နွေဦးကာလမြူထသောအခါ  

 

မောင်မောင်ဖြူ

 

၃-၄-၂၀၂၃ ရက်မှအဆက်

“ဟုတ်တယ် ဆရာကြီး။ ကျုပ်တို့အဲဒီသတင်း ကြားရပြီးကတည်းက ထန်းပင်တွေများ တကယ်လို့ ခုတ်လှဲပစ်ရင်တော့ ခက်ရချည်ရဲ့ဆိုပြီး အလွန်ပူနေတာ ဟု ကိုဖိုးလုံးကပါ စိုးရိမ်သံဖြင့် တောသား လူရိုးများပီပီ ပြောလိုက်၏။

 

အခြား ထန်းသမားများကလည်း ကိုစံအေးတို့၏စကားကို ထောက်ခံဘိအလား  ခေါင်းတညိတ်ညိတ်နှင့်ပြုရင်း ဆရာကြီးဦးလှဒင်ပြန်ပြောမည့်စကားကိုသာ နားစွင့်နေကြသည်။

 

“ဒီကိစ္စနဲ့ပတ်သက်လို့  တော်တော်တလောက ကျွန်တော် သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။  မလုပ်ဖြစ်ဘူးလို့ဆိုတယ်။ ဘာကြောင့်တုံးဆိုတော့ ထန်းဆယ်ပင်မှ  စက္ကူတစ်တန်သာ ထွက်သတဲ့။ အဲဒါ ပထမ ဦးနုအစိုးရ လက်ထက်တုန်းက အမေရိကန်အကူအညီနဲ့ ထန်းစက္ကူလုပ်ဖို့ စီမံကိန်းရေးဆွဲခဲ့တာပေါ့။ အဲဒီလို ထန်းဆယ်ပင်မှ စက္ကူတစ်တန်သာ ထွက်တဲ့အကြောင်း အမေရိကန်က စကားပြန်လိုက်တော့ အခုတော်လှန်ရေးအစိုးရက ဒီစီမံကိန်းဟာ အကျိုးမများတဲ့ စီမံကိန်းဆိုပြီး ပယ်လိုက်သတဲ့။ နောက်ပြီးတော့ ပြည်မြို့နယ် ဘက်က ထန်းသမားတွေကလည်း ထန်းပင်ကနေပြီး စက္ကူထုတ်လုပ်ဖို့၊ စက္ကူစက်တည်ရန်အတွက် အမေရိကန်နဲ့ ကမ်းလှမ်းစဉ်ကတည်းက “ဒီစီမံကိန်း ဟာ ထန်းနဲ့အသက်မွေးမြူတဲ့ ထန်းသမားတွေအဖို့ အကြီးအကျယ် ဝမ်းရေးထိခိုက်သွားလိမ့်မယ် ဆိုတဲ့အကြောင်း ကန့်ကွက်ခဲ့ဖူးတယ်။ မလုပ်ဖြစ်တာကတော့ ဒီအကြောင်းတွေလည်း ပါသပေါ့လေ

 

“အဲသလိုဆို တော်ပါသေးရဲ့ဗျာ။ ခုမှပဲ စိတ်အေးရတော့တယ်။ အရင်ဖြင့် ကျုပ်တို့တက်နေတဲ့ ထန်းပင်တွေ ဘယ်တော့များ လာခုတ်ကြမလဲလို့

 

ကိုစံအေးကလည်း လူရိုးပီပီ သူ့ရင်ထဲရှိသည့်အတိုင်း ဝမ်းသာအားရ စိတ်အေးချမ်းသော အသံဖြင့် ပြောလိုက်ရာ အခြားအားလုံးသော ထန်းသမားများမှာလည်း စိတ်လက် ချမ်းမြေ့သွားကြသည်။

 

“ဒါနဲ့ ဆရာကြီး၊ အခုလို ကျွန်တော်တို့ ထန်းသမားတွေရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ နစ်နာချက်တွေ။ ပမာဆိုပါတော့ ထင်းလုံလုံလောက်လောက် မရတာ၊ ထန်းအမတော်ကြေး မရတာ၊ အဲဒါတွေကို တောင်သူလယ်သမားတွေက တော်လှန်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးသလို ကျွန်တော်တို့ ထန်းသမားတွေကလည်း တော်လှန်ရေးအစိုးရနဲ့ တွေ့ဆုံပြီး ထုတ်ဖော်ပြောပြလိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့

 

တစ်ချိန်လုံးငြိမ်နေသော ဦးဖိုးခကလည်း သူ့ဆန္ဒကိုတင်ပြလိုက်၏။ ဤတွင် ကွမ်းတဖြွတ်ဖြွတ် ဝါးနေသော ဘကြီးထွန်းဘော်က အားတက်သရောဖြင့် –

 

“မောင်ဖိုးခပြောတာ ဟုတ်သဟေ့။ သလို အစိုးရတွေနဲ့ ပြောဖို့ကျ မင်းတို့ မပြောဝံ့ရင်နေ၊ ငါ တက်ပြောစမ်းချင်လှသကွာ။ တို့များငယ်ငယ် ထန်းသမားဘဝကစပြီး ခုမင်းတို့ခေတ် ထန်းသမား ဘဝအခြေအနေတွေအထိ တစ်ခုမကျန်ပေါ့ကွာ

 

နွေရာသီပီပီ ပူအိုက်လှသည်။

 

ညဦးပိုင်းက လေပြင်းပြင်းတိုက်ခတ်နေသော်လည်း ယခုမူ လေငြိမ်သွား၍ ပိုပြီးအိုက်စပ်လာ သည်။ တစ်ခါတစ်ရံ တောင်လေကလေး ဝေ့လာမှသာ နည်းနည်းအေးသလို ဖြစ်လာသည်။ ဤသည် ကလည်း ခဏသာ။

 

“ဒီလို တွေ့ဆုံဆွေးနွေးဖို့ကျတော့ ကျွန်တော်တို့ ခင်ဗျားတို့ ထန်းသမားတွေကလည်း ကြိုးစားယူရမှာပဲ။ ကျွန်တော်တို့နယ်တွေမှာဆိုရင် မြို့နယ်၊ ခရိုင်အလိုက် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီဆိုတဲ့ တော်လှန်ရေးအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ တွေရှိတယ်။ ဒါကို အတိုနည်းနဲ့ခေါ်တော့ “လ အ က လို့ ခေါ်ပါတယ်။ ဒီတော့ ကျွန်တော်တို့မြို့နယ် “လ အ က က တစ်ဆင့် ဗဟို “လ အ က တော်လှန်ရေးအစိုးရအထိ တောင်းဆိုယူရမှာပေါ့

 

“ဖြစ်အောင်ကြိုးစားစမ်းပါ ဆရာကြီးရယ် ဟု ဘကြီးထွန်းဘော်က အားပါးတရ ပြောလိုက်၏။

 

“ကြိုးစားပါ့မယ်ခင်ဗျာ၊ ဒါနဲ့ ...”

 

ဆရာကြီးဦးလှဒင်သည် သူ့စကားကို ဖြတ်လိုက်ပြီး ထန်းသမားအားလုံးကို ဝေ့ပတ်၍ အနည်းငယ် စူးစိုက်စွာ ကြည့်လိုက်၏။ ပြီးမှ ဆက်လက်၍ -

 

“ဒါနဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲ လုပ်လာတာလည်း အတော်လေးတောင် ညဉ့်နက်လာပြီ။ ခင်ဗျားတို့လည်း မနက်ထန်းတက်ရဦးမှာနဲ့၊ ကျွန်တော်ဖြစ်စေချင်တဲ့ လုပ်ငန်းတစ်ခုကို ခပ်တို တိုပဲ ပြောချင်ပါတယ်။ ဘာလဲလို့ဆိုရင် “စုပေါင်း ထန်းလျက်ကျိုချက်ရေးလုပ်ငန်း ပဲ။ ဒါကို အခု ဒီမှာရောက်လာကြတဲ့ ထန်းသမားတွေဟာ စုပြီးလုပ်စေချင်တယ်။ အဲဒါခင်ဗျားတို့ ဘယ်လို သဘောရကြသလဲ။ ခင်ဗျားတို့ရဲ့ဆန္ဒကို ပြောကြစမ်းပါဦး

 

ကိုအေးဆွေသည် ယခုမှသက်မချမိသည်။ စောစောကမူ ယခုညတွင် စုပေါင်းထန်းလုပ်ငန်းအကြောင်းကို ဆွေးနွေးမှ ဆွေးနွေးဖြစ်ပါဦးမလားဟု ပူပင်မိကာ စိတ်စောနေမိသည်။

 

ဤတွင် တစ်ချိန်လုံး ဘာတစ်ခွန်းမျှ စကားဝင်မပြောဘဲ နားထောင်၍သာနေသော ထန်းသမားကြီး တစ်ဦးဖြစ်သူ ဦးထွန်းဖေက –

 

“ဘယ်လိုလဲ ဆရာကြီး၊ မောင်အေးဆွေ ပြောပြထားလို့တော့ အတော်အတန် သိပြီးပါပြီ။ သို့ပေမဲ့ ကောင်းကောင်းသဘောမပေါက်သေးလို့ ထပ်ပြီး ပြောပါဦး

 

အားလုံးသော ထန်းသမားများကလည်း ဦးထွန်းဖေနည်းတူ ထပ်၍သိချင်ပုံရသည်။ ဆရာကြီး ဦးလှဒင် ရှင်းပြမည့် စုပေါင်းထန်းလုပ်ငန်းအကြောင်းကိုသာ နားစွင့်နေကြသည်။

 

ယင်းကဲ့သို့ အားလုံးသော ထန်းသမားများက စိတ်ဝင်စားနေပုံကို တွေ့ရသောအခါ ကိုအေးဆွေမှာ ကျေနပ်နေမိ၏။ မိမိပြောစဉ်ကမူ မိမိအား သူတို့လက်ပေါ်တွင် ကြီးပြင်းလာရသူပီပီ ကလေးငယ် တစ်ယောက်လို သဘောထားကာ အထင်မကြီးကြပေ။ ပြောလိုက်တိုင်း အရွှန်းဖောက်ပြီး သိမ်ဖျင်းအောင် လုပ်ပစ်လိုက်ကြသည်။

 

ကိုဖိုးလုံးကဆိုလျှင် “အေးဆွေရာ၊ စိတ်ကူးယဉ် အလုပ်တွေ မလုပ်စမ်းပါနဲ့။ ကြံကြံစည်စည် စုပေါင်းပြီး ထန်းလျက်ကျိုချက်ရမယ်လို့။ ဘယ်သူက လာလုပ်မှာလဲ။ မင်းသာ အေးအေးဆေးဆေး ပြန်ပြီး စာရေးအလုပ်တို့ ဘာအလုပ်တို့ သွားလုပ်စမ်းပါကွာ။ မင်း မြို့တက်ပြီး အင်္ဂလိပ်လို ၁ဝ တန်း အောင်အောင်သင်ထားပြီး မင်းပညာတွေ အလကား ဖြစ်နေရော့ပေါ့ ဟု ဆိုခဲ့၏။

 

ကိုယ်ပိုင် ထန်းလေးတက်နေသော ဦးမာကဆိုလျှင်လည်း “မောင်အေးဆွေရယ် ဘယ်ဖြစ်ပါ့ မလဲ။ တို့ထန်းတောဆိုရင် အလွန်ထန်းရည်ကောင်းတယ် မဟုတ်လား။ ငါ့ဆီက ထန်းရည်ကောင်းကောင်းနဲ့ သူများဆီက မကောင်းတဲ့ထန်းရည်တွေနဲ့ ရောကျိုလိုက်ရင် ထန်းလျက်ကျတော့ မကောင်းတဲ့ ထန်းလျက်တွေရမှာပေါ့။ မဖြစ်ပါဘူးကွာ ဟု ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။

 

ပြီးခဲ့သော နှစ်ပတ်လောက်က ဆိုလျှင်လည်း ထွေးရီသည် ချောင်းမင်းကန်သို့ ရေခပ်သွားရင်း စိတ်မကောင်းစရာ သတင်းတစ်ခုကို ယူဆောင်လာခဲ့၏။

 

“ကိုရင်၊ ကိုရင့်အကြောင်းကိုလေ ရွာထဲက လှမိုးကလေ မနှင်းရွှေရယ်၊ မရင်မြရယ်၊ ပြီးတော့ တခြား ကောင်မတွေကို ပြောနေတယ်။ ကိုရင်ဟာ ရန်ကုန်မှာသွားပြီး အလုပ်တောင် ရအောင်မရှာနိုင်ဘူးတဲ့။ လူနုံလူအတဲ့။ ကိုရင့်နောက်မှ မြို့ကျောင်းနေပြီး ၁ဝ တန်းအောင်သွားတဲ့ အုန်းလွင်တောင် ရန်ကုန်မှာ အလုပ်သွားရှာတာ မဟုတ်ဘဲနဲ့ ရေနံချောင်းမှာတင် အလုပ်ရသွားပြီတဲ့။ အလကား ဒီအေးဆွေဟာ လူညံ့လူဖျင်းတဲ့။ ရန်ကုန်မှာ အလုပ်ရှာမရလို့ သည်မှာပြန်လာပြီး အလုပ်မရှိ အလုပ်ရှာပြီး ဘာဥသန်းရှာတယ်ဆိုလား ပြောတတ်ပါဘူး။ အဲဒါ သူတို့ပြောနေတာ ကျွန်မကြားခဲ့ရတယ်။ ကျွန်မဖြင့် စိတ်တို လိုက်တာလေ မပြောပါနဲ့တော့

 

ဒီကဲ့သို့ လူတိုင်းက မိမိအား ဝိုင်းပြီးအထင်သေး နေကြသည်ကို သိရသောအခါ စိတ်ဓာတ်များ ကျမသွားစေရန် မိမိကိုယ်ကို မနည်းပင်ထိန်းထား ခဲ့ရလေသည်။ ယခုမူ စုပေါင်းလုပ်ငန်းကို ဆရာကြီး ဦးလှဒင်က ပြောပြ၍လားမသိ။ ပုဂ္ဂိုလ်ကြောင့် အထင်ကြီးကာ ဂရုတစိုက် နားထောင်နေကြသည် ကို တွေ့မြင်နေရသောအခါ ကိုအေးဆွေမှာ ဝမ်းသာလာရသည်။

 

ဆရာကြီး ဦးလှဒင်သည် စုပေါင်းလုပ်ငန်း၏ အခြေခံသဘောများအကြောင်းကို လူပြိန်းများ နားလွယ်အောင် အရပ်သုံးစကားဖြင့် တစ်လုံးချင်းရှင်းပြသည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အုန်းတော မိန့်ခွန်းနှင့် ဆွေးနွေးချက်များကို ကိုးကား၍ လည်းကောင်း၊ ပဲခူးခရိုင် စံပြသမဝါယမ ရွာသစ် ၄ ရွာ ပေးအပ်သော အခမ်းအနားတွင် ပြောကြားသည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ မိန့်ခွန်းကို ကိုးကား၍ လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တွေးခေါ်မြော်မြင်ရေး သဘောတရားစာတမ်းပါ အချို့အချက်အလက်များကို ကိုးကား၍လည်းကောင်း ပြောပြလေသည်။ တစ်ခါတစ်ရံ ထန်းသမားများ၏ မေးခွန်းများကိုလည်း ပြန်လည်၍ စိတ်ရှည် လက်ရှည် ရှင်းပြနေသည်။

 

“အချုပ်အားဖြင့် ကျွန်တော်ပြောရမယ်ဆိုရင် စုပေါင်းပြီး လုပ်တယ်ဆိုတဲ့သဘောက ကျွန်တော် တို့ထန်းမှတင်မဟုတ်ဘူး။ စုပေါင်းစိုက်ပျိုးရေးပဲ ဖြစ်စေ၊ စုပေါင်းမွေးမြူရေးပဲဖြစ်စေ၊ စုပေါင်းပြီး အရောင်းအဝယ်လုပ်တဲ့ ဈေးဆိုင်ပဲဖြစ်စေ တစ်ဦးချင်း တစ်ယောက်ချင်းလုပ်တာထက် အများနဲ့ စုပေါင်း လုပ်တာက စရိတ်ကုန်သက်သာသလောက် အကျိုးဖြစ်ထွန်းတဲ့နေရာမှာလည်း ပိုမိုတယ်ဆိုတာဟာ လက်တွေ့ပါ။

 

“နောက်ပြီးတော့ ကိုယ့်လုပ်ငန်းကထွက်တဲ့ ကုန်ပစ္စည်းကိုလည်း စုပေါင်းပြီးရောင်းရင် ဈေးနှိမ် မခံရဘူး။ တစ်ခါ ဝယ်စရာရှိလို့ စုပေါင်းပြီးဝယ်ရင်လည်း ဈေးချိုချိုနဲ့ အမျိုးမှန်ပစ္စည်းကို ရနိုင်တယ်။ ကိုယ့်အပေါ်မှာ အမြတ်မတန်တဆတင်တာတွေ၊ ကြားထဲက ဖြတ်စားလျှပ်စားလုပ်တာတွေဟာလည်း ကင်းပျောက်သွားတယ်။

 

“ဒီလို စုပေါင်းပြီး လုပ်တဲ့အခါမှာလည်း ညီညွတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာ့ ဆိုရိုးစကားတစ်ခု ရှိတယ်မဟုတ်လား။ “တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏ ဆိုတာလို ဘာပဲလုပ်လုပ် ညီညီညွတ်ညွတ်နဲ့ မခိုမကတ်ကြဘဲ လုပ်ကြမယ်ဆိုရင် အောင်မြင်မယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ညီညွတ်ခြင်းဟာ ခွန်အားဖြစ်ပါတယ်။

 

ဆက်လက်ဖော်ပြပါမည်။