နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၁-၅-၂၀၂၃ ရက်မှအဆက်

ကိုအေးဆွေကလည်း ကိုပန်းဒွေးတို့ လုပ်ချင်စိတ်ပေါ်လာပြီး နားလည် သဘောပေါက်သွားအောင် ဆွေးနွေး၏။ အကယ်၍ အကောင်အထည်ဖော်မည် ဆိုပါလျှင် အင်တိုက်အားတိုက် ကူညီပါမည်ဟု အားပေးကတိပြု၏။ လုပ်သောအခါမှာလည်း ဒုတိယအဆင့်ကစ၍ လုပ်လျှင် ပိုကောင်းမည်ထင်ကြောင်း၊ ယခု မိမိတို့မှာ ပထမအဆင့်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရလွန်းသဖြင့် ယခုဒုတိယအဆင့်ကို လုပ်နေရပြီဖြစ်ကြောင်း စသည်ဖြင့် အကြံပေး ရှင်းပြလေသည်။ ဘကြီးထွန်းဘော်နှင့် ကိုပန်းဒွေးတို့သည် ကျေနပ်လောက်အောင် ဆွေးနွေးကြပြီး နေဝင်မှပင် ပြန်သွားကြလေသည်။

ကိုပန်းဒွေးတို့ လာရောက်ဆွေးနွေးကြသလို သံဖို၊ နှစ်ကျပ်ခွဲ၊ တငါ့ကန်၊ လေးရွာ၊ ထန်းတောကြီး၊ ရွာတန်းရှည်၊ ဖိုစု၊ ကန်တယာ၊ ဘို့ထွင်း၊ ပိန္နဲကြီးတော၊ တောင်ဇင်၊ တက်မ၊ ရွာသစ် အစရှိသောရွာများမှ ထန်းသမားများသည်လည်း ပြီးခဲ့သော ရက်ပိုင်းများက ကိုအေးဆွေ တို့ လက်တွေ့လုပ်ငန်းများကို လာရောက်ကြည့်ရှု အကဲခတ်ရင်း ဆွေးနွေးသွားခဲ့ ကြဖူးလေသည်။

[ ၂၀ ]

“ဟေ့ အေးဆွေ၊ အေးဆွေ”

ကိုအေးဆွေသည် ဆရာကြီးဦးလှဒင် နှင့် ဆွေးနွေးစရာကိစ္စများ ဆွေးနွေးပြီး နောက် မြို့လယ်ရှိ လမ်းမကြီးအတိုင်း တောင်မှမြောက်သို့ လျှောက်လာခဲ့၏။ ဈေးနားသို့ ရောက်ခါနီးတွင် နောက်ဘက်ဆီမှ ခေါ်သံကြားလိုက်ရ၍ ကိုအေးဆွေ က ပြန်လှည့်ကြည့်လိုက်၏။

“ဟာ၊ လှကြည်”

လမ်းဘေး လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်လာသော ရဲအုပ်ဝတ်စုံနှင့် လှကြည် အား တွေ့လိုက်ရ၍ ကိုအေးဆွေက ဝမ်းသာအားရ ပြန်ခေါ်လိုက်၏။
“သူငယ်ချင်း၊ ဘယ်တုန်းက ပြန်ရောက်နေလဲကွ”

မျက်နှာချင်းဆိုင် တွေ့လိုက်လျှင်ပင် ကိုအေးဆွေက မေးလိုက်သည်။ 

“ငါ ပြန်ရောက်နေတာ တစ်ပတ်လောက်ရှိပြီကွ။ ရောက်ရောက်ချင်း အမှုကိစ္စနဲ့နယ်ကို တန်းထွက်နေရလို့ မနေ့ကပဲ တောကပြန်ရောက်တယ်” 

လှကြည်သည် ကိုအေးဆွေ၏ပခုံးကို ဖက်ပွေ့လိုက်ရင်း ဝမ်းသာအားရဖြင့်ဆို၏။ သူငယ်ချင်းနှစ်ဦး ကွဲကွာနေကြသည်မှာ သုံးနှစ်ကျော်ပြီဖြစ်၍ ရုတ်တရက် ပြန်တွေ့လိုက်ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။

“ငါလည်း ရန်ကုန်က ရောက်စကတည်းက မင့်းအကြောင်း မေးကြည့်တော့ မန္တလေးမှာ ရဲအုပ်ဖြစ်နေတယ်လို့ သိရတယ်ကွ”

“ဟုတ်တယ် သူငယ်ချင်း၊ မင်းလည်း မင်းရည်ရွယ်ချက်နဲ့ ရန်ကုန်ထွက်သွားတော့ ငါလည်း ဘာလုပ်ရမလဲလို့ စဉ်းစားနေတယ်။ ကောလိပ်ထိအောင် တက်ဖို့ကလည်း အိမ်က စရိတ်မတတ်နိုင်ဆိုတော့ ငါ့မှာဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာ လုပ်ရကောင်းနိုးနိုးနဲ့ ယောင်လည်လည် ဖြစ်နေတုန်း တစ်နေ့ သတင်းစာထဲမှာ ရဲအုပ်သင်တန်းခေါ်တာတွေ့တာနဲ့ ရချင်ရ၊ မရချင်နေဆိုပြီး လျှောက်လိုက်တာ အခန့်သင့်ပဲဟေ့၊ ရသွားပြီးနောက် သင်တန်းဆင်းတော့ ရဲအုပ်ဖြစ်သွား တယ်ဆိုပါတော့ကွာ” 

“အေးကွာ၊ မင်း ဒီလိုအလုပ်နဲ့ အကိုင်နဲ့ ဖြစ်လာတာတွေ့ရတော့ ငါ သိပ်ဝမ်းသာတယ်ကွာ”

ကိုအေးဆွေက တကယ်ပင် လှိုက်လှိုက်လှဲလှဲဖြင့် လှကြည်ပခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လှုပ်ယမ်းရင်း ပြောလိုက်၏။

“ကဲ သူငယ်ချင်း၊ လမ်းပေါ်မှာရပ်ပြီး စကားပြောနေလို့ မကောင်းဘူး။ မင်းကို ပြောစရာစကားတွေ အများကြီးရှိတယ်။ လာ၊ လက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက် ရည်သောက်ရင်း အေးအေးဆေးဆေး စကားပြောရအောင်”

လှကြည်က ပြောပြောဆိုဆို ကိုအေးဆွေ အား ဆွဲခေါ်သည်။ 

“လက်ဖက်ရည်တော့ မသောက်တော့ဘူး သူငယ်ချင်း၊ ခုပဲ ဆရာကြီးအိမ်က ငါ သောက်ပြီးပြန်လာတာ” ဟု ကိုအေးဆွေ က ငြင်းဆို၏။ 

“ကဲ ဒါဖြင့်ရင်လည်း တို့အိမ်ကို လိုက်ခဲ့ကွာ။ မင်းလည်း ရွာကိုပြန်မှာပဲ မဟုတ်လား။ လမ်းကျပါတယ်။ မင်းကို ခင်သန်းဌေးအကြောင်းတွေ ပြောစရာရှိလို့”
လှကြည်၏စကားကို ကြားလိုက်ရလျှင် ကိုအေးဆွေ၏မျက်နှာသည် ရုတ်ခြည်းပင် ဝင်းလက်သွားသည်။ မျက်လုံးများလည်း အရောင်တောက်ပလာသည်။ စိတ်လည်း လှုပ်ရှားလာသည်။ 

ယင်းသို့ဖြင့် ကိုအေးဆွေနှင့် လှကြည်တို့သည် စကားတပြောပြောနှင့် အနောက် ပြည်တော်သာ ကွက်သစ်ဘက်ဆီသို့ ထွက်လာခဲ့သည်။

ကိုအေးဆွေမှာ လှကြည်နှင့် စကားပင်ပြောနေရစေကာမူ သူသည် ခင်သန်းဌေး အကြောင်းကိုသာ စဉ်းစားနေမိသည်။ ပြီးခဲ့သောလက ခင်သန်းဌေးထံမှ စာ တစ်စောင် ရောက်လာသည်။ ထိုစာတွင် သူသည် အောက်တိုဘာ ကျောင်းပိတ်ရက်က အိမ်သို့ပြန်လာရန် အစက ရည်ရွယ်ခဲ့သော်လည်း ရှေးဟောင်းရာဇဝင်များကို လက်တွေ့ သုတေသန ပြုလုပ်လိုသဖြင့် တက္ကသိုလ် ရာဇဝင် အသင်းသားများနှင့်အတူ သထုံမြို့ ဟောင်းဘက်ဆီသို့ ခရီးထွက်ကြကြောင်း၊ ကျန်းမာကြောင်း၊ သတိရကြောင်း စသည်တို့အပြင် မိမိတို့ စုပေါင်းထန်းလုပ်ငန်း အကြောင်းကို မေးထားလေသည်။ ထိုနောက် သူ့ထံမှ စာရောက် မလာတော့ချေ။

မကြာမီ ကိုအေးဆွေတို့သည် အနောက် ပြည်တော်သာကွက်သစ် လမ်းမတန်းရှိ လှကြည်အိမ်သို့ ရောက်သွားလေသည်။

“ကိုင်း အေးဆွေ၊ ထိုင်ကွာ။ ငါ အဝတ်အစား ခဏလဲလိုက်ဦးမယ်” 

လှကြည်သည် ကိုအေးဆွေအား ဧည့်ခန်းတွင် အထိုင်ခိုင်းပြီး သူ့အခန်းထဲ ဝင်သွားသည်။ 

ကိုအေးဆွေသည် လမ်းတစ်လျှောက်လုံးနှင့် ယခု လှကြည်တို့အိမ်ရောက်သည် အထိ လှကြည်ပြောသမျှကိုသာ တအင်းအင်းလိုက်ရင်း နားထောင်နေ၏။ တကယ်တော့ ကိုအေးဆွေ စိတ်ဝင်စား၍ နားထောင်ချင်သည်ကတော့ ခင်သန်းဌေး၏ အကြောင်းကိုသာ။

ယခု လှကြည်နှင့်တွေ့ခဲ့သည်ဟု ဆိုသည်။ ဘယ်မှာတွေ့ခဲ့လေသနည်း။ ခင်သန်းဌေးကလည်း မိမိအကြောင်းတွေကို ပြောလိုက်သည်ဟုဆိုသည်။ ဘာတွေများ ပြောလိုက်လေသနည်း။ ဒါကိုသာ ကိုအေးဆွေက အလွန်သိချင်နေသည်။
“ကဲ သူငယ်ချင်း၊ ခင်သန်းဌေးနဲ့ ဘယ်မှာများ တွေ့ခဲ့သလဲ။ အကျိုးအကြောင်းလေးများ လင်းစမ်းပါဦး”

ကိုအေးဆွေသည် လှကြည်တစ်ယောက် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် လာထိုင်အချ တစ်ခါတည်း တိုက်ရိုက်မေးချလိုက်သည်။ သူသည် သိချင်စိတ်ကို မျိုသိပ်ချုပ်တည်း၍ မထားနိုင်တော့ပါတကား။

“ဟဲ ဟဲ အေးဆွေကလဲကွာ၊ သိရမှာပေါ့။ တကတဲ ငါဖွင့်ပြောတဲ့ အချိန်ထိ အောင်တောင် မစောင့်နိုင်တော့ဘူးလား”

လှကြည်သည် ကိုအေးဆွေ၏ အငမ်းမရဖြစ်နေသည့် အခြေအနေကို ရိပ်မိသဖြင့် ရယ်ရယ်မောမောပြောရင်း ဈေးကိုင်နေသည်။ ထို့နောက် သူသည် သူ့ညီမလေးများအား ကော်ဖီယူခဲ့ပါ၊ ဆေးလိပ်ယူခဲ့ပါ စသည်ဖြင့် အော်တောင်းနေသည်။ သူ့အဖေနှင့် အမေတော့ ဘယ်သို့သွားလေသည် မသိ၊ မရှိပေ။

ကိုအေးဆွေမှာ ဣန္ဒြေမပျက်သာ စောင့်ကြည့်နေရတော့သည်။ တကယ်တော့ ရင်တွင်းမှာ တလှပ်လှပ်ခုန်ရင်း စိတ်လှုပ်ရှားနေသည်။ ပီတိစိတ်များဟု ပင် ဆိုရလေမည်လား။

“လှကြည်ရာ၊ ငါ့ကို ညှဉ်းမနေစမ်းပါနဲ့။ ပြောမယ့်ဟာသာ မြန်မြန်ပြောစမ်းပါကွာ”

ကိုအေးဆွေသည် မချိပြုံး ရှက်ပြုံးလေးပြုံး၍ပြရင်း နောက်တစ်ကြိမ် လောလိုက်ပြန်၏။

“မင်းကို လမ်းကတည်းက ငါ အကဲခတ်နေတာ။ မင်း ငါပြောတဲ့စကားကိုတောင် သိပ်စိတ်မဝင်စားဘူး မဟုတ်လား အေးဆွေ။ ဝန်ခံစမ်းပါကွာ။ မင်းဟာ ဌေးဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ တစ်ခါတည်း မင်းအသည်းနှလုံးတွေရော ကျောက်ကပ်တွေရော၊ အိုကွာ ကလီစာ တစ်ခုလုံး ဆတ်ဆတ်ခုန်အောင် လှုပ်ရှား နေတယ် မဟုတ်လား”

ကိုအေးဆွေမှာ ပြုံး၍သာနေ၏။

အညာဒေသ မြေလတ်အရပ်ဖြစ်၍ ဆောင်းဦးပေါက်ရာသီ၏ နေ့လယ်ပိုင်း ဖြစ်သော်လည်း အိမ်ပြင်ဘက်တွင် နေရောင်ခြည် ဖျော့ဖျော့က လွှမ်းခြုံနေသည်။
“ဘယ်လိုလဲ အေးဆွေ။ ငါ တစ်ချိန်က ပြောခဲ့တဲ့အတိုင်း မင်းတို့ပါးစပ်က ဖွင့်ပြီး ဝန်မခံကြပေမဲ့ မင်းတို့ရဲ့ မျက်လုံးတွေက သက်သေခံနေတယ်ကွ။ ဟောခုဆိုရင် မင်းရဲ့အသည်းနှလုံးတွေက ဝန်ခံနေသလို၊ ဟိုက ခင်သန်းဌေးကလည်း ဝန်ခံ နေပြီဆိုတာ ငါအကဲခတ်မိခဲ့တယ်ကွ။ ဘာ့ကြောင့်ဆိုတော့ သူဟာ မင်းအကြောင်းများ ပြောလိုက်ရင် မမောနိုင် မပန်းနိုင်၊ မျက်လုံးကလေးတွေကလည်း အရောင်တောက်လို့ ရွှန်းလို့။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့လည်း သူ့မျက်လုံး ကလေးတွေဟာ ဆွေးရိပ်ကလေးတွေ သမ်းနေတာကို တွေ့ခဲ့ရတယ်ကွ”

ကိုအေးဆွေသည် သက်ပြင်းကို ရှိုက်ချလိုက်သည်။ သူ့ရင်တွင်းမှာလည်း အမည်မဖော်တတ်သော ဝေဒနာက တလှပ်လှပ်နှင့် ခံစားလာရသည်။

“ကဲ ထားပါတော့ကွာ၊ ငါလခွီးမှပဲ၊ ငါ ရင်မောလွန်းလို့ပါ။ မင်းနဲ့ ခင်သန်းဌေးနဲ့ ဘယ်မှာတွေ့ခဲ့တယ်ဆိုတာသာ ပြောစမ်းပါကွာ”

ကိုအေးဆွေက တောင်းပန်သလိုလိုနှင့် စိတ်မရှည်သလို ညည်းညည်းလေး ပြောလိုက်၏။

ဒီတော့လည်း လှကြည်မှာ ကိုအေးဆွေ အား သနားစိတ်ဝင်လာကာ ခင်သန်းဌေး နှင့် တွေ့ခဲ့ရသည့်အကြောင်းကို စတော့၏။

လှကြည်သည် မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းမှ ဆင်းလာပြီးသည့် နောက် မန္တလေးမြို့ရှိ ရဲဌာနတစ်ခုတွင် တစ်နှစ်ခန့် အမှုထမ်းရ၏။ ထိုနောက် ပျဉ်းမနား၊ ထိုကမှ ရန်ကုန်ရှိ ကမာရွတ် ရဲဌာနသို့ ပြောင်းရွှေ့လာရ၏။

ဆက်လက်ဖော်ပြပါမည်။