယ်။ ဒါဟာ ကျွန်တော်တို့ အနာဂတ် ရည်ရွယ်ချက်တွေအတွက် အောင်မြင်မယ့် နိမိတ်ပါပဲ။ ကျွန်တော်ဟာ ဒီညီလာခံကြီးမှာ အချက် ၇ ချက်ပါတဲ့ ထန်းသမားများ သက်သာချောင်ချိရေး၊ ဘဝအဆင့် မြှင့်တင်ရေး အဆိုကို တင်သွင်းပါ့မယ်

 

ကိုအေးဆွေက ဤသို့ စကားပလ္လင်ခံကာ နိဒါန်းချီလိုက်သည်။ ထိုနေ့ကား ၁၉၆၃ ခု ဒီဇင်ဘာလ ၁ ရက်။ ၁၃၂၅ ခု နတ်တော်လဆုတ် ၁ ရက်နေ့တည်း။

 

နံနက်ခင်း လင်းရောင်ခြည်အောက်ဝယ် အရှေ့မြောက်ဘက် ပုပ္ပားတောင်ဆီမှ အရှေ့မြောက်  ရာသီလေက တစိမ့်စိမ့် ပက်ဖျန်းလာသည်။

 

ကိုအေးဆွေသည် တက်ရောက်လာသော ထန်းသမားထုကြီးကို ကြည့်ကာ အားရနေသည်။ စကားပြောစင်မြင့်မှ ဆီး၍ကြည့်လိုက်သောအခါ ထန်းသမားလူထုကြီးသည် မိမိပြောမည့် စကားကို စိတ်အားထက်သန်စွာဖြင့် နားစိုက်နေကြသည်ကို တွေ့ရလေသည်။

 

ဤကဲ့သို့ မြို့နယ်လုံးဆိုင်ရာ ထန်းသမားများ ညီလာခံကြီး ဖြစ်လာအောင် ကိုအေးဆွေတို့မှာ အတော်ပင် ကြိုးပမ်းလိုက်ရသည်။ ကျောက်ပန်း တောင်းမြို့နယ်တွင် ထန်းကို အဓိကထားကာ အသက် မွေးဝမ်းကျောင်းပြုနေသူများ အတော်များများ ရှိသော်လည်း ထန်းသမားများ၏ အသင်းအဖွဲ့၊ အစည်းအရုံးဟူ၍ သီးခြားမရှိခဲ့ဖူးချေ။ နိုင်ငံရေး အစိုးရများလက်ထက်က တောင်သူလယ်သမား အစည်းအရုံးများ၊ အသင်းအဖွဲ့များဟူ၍ ရှိခဲ့သော်လည်း ၎င်းထဲတွင် ထန်းသမားများပါ အကျုံးဝင် နေစေပြီးလျှင် မဲရရေးအတွက်သာ ရည်ရွယ်ဖွဲ့စည်းခဲ့၏။

 

ထိုကြောင့်လည်း ထန်းသမားများတွင် မည်ကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်နေရစေကာမူ မည်သူ ကမျှ ခေါင်းဆောင်၍ ဖြေရှင်းမပေးခဲ့ပေ။ အခြားသော တောင်သူလယ်သမားများ အမတော်ကြေးအဖြစ် အစိုးရထံမှရခဲ့သော်လည်း ထန်းသမားခမျာများမှာ မရရှိခဲ့ချေ။ ထင်းပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ထန်းသမားများ ကျေနပ် လောက်အောင် မည်သူကမျှ ဖြေရှင်းမပေးနိုင်ခဲ့။ ကျသမျှဘေးဒဏ်ကိုသာ ငုံ့၍ ခံနေကြရသည်။ ဤသည်တို့ကို သိ၍လည်း ဆရာကြီးဦးလှဒင်၏ အကူအညီဖြင့် ကိုအေးဆွေတို့က မြို့နယ်လုံးဆိုင်ရာ ထန်းသမားညီလာခံကြီးကို မဖြစ်မနေ ကြိုးစား၍ ခေါ်ခဲ့ကြလေသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် ထန်းပင်စာရင်း ၄ သိန်းခန့်ရှိပြီး ထန်းဖြင့် အသက်မွေးမြူသော ထန်းသမားပေါင်းမှာ ခြောက်ထောင်ခန့် ရှိသည်။ ထိုကြောင့်လည်း ကျေးရွာအုပ်စုအလိုက် တစ်အုပ်စုလျှင် ငါးဦးစီထက်မနည်း ညီလာခံသို့ တက်ရောက် ရန် ကိုအေးဆွေတို့က ဖိတ်ကြားသည်။ ကျင်းပသည့် နေရာမှာ လက်ပံပင်ရွာ၏ တောင်ဘက်၊ ကိုအေးဆွေတို့ တဲစု၏အရှေ့ဘက် ထန်းပင်အတော်ရှင်းသော နေရာတွင် မဏ္ဍပ်ထိုး၍ ကျင်းပကြလေသည်။

 

တက်ရောက်လာကြသော ကိုယ်စားလှယ်ပေါင်း ငါးရာခန့်သည် နံနက်လင်းစကတိုင် လှည်းဖြင့် တစ်မျိုး၊ ခြေကျင်တချို့နှင့် ရောက်ရှိလာကြ၏။ ရွာနီးချုပ်စပ်မှဆိုလျှင် စိတ်ဝင်စားသော ထန်းသမား တိုင်းလို တက်ရောက်လာကြသဖြင့် လူထုကြီးမှာ နှစ်ထောင်ကျော်ခန့် ရှိလေသည်။ ညီလာခံကြီးသို့ တက်ရောက်လာကြသော ထန်းလုပ်သားလူထုကြီးအတွက် လက်ပံပင်ရွာနှင့်တကွ ရွာနီးချုပ်စပ်များကပါ ထမင်းထုပ်များဖြင့် ကူညီအားပေးလေသည်။

 

ညီလာခံကြီးကို နံနက် ၉ နာရီတိတိအချိန်တွင် စတင်ဖွင့်လှစ်သည်။ ညီလာခံကြီးတွင် သဘာပတိ အဖြစ် ဦးစံကျော်က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဆယ်ရင်က ဆောင်ရွက်သည်။

 

ကိုအေးဆွေသည် ထန်းသမားထုကြီးကို လှည့်ပတ်၍ ကြည့်ပြီးနောက် ဆက်လက်ကာ –

 

“အဲဒီ အချက် ၇ ချက်ကတော့

 

၁။ အစိုးရနှင့် ထန်းသမားများ တွေ့ဆုံနှီးနှော ဖလှယ်ပွဲများ ပြုလုပ်ပေးရန်။

၂။ အစိုးရက ထန်းသမားများအား အမတော်ကြေး ထုတ်ချေးပါရန်။

၃။ ထန်းပိုင်ရှင်များအား ထန်းစုကို ငါးစုတစ်စု အဖြစ် ပေးရန်။

၄။ ထန်းတောများကို ပြည်သူပိုင်အဖြစ် သိမ်းယူပေးပါရန်။

၅။ အစိုးရက ထန်းသမား အကျိုးအခွင့် ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းပေးပါရန်။

၆။ ဘုံစနစ်ဖြင့် ဘုံထန်းတောများ ပြုလုပ်၍ စုပေါင်း ထန်းလျက်ထုတ်လုပ်ရန်။

၇။ ပုပ္ပားနှီးနှောဖလှယ်ပွဲကြီးကို ကြိုဆိုထောက်ခံရန်။

အစရှိတဲ့ အချက်များပါတဲ့ အဆိုများ ဖြစ်ပါတယ်။

 

“ပထမဆုံးအချက်ကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ ထန်းသမားများအဖို့ ဝမ်းနည်းစရာ တစ်ခုအဖြစ်နဲ့ ယနေ့တိုင်ခံစားနေရပါတယ်။ တောင်သူလယ်သမား၊ ကိုင်းသမား၊ ဥယျာဉ်သမား၊ မွေးမြူရေးသမား၊ တံငါသမား၊ ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်း ပိုင်ရှင်လေးများကအစ အမတော်ကြေးအဖြစ် အစိုးရက ထုတ်ပေးခဲ့ကြပေမဲ့ ကျွန်တော်တို့ ထန်းတက်သမား ဆင်းရဲသားခမျာများမှာတော့ အရင့်အရင် အစိုးရများလက်ထက်ကရော၊ ဒီနေ့ လက်ရှိတက်နေတဲ့ တော်လှန်ရေးအစိုးရ လက်ထက်မှာရော တစ်ခါမှ ထန်းအမတော်ကြေးရယ်လို့ ထုတ်မပေးခဲ့ကြပါဘူး။ ဒါဟာ ဝမ်းနည်းစရာပါပဲ။ ဆင်းရဲသားချင်း တူနေပေမယ့်လို့ တစ်ပန်းရှုံးနေပါတယ်။ အဲဒီလို ကျွန်တော်တို့ ထန်းသမားတွေကို ထန်း အမတော်ကြေး မပေးတာဟာ မေ့များနေလို့လား။ (ဩဘာသံများ) ဒီလိုမှ မဟုတ်လို့ရှိရင်လည်း ထန်းသမားတွေဟာ ချောင်ချောင်လည်လည် စားသောက်နေထိုင်နိုင်တဲ့ လူတန်းစားတွေရယ်လို့ သတ်မှတ်ထားလို့များလား။ (ဩဘာသံများ)

 

“အဲဒီတော့ ဒီနေ့အစိုးရကို ဒီညီလာခံကြီးကနေပြီးတော့ တင်ပြချင်ပါတယ်။ ထန်းသမားတွေဟာ ချောင်ချောင်လည်လည်ထဲက မဟုတ်ပါဘူး။ အကျပ်အတည်းနဲ့ အမြဲရင်ဆိုင်နေရပါတယ်။ ထန်းသမားတွေဟာ ဘယ်လောက်ထိအောင် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိရအောင် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ထန်းသမားတွေကို အခြား အလုပ်သမား၊ လယ်သမားများအတွက် တွေ့ဆုံ နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်ပေးပြီး ရင်ဖွင့်ပွဲကြီး ပြုလုပ်ပေးသလို ကျွန်တော်တို့ ထန်းသမားများအတွက်လည်း ရင်ဖွင့်နိုင်တဲ့ နှီးနှောဖလှယ်ပွဲကြီး ပြုလုပ်ပေးပါလို့ ဒီညီလာခံကြီးက အကြံပေးပါတယ်

 

လူထုပရိသတ်ကြီးက လက်ခုပ် တဖြောင်းဖြောင်း တီး၍ သြဘာပေးလိုက်ကြသည်။

 

“ဒုတိယအချက်ကဆိုရင် စောစောက တင်ပြခဲ့သလို ထန်းအမတော်ကြေးပေးဖို့ပါပဲ။ ကျွန်တော်တို့ ထန်းသမားတွေဟာ ထဖို (ထန်းဖို) ပေါ်ခါနီးရင် ထန်းအတွက် ကိရိယာ တန်ဆာပလာများဖြစ်တဲ့ မြူအိုးဖိုး၊ ကြိုးဖိုး၊ ဒယ်အိုးဖိုး၊ ရင်းထောင်၊ ရင်းဆွဲဖိုး၊ ဓားဖိုး စသည်ဖြင့် အရင်း မတည်ဖို့ ငွေရဖို့ကို အမြဲတမ်း အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါတယ်။ ထန်း တတက်မှာဆိုရင် အပင် ၅ဝ ပဲ တက်တယ်ထားပါ။ ဒီတော့ ထန်းလုပ်ငန်း ဝင်တော့မယ်ဆိုရင် ထန်းတတက်မှာ အနည်းဆုံး ရင်းနှီးမတည်ငွေဟာ နှစ်ရာကျပ်ကျော်ဖိုးလောက် ကုန်ကျပါတယ်။ ဒီအထဲမှာ ဆိုရင် ထင်းဖိုးမပါသေးပါဘူး။

 

“ဒီလို မတည်ဖို့ ငွေရဖို့အတွက် ထန်းသမားတွေ ဟာ ထဖိုပေါ်ခါနီးတိုင်း ရှာကြံရပါတယ်။ ဒါဟာ ယခု တက်ရောက်လာကြတဲ့ ထန်းသမားကြီးများ အသိပါ။ ဒီလိုရှာတဲ့အခါမှာ ဘယ်မှာရှာသလဲ ဆိုတော့ ကိုယ့်ထန်းပိုင်ရှင်ဆီမှာ၊ နောက်နီးစပ်ရာ ငွေရှင်ကြေးရှင်တွေဆီမှာ ထန်းလျက်ပေါ်ပေးနဲ့ ယူကြရပါတယ်။ ဒီထန်းလျက်ပေါ်ပေးစနစ်ဟာ အောက်ပြည်အရပ်မှာ စပါးပေါ်ပေးနဲ့ ပင်ထောင် အရောင်းအဝယ်လုပ်ပြီး ငွေယူရသလို မြို့ပေါ်ဆင်းရဲ သားတွေ နေ့ပြန်တိုးနဲ့ ငွေချေးရသလို အင်မတန်ပဲ နစ်နာပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ထန်း သမားတွေမှာ ဒီလိုမှမချေးရင်လည်း ဘယ်သူမှ ချေးမယ့်လူ ကမ်းမယ့်လူ မရှိလို့ သိလျက်သားနဲ့ အနစ်နာခံပြီး ယူကြရပါတယ်။

 

ဆက်လက်ဖော်ပြပါမည်။