နွေဦးကာလ မြူထသောအခါ

 

မောင်မောင်ဖြူ

 

၂၀-၁၂-၂၀၂၃ ရက်မှအဆက်

 

ဦးဝင်းအောင်မှာ   ၎င်းတို့၏   အထက်တန်းလွှာမှ သူတို့အိမ်ဝင်ထွက်သွားလာနေသော  ပုဂ္ဂိုလ်တစ် ယောက်ဖြစ်သည်။  သူ့ကို “ဦး” တပ်ခေါ်ဆိုနေကြသော်လည်း အမှန်မှာ လူငယ်အရာရှိတစ်ယောက် သာဖြစ်သည်။ ထို့ကြောင့်သူနှင့်များ ခင်သန်းဌေး မိဘတွေက စီမံလေသလား။ အိုလေ သည်ကိစ္စတော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါဘူး။ ဌေးဌေးကိုယ်တိုင်က သဘောတူကြည်ဖြူပါမှ ဖြစ်နိုင်တာပါဟု ကိုယ့်စိတ်ကို အတင်းဖြေနေရသည်။

 

တကယ်တော့လည်း မိမိဘက်မှ ခိုင်လုံသော အဖြေကရှိနေပြီဖြစ်၏။ မှန်ပေသည်။ ထန်းမောင်နှံ အောက်တွင်  သူ့အားမိမိ၏ချစ်မေတ္တာတံခါးကို ဖွင့်ပြခဲ့စဉ်ကဆိုလျှင် မည်သို့ပင် သူက  အင်း အဲ မလှုပ်ဘဲနေစေကာမူ သူ၏ဟန်ပန်မူရာ မျက်လုံးလေးများက ဝန်ခံနေပေသည်။ ချစ်ရည်လူး၍ ရှက်သွေးဖြာနေသော သူ့မျက်နှာလေးက သက်သေခံနေပေသည်။

 

“ခင်သန်းဌေးနဲ့ မြို့ပိုင် ဦးဝင်းအောင်နဲ့လေ၊ ကျောင်းတွေပိတ်ရင်  မင်္ဂလာဆောင်တော့မလိုလို ကြားတယ်”

 

မကြားချင်ဆုံးသောစကားတစ်ခုကိုမှ  ကြားလိုက်ရသဖြင့်  ကိုအေးဆွေမှာ  ရုတ်တရက်တွင် မိုးကြိုး စက်ကွင်းမိသူပမာ တစ်ကိုယ်လုံးတွင် ကျဉ်ခနဲဖြစ်သွားသည်ဟု ထင်လိုက်မိသည်။ နောက်ထပ်၍ ပြောသောစကားများကိုလည်း  ဘာမျှ သဲသဲကွဲကွဲ မကြားရတော့။  ဤသတင်းသည် ခိုင်လုံသော သတင်း ဟုတ်သည်၊ မဟုတ်သည်ကိုပင် လှကြည်အား ပြန်လည်၍ ခွန်းတုံ့ပြန်ကာ စစ်ဆေးမေးကြော မနေချင်တော့။ ဘာစကားမျှလည်း အထူးမဆိုချင်တော့ပြီ။

 

ထို့နောက်တော့ ကိုအေးဆွေသည် မည်သို့မည်ပုံ ကိုယ့်အိမ်သို့ ပြန်ရောက်သွားသည်ကိုပင် စဉ်းစား မရတော့ချေ။  အလုပ်ကိစ္စများနှင့်ပတ်သက်သည့် ကုန်သည်ပွဲစားများ၊  ကုန်သွယ်ရေးဌာန  ထန်းလျက် အဝယ်ဒိုင်မှူး တာဝန်ခံများနှင့် တွေ့ရမည့်ကိစ္စများကိုလည်း မတွေ့ဆုံနိုင်ခဲ့တော့။ ရင်ဝယ်ဆို့နစ်၍ ပူလောင်နေတော့သည်။ ရင်တနင့်နင့်နှင့်  အခံရခက်သည့် နာကျင်သောဝေဒနာတစ်ရပ်ကို ကြေကွဲစွာ ဖြင့် ခံစားနေရတော့သည်။

 

“ခင်သန်းဌေးနဲ့ မြို့ပိုင် ဦးဝင်းအောင်နဲ့ ကျောင်းတွေ ပိတ်ရင် မင်္ဂလာဆောင်တော့မယ်”

 

ဤမည်သော လှကြည်၏ ပြောလိုက်သံက ထမင်းလုံးတစ္ဆေခြောက်လှန့်သည်ပမာ အမြဲတမ်း လိုက်လံ၍  ခြောက်လှန့်နေတော့သည်။  ဤအသိက နှလုံးသားကို ဓားဖြင့်မွှန်းသလို တရိရိနှင့် နာကျင်စေသည်။

 

“ဒါကြောင့်  ခင်သန်းဌေးဟာ  ငါ့ကို  အတွေ့မခံဘဲနေတာကို”

 

တကယ်တော့မူ ကိုအေးဆွေသည် အစက သူ့အားဤကဲ့သို့ မထင်မိခဲ့ပေ။ ရိုးရိုးသားသားသာ ထင်ခဲ့၏။  နွေရာသီ ကျောင်းများပိတ်ခါနီးသဖြင့် နောက်ဆုံး တန်းတင်စာမေးပွဲများအတွက် ကျင်းပ ပေးနေရသောကြောင့်သာ စိတ်မအား ကိုယ်မအား ဖြစ်ပြီး တွေ့ဖို့ရန် အချိန်မပေးနိုင်လောက်အောင် အလုပ်များနေ၍သာ ဖြစ်သည်ဟု ထင်ခဲ့မိပေသည်။ ထို့ကြောင့်လည်း ကိုအေးဆွေသည် သူ့အား အလိုက် သိစွာဖြင့် တွေ့ရန်မကြိုးစားခဲ့ပေ။ သူနှင့် ထပ်၍ မတွေ့စေငြားလည်း ကိုယ့်အသိဖြင့် ကိုယ်ပီတိဖြာ၍ ကြည်နူးနေခဲ့မိသည်။

 

ယခုတော့မူ အထင်နှင့်အမြင် လွဲချေပြီတကား။

 

[ ၄၄ ]

“ဟင်း”

 

ကြိတ်မနိုင်ခဲမရ ဖြစ်လေတိုင်း၊ မဖွင့်နိုင် မအန်နိုင် ဖြစ်လေတိုင်း ကိုအေးဆွေသည် သက်ပြင်းကိုသာ အခါခါရှိုက်၍ ဟင်းခနဲဟင်းခနဲ ချနေမိတော့သည်။

 

ထို့ကြောင့်လည်း ကိုအေးဆွေမှာ အလုပ်ထဲတွင်လည်း စိတ်မဝင်စားတော့။ ဘာမျှလည်း မလုပ်ချင် တော့။ အိပ်၍လည်း မပျော်၊ စား၍လည်း မဝင်တော့။ နှလုံးသားဝယ် ပူလောင်နာကျင်နေတော့သည်။ သို့ပင်ဖြစ်ငြားလည်း အများသူတကာရှေ့တွင် မပူဟန်ရုပ်ဆောင်၍ နေရသည်။ သို့တိုင်အောင် ထွေးရီကတော့မူ အကဲခတ်မိအောင် ခတ်မိသည်။

 

“ခုတလော ကိုရင် ဘာဖြစ်နေတာလဲဟင်။ ငေးတိ ငေးမှိုင်နဲ့။ ဟင်၊ ကြည့်စမ်း၊ ကြည့်စမ်း၊ တစ်ခန်းလုံး လည်း ရှုပ်ပွနေတာပဲ။ အဝတ်ညစ်တွေရှိရင်လည်း ရှိတယ်လို့ ပြောတာမဟုတ်ဘူး။ အိပ်ရာကြီးကလည်း ဖြစ်ပျက်နေလိုက်တာ” ထွေးရီသည် ကိုအေးဆွေ အိပ်သော အခန်းထဲသို့ ဝင်လာပြီးနောက်  ဤသို့ပင်  မြည်တွန်တောက်တီး နေသည်။

 

ထိုအချိန်တွင် ကိုအေးဆွေသည် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ မဂ္ဂဇင်းစာအုပ်ကို ကြည့်နေသည်။ အမှန်မှာ ကိုအေးဆွေသည် စာအုပ်ကို ကြည့်နေသည်ဆိုသော်လည်း စိတ်ကမူ ခင်သန်းဌေး ၏အကြောင်းကိုသာ တနုံ့နုံ့တွေးနေမိခြင်း ဖြစ်လေသည်။ ယခုမူ ထွေးရီဝင်လာသဖြင့် ကိုအေးဆွေ၏ အတွေးများသည် ရပ်သွား၏။ ထို့ကြောင့်လည်း ကိုအေးဆွေသည် ထွေးရီလျှောက်လုပ်သမျှကို အမှတ်မထင် လိုက်ကြည့်နေမိသည်။

 

ထွေးရီသည်  ကြေမွနေသောအိပ်ရာကို  ခါ၍ ပြင်ခင်းသည်။ စောင်များကိုလည်း ခေါက်၍ ခြေရင်း တွင်ထားသည်။ ထို့နောက် အိပ်ရာဘေးတွင် ပြန့်ကျဲ နေသော စာအုပ်များကိုလည်းကောင်း၊ စားပွဲပေါ် တွင် ဗရပွပြန့်ကျဲနေသော စာအုပ်များကိုလည်းကောင်း နေသားတကျရှိအောင် စီစီညီညီထားသည်။  ပါးစပ်ကလည်း ဗျစ်တောက်ဗျစ်တောက်ပြောရင်း လက်ကလည်း တစ်ခုပြီးတစ်ခု အဆက်မပြတ် လုပ်နေသည်။

 

ကိုအေးဆွေကမူ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ သူ့အားဘာမျှပြန်မပြော။ ဒါကိုပင် ထွေးရီသည် မကျေမချမ်း ဖြစ်လာဟန်ရှိသည်။ တစ်ချက်တစ်ချက်တွင် ကိုအေးဆွေကို မျက်စောင်းကလေးထိုး၍ အကဲခတ်ဟန်ဖြင့် ကြည့်သည်။ တကယ်တော့လည်း ကိုအေးဆွေသည် သူ့အသည်း နှလုံးမှ ဝေဒနာကို ထွေးရီလို သူငယ်မတစ်ယောက်အား မည်သို့ဖွင့်ပြော၍ကော ဖြစ်နိုင်ပါမည်နည်း။

 

ထို့ကြောင့်လည်း ကိုအေးဆွေသည် ထွေးရီက သူ့အားမည်သို့ပင်အကဲခတ်နေစေကာမူ မသိလိုက် မသိဘာသာဟန်ဖြင့် အရေးမစိုက်သလို နေ၏။ ထွေးရီလျှောက်လုပ်သမျှကိုသာ  ငေးမောကြည့်နေမိ၏။ သည်ကဲ့သို့ ထွေးရီ၏ သွက်လက်ဖျတ်လတ်စွာ လုပ်သွားဟန်လေးများကို ကြည့်မိရင်း ကိုအေးဆွေ သည် ထွေးရီက မိမိအပေါ်ထားရှိသော မေတ္တာ စေတနာ၏ အတိမ်အနက်ကိုပါ အလိုအလျောက် စူးစမ်းလိုသည့်စိတ်များက ဝင်လာသည်။

 

ထို့ကြောင့်လည်း  ကိုအေးဆွေသည်  ထွေးရီကို စူးစိုက်၍ စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်၏။ ညိုစိမ့် စိမ့်နှင့် မျက်နှာသွယ်လေးတွင် မျက်ရစ်ညို နှာတံပေါ်၍ သေးသွယ်သည့်  မျက်ခုံး၊ တဖျတ်ဖျတ် တောက်ပနေသော မျက်လုံးလေးများဖြင့် နက်မှောင်၍ ကော့ညွတ်နေသော မျက်တောင်ကော့ကြီးများ၊ ၎င်းကို တဖျတ်ဖျတ်ရိုက်ခတ်၍ ကြည့်လိုက်သောအခါ  အကြည့်ခံရသူ  လုလင်ပျိုတစ်ယောက်အဖို့ ရင်ဝယ် သိမ့်ခနဲ တုန်၍သွားစေသည်။

 

တစ်ဖန် သူ၏ ဆင်ယင်ထုံးဖွဲ့မှုကို ကြည့်လိုက် သောအခါတွင်လည်း ကိုအေးဆွေ ရန်ကုန်က ရောက်စနှင့်တော့ မတူတော့ပေ။ ထိုစဉ်ကဆိုလျှင် ဆံတောက်ကလေးတဖားဖားနှင့် ဖြစ်သည်။ ယခု တော့မူ အုပ်လုံးသွင်းကာ ဆံပင်ကို တစ်ပတ်လျှို ထုံးပြီး နောက်ဘက်တွင် ရိုးရိုးလေးသာချထား၏။

 

သို့သော် နဖူးအထက်ဆီတွင်မူ မသိမသာ အမောက်ကလေး ပြုလုပ်ထားသည်။ ထိုအမောက် ကလေး၏ဆံပင်မှာ လှိုင်းတွန့်၍ထနေသည်။ အချို့ ဆံစလေးများသည် နဖူးထက်ဆီတွင်လည်းကောင်း၊ နားရွက်နှင့် နားသယ်စပ်ဆီတွင် လည်းကောင်း တစ်ပင်စ နှစ်ပင်စဆိုသလို ကျနေသည်။ ကျနေ သည့် ဆံပင်ကလေးများသည် လှိုင်းထနေသည်။

 

ဤဆံပင်၊ ဤမျက်နှာနှင့် ပြည့်ဖြိုးလုံးကျစ်၍ အချိုးအဆက်ပြေပြစ်သော ငါးရံ့ကိုယ်လုံးလေး ပိုင်ရှင် ထွေးရီသည် အစိမ်းရင့်ရောင် လုံချည်လေးကိုဝတ်ဆင်ကာ ပေါ်ပလင်အဖြူရောင် စကလက်တို အင်္ကျီလေးကို ဝတ်ဆင်ထားသည်။ နားနှစ်ဖက်တွင်မူ နားတွဲလေးတစ်ခုစီ ဆွဲထားသည်။ သူလှုပ်ရှား လိုက်တိုင်း နားတွဲလေးများသည် တဆတ်ဆတ် ခါယမ်း၍နေသည်။ ဤ ဝတ်စားဆင်ယင်မှုနှင့် ဖျတ်လတ်ပေါ့ပါးစွာ လှုပ်ရှားနေသော ထွေးရီ၏ ဟန်ပန်အမူအရာလေးများကို ကိုအေးဆွေက တစိမ့်စိမ့်ကြည့်ရင်း သူ့အတွင်းသဘော၏ စေတနာများကိုပါ ထိုးဖောက်၍ စူးစမ်းနေသည်။

 

ထိုအခါ ကိုအေးဆွေ၏ အာရုံထဲသို့ ခင်သန်းဌေး၏ မျက်နှာလေးက ကွက်ခနဲပေါ်လာသည်။ ပေါ်လာ သည်ဆိုလျှင်ပင် ထွေးရီနှင့် ခင်သန်းဌေးတို့ကို အလိုလို နှိုင်းယှဉ်ကြည့်မိသည်။

 

ဝင်းဝါစိုပြည်၍ ချောမွတ်နေသော အသားအရေနှင့် ဝင်းပနေသည့်မျက်နှာတွင် ဝိုင်းစက်နေသော မျက်လုံးရွဲကြီးများ၊ ထူထဲသည့် မျက်ခုံးနှင့် စင်းနေသောနှာတံ၊ နက်မှောင်၍ရှည်လျားသည့် ဆံပင်ပိုင်ရှင် ခင်သန်းဌေးသည် အသားညိုစိမ့်စိမ့်တွင် မျက်နှာသွယ်သွယ်နှင့် ငါးရံ့ကိုယ်လုံးလေးပိုင်ရှင် ထွေးရီထက် ကိုယ်လုံးကိုယ်ထည်မှာ အနည်းငယ်လေးမျှ ဖွံ့ဖြိုးတောင့်တင်းသည်။ ဖြောင့်စင်းသည်။ ကြော့ရှင်းသည်။ လှုပ်ရှားမှုဟန်ပန်ကလည်း သိမ်မွေ့နူးညံ့၍ သိက္ခာရှိသည်။ တည်ငြိမ်သည်။ လျှို့ဝှက်နက်နဲသည့် အသွင်လက္ခဏာဆောင်နေ ပေသည်။

 

ထွေးရီကမူ ချက်ချာ၍ ဖျတ်လတ်သည်။ ပွင့်လင်း သည်။ အပြုအမူကလေးများက ကလေးဆန်သည်။

 

ထွေးရီ၏မျက်လုံးကလေးများက ညှို့ဓာတ်ပါပြီး ဆွဲငင်ဓာတ်အပြည့်ရှိသလို၊ ခင်သန်းဌေး၏ မျက်နှာ ကလေးကလည်း မြင်ရသူ၏ဘဝင်ကို အေးမြရွှင်လန်း စေသည်။ ကြည်လင်စေသည်။တစ်မျိုးစီယဉ်၍ တစ်မျိုးစီလှနေကြသည်။ တစ်နည်းဆိုရသော် တောမှာပွင့်သော အင်ကြင်းပန်းနှင့် မြို့မှာပွင့်သော နှင်းဆီပန်း။ တစ်မျိုးစီမွှေး၍ တစ်မျိုးစီသင်းနေကြသည်။

 

သို့သော် ပေါက်ဖွားလာသည့် လူနေမှုအဆင့်ကို ကြည့်ပြန်သောအခါ ကွာခြားလှသည်။ ထွေးရီမှာ ထန်းတက်သမားသမီးဖြစ်ပြီး လက်ပံပင်အလယ် တန်းကျောင်းမှ ထွက်လာကာ ထန်းပင်အောက်တွင် မြူအိုးကောက်နေရသည့် လုံမပျို။

 

ခင်သန်းဌေးကမူ တက္ကသိုလ်မှ ဒီဂရီရလာသည့် ခေတ်ပညာတတ် အမျိုးသမီးတစ်ယောက်။ ထန်းပိုင်ရှင် လူချမ်းသာသမီး။ သို့သော် အတွေး အခေါ်ပြောင်း၍ ခံယူချက်ရှိလာကာ ယုံကြည်ချက် ပြင်းပြသူ။

 

ဆက်လက်ဖော်ပြပါမည်။