မောင်မောင်ဖြူ
၂၁-၄-၂၀၂၃ ရက်မှအဆက်
“ဟုတ်ကဲ့ပါ ဦးလေး၊ တော်ကြာရင် အားလုံး စာရင်းတွေ ပြီးတော့မှာပါပဲ။ နက်ဖြန်ခါဆိုရင် အားလုံး အစည်းအဝေးခေါ်ပြီး တင်ပြနိုင်ပါပြီ”
“သလိုဆိုရင် ညဘက်မှာ စာရင်းစစ်ခေါ်ပြီး စာရင်းတွေအားလုံး စစ်ပေစေပေါ့ကွာ၊ ဟုတ်လား”
“ဟုတ်ပါ့”
“အဲ အဲ၊ နေပါဦး မောင်အေးဆွေရဲ့။ သည်လမှာ ဘယ်လောက်လောက်စီ အပိုကျန်မလဲကွယ့်။ ခန့်မှန်းခြေပေါ့ကွယ်”
ကိုအေးဆွေသည် စာရင်းစာအုပ်မှ စာရွက်သုံးလေးရွက်ကို ဟိုလှန်သည်လှန် လုပ်ပြီးနောက် ဦးစံကျော်အား သူ့ခန့်မှန်းချက်ကို ပြောလိုက်၏။
“အများဆုံး ၂ဝ လောက်စီတော့ ပိုထွက်လာလိမ့်မယ် ထင်ပါတယ်”
“ဟင်၊ ပြီးခဲ့တဲ့ အရင်လများကလို အစိတ်သုံးဆယ်ကျော်လောက်စီ ပိုထွက်မလာနိုင်ဘူးလား။ ဘယ်လိုကြောင့်တုံး”
ဦးစံကျော်က အနည်းငယ်အံ့သြသော မျက်နှာဖြင့် မေးလိုက်သည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်လည်း ဦးလေးစံ ဒီကိုမလာရင်ကျွန်တော်တောင် ဦးလေးစံဆီကို လာမလို့ဟာပဲ။ အခု ဦးလေးစံ လာတာနဲ့ အဆင်သင့်ပဲ”
“ဘယ်လို ကိစ္စထူးလို့လဲကွယ့်”
ဦးစံကျော်က လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။
x x x
ကိုအေးဆွေတို့သည် စုပေါင်းထန်းလျက်ကျိုချက်ရာ၌ ပထမထင်းဖိုးအဖြစ်တစ်ဦးလျှင် ဆယ်ရက် တွက် ၃ဝ စီ စုဆောင်းရာ ထန်းသမား ၂၁ ဦး အတွက် ငွေပေါင်း ၆၃၀ ကျပ် ရခဲ့သည်။ ၎င်းငွေဖြင့် ထင်းကို အကုန်ဝယ်လိုက်ပြီးလျှင် ထန်းလျက် ကျိုချက်ကြသည်။ ကျိုချက်ရန် အိုးခွက်များကိုမူ တစ်ဦးလျှင် ဒယ်အိုးတစ်လုံး၊ ဖျဉ်းအိုး နှစ်လုံးကျစီဖြင့် စုပေါင်း၍ ကျိုချက်ကြ၏။
ယင်းသို့ ကျိုချက်ရင်း နောက်ဆယ်ရက်အတွက် ထင်းဖိုးကိုတစ်နေ့လျှင် ဆယ်ပိဿာကျသူတိုင်း ထန်းလျက် နှစ်ပိဿာကျ နုတ်ထားလေ့ရှိ၏။ ဤသို့ဖြင့် ဆယ်ရက်ခန့် ကျိုချက်မိသောအခါ ထင်းမှာ တစ်ဝက်ကျော်လောက်သာကုန်သည်။ တစ်လတိုင်အောင် ဤစနစ်၊ ဤနှုန်းဖြင့် ကျိုချက် မိသောအခါ ထန်းသမားတစ်ဦးလျှင် ထန်းလျက် အနည်းအများလိုက်၍ ၁၅ ကျပ်၊ ၂၀ ကျပ်မှသည် ငွေ ၃၂ ကျပ်စီထိ ထင်းဖိုးမှ အပိုငွေအဖြစ် ထုတ်ပေးနိုင်ခဲ့သည်။ ဤကဲ့သို့ စုပေါင်းထန်းလျက် ကျိုချက်ရေးစနစ်မှာ အောင်မြင်လာသဖြင့် ထန်းသမားတိုင်း ပျော်တပြုံးပြုံးနှင့် ဝမ်းသာမဆုံး ဖြစ်ကြသည်။
သို့သော် ပြီးခဲ့သောလ ပထမပတ်လောက်မှစ၍ ထန်းလျက်များ အလွန်ညံ့ဖျင်းလာသည်ကို တွေ့လာ ရ၏။ သို့ဖြင့် ကိုအေးဆွေသည် ထန်းရည်များ သိမ်းယူရာ၌ မိမိကိုယ်တိုင် စာရင်းအင်းဖြင့် ကြည့်ရှု ကြပ်မတ် သိမ်းယူသည့်အခါ ကိုဖိုးလုံး၏ ထန်းရည် များသည် နေ့စဉ်နေ့တိုင်းလိုလို မကောင်းသော ထန်းရည်များချည်း လာပို့နေသည်ကို တွေ့ရ၏။ ကိုဖိုးလုံးပါမက အခြားထန်းသမား ၄၊ ၅၊ ၆ ဦးကပါ မကောင်းသည့် ထန်းရည်များချည်း မကြာခဏ လာပို့နေသည်ကို တွေ့နေရတော့၏။
ထိုအခါ ကိုအေးဆွေသည် ထန်းရည် ခပ်ညံ့ညံ့ ချည်းပေးသော ထန်းသမားများအား မသင်္ကာ ဖြစ်လာသည်။ ဤသို့ဖြင့် ၎င်းတို့တဲများဘက်သို့ အမှတ်မထင် အကဲခတ်ရန် လျှောက်ကြည့်ရာ မမျှော်လင့်သော အပြုအမူများကို တွေ့ရတော့၏။
“ဟင် ထညက်ကောင်းတွေ လုပ်နေပါ့လား”
အသင်းဝင် ထန်းသမား ကိုမောင်ပု၏ မိန်းမ မညှာသည် ထန်းလျက်ကောင်းများကို ကျိုချက် နေ၏။ သူသည် ကိုအေးဆွေရောက်လာသည်ကို နှစ်သက်ဟန်မရှိပေ။ သူ၏အမူအရာက မလုံမလဲ ဖြင့် စိုးရွံ့ဟန် ပါနေသည်။ သူသည် ကိုအေးဆွေ ပြောသည်ကို လှည့်ကြည့်ပြီးနောက် သူ့ထန်းလျက်ကို လုံးမြဲလုံး၍သာနေသည်။ ပါးစပ်ကမူ ဘာမျှ မပြော။
“ခင်ဗျားတို့ ထရေကောင်းတွေ ဘယ်ကရလဲဗျ”
ကိုအေးဆွေက သူ၏မသင်္ကာစိတ်ကို မအောင့်အည်းနိုင်သည့် အဆုံးတွင် ဖွင့်၍ မေးမိလိုက်တော့သည်။
“ကိုယ့် ထန်းတောကပေါ့တော်၊ မင်းနှယ် အထူးအဆန်းလိုက်လို့ မေးနေပလေတယ်”
မညှာသည် ကိုအေးဆွေအား မျက်စောင်းကြီးထိုးကာ ကြည့်လိုက်ရင်း ခပ်ဆတ်ဆတ်ပင် ဆိုလိုက် သည်။
“ကျွန်တော် မေးတာကသည်လိုပါ။ ကျွန်တော်တို့ စုပေါင်း ထန်းလျက်ကျိုချက်ကြတယ်ဆိုတော့ အသင်းဝင်မှန်သမျှ ထန်းသမားများဟာ မိမိတို့ ထန်းတောကရသမျှထန်းရည်ကို စုပေါင်းကျိုချက်တဲ့တဲကို ပို့ကြရတယ်မဟုတ်လား။ ဒါကြောင့် သည်ထန်းရည်က ဘယ်ကရသလဲလို့ မေးကြည့်တာပါဗျာ”
ကိုအေးဆွေ၏ သာယာချေငံစွာ ပြောဆိုမှုကြောင့် မညှာ၏မျက်နှာသည် စောစောကလောက် မတင်းမာတော့ပေ။
“ဟဲ့ မောင်အေးဆွေရဲ့၊ မင်းစဉ်းစားကြည့်လေ။ ကိုဖိုးလုံးတို့၊ ဆယ်ရင်တို့၊ သာထူးတို့တောင် ထညက်ကောင်းလုပ်ဖို့ ထန်းရည်ကောင်းတွေ ချန်ထားပြီးမှ ကျန်တဲ့ထန်းရည်ကို စုပေါင်းတဲပို့ကြတော့ တို့လိုရသမျှထန်းရည်အကုန်လုံးကိုပို့တဲ့ လူတွေကျတော့ မနစ်နာဘူးလား။ သည်တော့ ငါကလည်း ဘယ်ခံမလဲ။ သူတို့လိုပဲ ထညက်ကောင်းလုပ်ဖို့ ထန်းရည်ကောင်းတွေ ရွေးချန်ထားပြီးမှ ကျန်တာကို စုပေါင်းတဲ ပို့လိုက်တာပေါ့”
ကိုအေးဆွေမှာ အင်မတန် အံ့သြသွားမိသည်။ တကယ်တော့လည်း မညှာ၏လောဘကို အပြစ် မဆိုသာ။
ထန်းလျက်ကောင်းဈေးသည် ရိုးရိုးထန်းလျက် ကြမ်းဈေးထက် တစ်ဆဈေး အမြဲရှိသည်။ ထန်းလျက် ကြမ်းဈေးတစ်ပိဿာ ပြား ၅ဝ ဆိုလျှင် ထန်းလျက် ကောင်းဈေးမှာ ၁ ကျပ်ဈေး အမြဲရှိ၏။
ထန်းရည် အကောင်းအဆိုးမျှ၍ ကျိုချက်လျှင် ရိုးရိုးထန်းလျက်ကြမ်းအဖြစ်ရ၏။ ထန်းရည် ကောင်းချည်း ရွေးကျိုချက်လျှင် ရှ၍ဖြူဖွေးသော “ထန်းလျက်ကောင်း” ရ၏။ ထန်းရည်ကောင်းများ ရွေးထုတ်ပြီး ကျန်ထန်းရည်ကို ကျိုချက်လျှင် စေးထန်းညစ်မည်းသော “ထန်းလျက်ဆိုး” ကို ရ၏။ ထန်းလျက်ဆိုးလာသည်နှင့်အမျှ ရောင်းဈေးလည်း နိမ့်ကျလာ၏။
ယခုမူ “ဘယ်သူသေသေ၊ ငတေမာ ပြီးရော” ဆိုသောစကားကဲ့သို့ ပြုမူနေကြသည်ကို တွေ့လာရသောအခါ တစ်ဖက်က အံ့သြမိသလို တစ်ဖက်ကလည်း မိမိတို့ စုပေါင်းထန်းလျက် ကျိုချက်ရေးအဖွဲ့ကြီး ပျက်စီးသွားမည်ကို ကိုအေးဆွေမှာ အလွန်ပင်စိုးရိမ်သွားမိလေသည်။
“ကဲ ကဲ မညှာ၊ ပြီးတာ ပြီးခဲ့ပါစေတော့။ နောက်တော့ ဒီလိုမလုပ်ပါနဲ့တော့ဗျာ။ တော်ကြာရင် တစ်ယောက်တစ်ယောက်နဲ့ အကုန်လုံး ဒီလိုလျှောက်လုပ်လိုက်ရင် ကျွန်တော်တို့ စုပေါင်းထန်းလုပ်ငန်းကြီးဟာ မကြာခင် ပျက်သွားတော့မှာပေါ့။ တခြားလူတွေကိုလည်း အခုပဲ ကျွန်တော် အကျိုးအကြောင်းလျှောက်ပြီး ပြောပြပါ့မယ်။ ဟုတ်လား မညှာ”
“သည့်ပြင်လူတွေက သလို မညစ်ဘူးဆိုရင် တို့ကလည်း အမှန်အတိုင်း လုပ်မှာပေါ့ဟယ်”
ကိုအေးဆွေသည် မညှာအား သဘောပေါက်လောက်အောင် ဖျောင်းဖျပြောဆိုပြီးနောက် ကိုဖိုးလုံး၊ ဆယ်ရင်၊ သာထူးတို့ တဲဘက်သို့လှည့်ထွက်ခဲ့သည်။ ၎င်းတို့၏ အရိပ်အခြည်များကိုကြည့်၍ မသိမသာစကားဆိုရ၏။ ပထမတွင် ကိုဖိုးလုံး၊ သာထူးတို့က မဟုတ်ကြောင်း ငြင်းဆိုသေး၏။ သို့သော်နောက်တွင်မူ ဝန်ခံကာ “မလုပ်တော့ပါ” ဟု ကတိပြုကြ၏။
ဆယ်ရင်ကမူ “တို့လည်း လုပ်ချင်လို့ လုပ်ရတာ မဟုတ်ပါဘူးကွာ။ ကိုဖိုးလုံးကြီးက သလိုသလို လုပ်ရမယ်လို့ ခဏခဏတိုက်တွန်းနေလို့ လုပ်ရသာဟ။ အဲဒါ အုံးတင် ထညက်ကျိုနေတာတွေ့မှ မေးလို့ သိရတာ”
ကိုအေးဆွေနှင့် သာထူး၊ ဆယ်ရင်တို့သည် ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြ၏။ သို့ရာ တွင် ဆယ်ရင်တို့က တန်းကြီးကျောင်းသားကြီးများ ဖြစ်ကာ ၅ တန်း၊ ၆ တန်းနှင့် ကျောင်းထွက်သွားပြီး ထန်းတက်နေသူများ ဖြစ်ကြ၏။
“ကဲပါဗျာ၊ ပြီးတာ ပြီးပါစေတော့။ နောက်သာ ဒီလို ခင်ဗျားမိန်းမ မအုံးတင် မလုပ်အောင် ပြောထားပါတော့။ ခင်ဗျားလို လူရင်းထဲကတောင် ဒီလိုညစ်ပတ်မှုရှိလာရင် ကျန်တဲ့လူတွေတော့ မပြောနဲ့တော့”
ကိုအေးဆွေက စိတ်ထိခိုက်စွာဖြင့် ညည်းညည်း ညူညူနှင့် ပြောလိုက်၏။
“အေးဆွေ၊ မင်းလည်း ငါ့အကြောင်းသိသားနဲ့။ ဘယ်တော့များ မဟုတ်တာလုပ်လို့လဲ။ ငါလည်း အုံးတင်ကိုတော့ ခဏခဏပြောနေတာပဲ။ ငါ အမှတ် တမဲ့နေတဲ့နေ့ဆိုရင် လုပ်လိုက်တာပဲကွ။ မိန်းမသား ဆိုတော့လည်း အချင်းချင်း ပေါင်တင်မခံချင်ဘူး ပေါ့ကွာ”
“ခက်တာပါပဲဗျာ။ ဒီလိုသာ သူညစ်ရင် ငါလည်းပြန်ညစ်မယ်ဆိုတဲ့စိတ်မျိုးတွေ သက်ဝင်နေရင်တော့ မကြာခင်ပဲ ကျွန်တော်တို့ စုပေါင်းထန်းလုပ်ငန်းဟာ ပျက်တော့မှာအမှန်ပဲ”
“အေးလေ၊ သလို ပျက်သွားမှာစိုးလို့ တို့ကစပြီး မလုပ်မိအောင်အုံးတင်ကို ပြောပြောနေရတယ်လို့ ပြောပကော”
ဆယ်ရင်က သူ့စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်၏။
“ခင်ဗျားကိုလည်း ကျွန်တော် ခဏခဏ ပြောခဲ့ဖူးတယ်မဟုတ်လား။ ရှေ့မှာ ဘယ်အခြေအနေထိ အောင် တိုးချဲ့လုပ်သွားမယ်၊ ဘယ်အခြေအနေရောက်ရင် ကျွန်တော်တို့ရဲ့ ဘဝအဆင့်ဟာလည်း ဘယ်မျှအထိ ချောင်လည်မြင့်မားလာနိုင်တယ် ဆိုတာလည်း ခင်ဗျားသဘောပေါက်နေပြီဟာပဲ။ အထူးသဖြင့် ကျွန်တော်တို့ စုပေါင်းထန်းလုပ်ငန်းဟာ ရှေ့လာမယ့်အနာဂတ် ဆိုရှယ်လစ်မြန်မာပြည်မှာ “စံပြ” ဖြစ်ရမယ်လို့ ကျွန်တော်တို့ မှန်းထားတယ် မဟုတ်လား”
“အေးပါ အေးဆွေရာ၊ ဒါတွေ ငါ သဘောပေါက်ပါတယ်။ ဒါတွေ ခဏဘေးချိတ်ထားစမ်းပါ။ မင်းကို ပြောသင့် မပြောသင့် ချိန်ဆနေတာ လေးငါးခြောက်ရက်တောင်ရှိပြီ။ မဟုတ်တော့လည်း အချင်းချင်း အထင်မှား အမြင်မှားဖြစ်ပြီး သင်းခွဲရာကျမှာစိုးလို့”
ဆယ်ရင်က သူ့စကားကို ဤတွင် ဖြတ်ထားလိုက် သည်။ ကိုအေးဆွေသည် ဆယ်ရင်၏ ထူးခြား လေးနက်သော စကားကြောင့် အတော်စိတ်ဝင်စားလာကာ ဆယ်ရင် နောက်ထပ်ပြောမည့် စကားကို နားစိုက်နေ၏။
ဆက်လက်ဖော်ပြပါမည်။