နွေဦးကာလ မြူထသောအခါ

 

မောင်မောင်ဖြူ

 

ကိုအေးဆွေကလည်း ရပ်တန့်လိုက်ကာ သူ့ကိုမျှော်လင့်ကြီးစွာဖြင့် ပြန်ကြည့်နေသည်။ ဒီတော့လည်း ခင်သန်းဌေးက မျက်လွှာကို လျင်မြန်စွာချပစ်လိုက်ရသည်။ ရင်ထဲမှာလည်း သိမ့်သိမ့်ခါ၍ နေတော့သည်။ ထိုအခါမှ ခင်သန်းဌေးမှာ ပတ်ဝန်းကျင်ကို သတိထားမိသည်။ ထန်းမောင်နှံအောက်ဝယ် ရောက်၍ နေပါသတည်း။ ကိုယ့်အတတ်နှင့် ကိုယ်စူးနေ၍လည်း ခင်သန်းဌေးမှာ တုံ့ပြန်စကားဆိုရန်  စကားရှာမရပေ။ မတုန်မလှုပ် ရှက်သွေးဖြာ ရင်ဖိုနေမိသည်။

 

တစ်ခုတော့ရှိသည်။ ဦးဝင်းအောင်၏ မေတ္တာစကားထာများ အပြောခံရခြင်းတုန်းကနှင့်တော့မတူပေ။ ထိုစဉ်ကမူ ထိတ်လန့်တုန်လှုပ်သော မနှစ်မြို့သည့်ခံစားမှု ဝေဒနာတစ်ရပ်။ ယခုတော့မူ ထိုသို့ မဟုတ်ပေ။ နှလုံးသည်းပွတ်ကြားဝယ် တလှပ်လှပ်၊ တလှိုက်လှိုက်နှင့် ရင်ခုန်၍နေခြင်းမျိုးသာ။

 

“ဌေးဌေး မှတ်မိဦးမှာပေါ့။ ထန်းဖိုပေါ်စ တလောက ဒီထန်းမောင်နှံအောက်မှာ ပြောခဲ့ဖူးတာလေ။ စနစ်သစ်တစ်ခုကို  တည်ဆောက်တဲ့နေရာမှာ တည်ဆောက်မယ့် ရဲဘော်ရဲဘက်တွေဟာ အတွေးတူ၊ အမြင်တူ၊ ယုံကြည်ချက်ချင်းတူ၊ ခံယူချက်ချင်းတူပါမှ   ကိုယ်လိုချင်တဲ့  စနစ်သစ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့  တည်ဆောက်နိုင်သလို အိမ်ထောင်တစ်ခုပြုတဲ့နေရာမှာလည်း ဒီလိုပါပဲ။ တစ်သက်တာဘဝခရီးတစ်လျှောက် တွဲသွားရမယ့် ကြင်ဖော်ကြင်ဖက်တွေဟာလည်း အားလုံး အသွင်တူပါမှ အိမ်ထောင်ဟာ ခိုင်မြဲပြီး ဘဝတစ်လျှောက်ဟာ ပျော်ရွှင်မှုအတိနဲ့ ပြည့်စုံလိမ့်မယ်လို့ ဆိုခဲ့တယ် မဟုတ်လား” ဤစကားများကို   ခင်သန်းဌေးက  ရုတ်ခြည်း အမှတ်ရလာသည်။

 

“ကျွန်တော်က ဌေးဌေးကို ဒီအမြင်နဲ့ မြင်ထားပါတယ်။ ဟုတ်တယ်လေ၊ ဌေးဌေးနဲ့ ကျွန်တော်က ဝါသနာချင်း၊   လူ့အသိခံယူချက်ချင်း၊ ယုံကြည်ချက်ချင်း တူညီနေတယ်မဟုတ်လား” ခင်သန်းဌေးက မည်သို့မျှဝန်မခံပေ။

 

“ဒါပေမဲ့  တကယ့်လူနေမှုစနစ်ကို  စစ်ပြန်တော့ ဌေးဌေးနဲ့ကျွန်တော်တို့ဟာ  ယုံကြည်ချက်ချင်း တူကြပေမယ်လို့ ဆင်းသက်ပေါက်ဖွားလာတဲ့ ဘဝအခြေခံ အဆင့်အတန်းချင်းကျတော့ မတူကြပါဘူး။ ကျွန်းသစ်နဲ့ ထင်းရှူးသစ်လိုကွာခြားလှပါတယ်။ ဒါကိုကြည့်ပြီး ကျွန်တော့်မှာရင်မောနေရပါတယ် ဌေးဌေး။  ဒီလို လူနေမှုအဆင့်အတန်းချင်း၊ လူ့အလွှာချင်းမတူညီလို့ ဖွင့်မပြောရဲတဲ့အထဲ အသည်း နှလုံးချင်းကျတော့လည်း တူညီမှတူညီပါ့မလားဆိုတဲ့ သံသယစိတ်နဲ့   ဘဝင်မကျဖြစ်နေတယ်။ တကယ်လို့ဖွင့်ပြောလိုက်ရင် သူငယ်ချင်း မိတ်ဆွေအဖြစ်ကများ ဆုံးရှုံးသွားလေမလားဆိုတဲ့ စိုးရိမ် စိတ်ကလည်း ဝင်ဝင်လာတယ်။ ဒီလိုနဲ့ ဌေးဌေးကို ဖွင့်ပြောဖို့  အကြိမ်ကြိမ်ကြိုးစားခဲ့တာ တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ အခုတစ်ခါကျမှပဲ”

 

ကိုအေးဆွေ ပြောနေပုံမှာ ခံစားမှုရှိကြောင်း တုန်ယင်၍ တိမ်ဝင်နေသောသူ့အသံက သက်သေ ခံနေပေသည်။

“တကယ်တော့ ကျွန်တော်ဟာ ဌေးဌေးရဲ့ ချစ်သူတစ်ယောက်သာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လက်ထပ်နိုင်မယ့် ဘဝကြင်ဖော်တစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဆိုရင် ကျွန်တော့်ကို ဌေးဌေးရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လက်ခံကြမယ်မဟုတ်ပါဘူး။ ဌေးဌေးက ကျွန်တော့်ကို လက်ထပ်တာနဲ့တစ်ပြိုင်နက် ဌေးဌေးကို ဌေးဌေးတို့ အသိုင်းအဝိုင်းတစ်ခုလုံးက အပြစ်တင်ရှုတ်ချ ဝိုင်းပယ်ကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ ကျွန်တော်ကလည်း ဌေးဌေးရဲ့ သာယာချမ်းမြေ့ နေတဲ့ဘဝကို မဖျက်ဆီးချင်ပါဘူး။ နှစ်မြုပ်မပစ်ချင်ပါဘူး။ ကျွန်တော်ချစ်နေရရင် ကျေနပ်ပါပြီ။ ကျွန်တော့်အချစ်ကို ဌေးဌေးကလက်ခံရင် ကြည်နူးနေနိုင်ပါပြီ။ မတူညီတာကို တူညီအောင် ညှိမနေ ချင်တော့ပါဘူး။ မတူညီတာကို တူညီအောင်ညှိနေရင် တစ်နေ့ အန္တရာယ် ...”

 

“မမဌေးရေ၊ မမဌေး”

 

ဒလဟောသွန်ချ၍ မရပ်မနားရင်ဖွင့်ပြနေသော ကိုအေးဆွေမှာ သူ့အသည်းဝေဒနာ ခံစားချက်များကို ဆုံးအောင်ပင် မပြောလိုက်ရပေ။ မိသားစု ထန်းတောတစ်ဖက်ခန်းဆီမှ တကြော်ကြော်အော်ခေါ်ရင်းနှင့် ပြေးထွက်လာသော ထွေးရီသည် ခေါ်သံနှင့်အတူ ဖြုန်းခနဲပေါ်လာတော့သည်။ သူတို့နှစ်ဦးစလုံးကလည်း ရှိုးတိုးရှန့်တန့်ဖြင့် ပြိုင်တူ လှည့်ကြည့်မိလိုက်ကြသည်။

 

“အမယ်လေး၊ မမဌေးရယ်။ ရှာလိုက်ရတာ အနှံ့ပဲ။ ဟိုမှာ ဆရာမချစ်ချစ်နဲ့ အဖော်တွေ ရောက်နေပြီ။ မအုန်းတင်က ဒီဘက်မှမြင်ခဲ့တယ်ဆိုလို့”

 

ဟုတ်ပေမည်။ နံနက်က ဆွမ်းကျွေးအလှူအိမ်တွင် ခင်သန်းဌေး၊ ဆရာမချစ်ချစ်၊ ၎င်း၏အဖော် အမျိုးသမီးနှင့် ကိုအေးဆွေတို့သည် တစ်စားပွဲတည်း ထမင်းစားကြပြီးနောက် ခင်သန်းဌေးနှင့် ကိုအေးဆွေတို့မှာ အခြားမိတ်ဆွေများနှင့်အတူ စကားလက်ဆုံကျနေကြသည်။

 

ဤတွင် ဆရာမချစ်ချစ်နှင့် သူ့အဖော်အမျိုးသမီး တို့သည် နှစ်ကျပ်ခွဲရွာဘက်သို့ ကိစ္စတစ်ခုရှိ၍ သွားမည်။ ကိုအေးဆွေတို့ ဘုံထန်းတောမှ စောင့်နှင့်ပါ။ အပြန်တွင် ဝင်ခေါ်ပါမည်ဟု ချစ်ချစ်တို့ကမှာကြားပြီး ထွက်သွားကြသည်။ ယခုခေါ်ရန် ရောက်လာကြပေပြီ။

 

အင်း၊ သည်တစ်ခါ အခေါ်ခံရသူမှာ ခင်သန်းဌေး ပါပေ။

 

“ညည်းကို ငါ ဘယ်နှခါပြောရမလဲ။ ဒီအကောင်နဲ့ မဆက်ဆံပါနဲ့၊ ဒီအကောင်ဆီ မဝင်ပါနဲ့လို့” ဘုံထန်းတောသို့ မိမိဝင်နေသည်ကို ကြိုတင်သိနှင့်သော မိခင်ဖြစ်သူကိုကြည့်ကာ ခင်သန်းဌေးမှာ အံ့ဩနေသည်။

 

“ဒါကတော့ မေမေရယ်၊ ကျောင်းနေဘက် သူငယ်ချင်းတွေပဲဟာ” ခင်သန်းဌေးက ဒေါ်လှတင်အား ပြန်၍ဆင်ခြေ ပေးလိုက်သည်။

 

“ဟဲ့ ကျောင်းနေဘက် သူငယ်ချင်းဆိုပေမဲ့ မိန်းကလေးချင်းမှမဟုတ်ဘဲ။ ဟိုက ယောက်ျားလေးဟဲ့၊ ယောက်ျားလေး။ နောက်ပြီး ညည်းက အပျိုလေး”

 

ဒေါ်လှတင်သည် ပထမတွင် စိတ်ဆိုးနေသည်ဆိုသော်လည်း သူ၏စိတ်ကိုထိန်းကာ တိုးတိုး သက်သာ ပြောသည်။ ယခုတော့မူ ဒေါသဖြစ်လာဟန်ဖြင့် အော်၍ပင် ပြောဆိုလာသည်။

 

နေ့လယ်ခင်းဆီက အမှတ်မထင် ဖြုန်းခနဲရင်ဆိုင်ခဲ့ရသော ရင်ခုန်စရာအဖြစ်မှာ ယခုထိပင် ခင်သန်းဌေးရင်ထဲတွင် မပျောက်နိုင်သေးပေ။ တွေးမိတိုင်း ရင်တဖိုဖိုနှင့် လှိုင်းစီးနေရတုန်းပင် ရှိသေးသည်။ ထို့ကြောင့်လည်း ကိုယ့်အခန်းထဲ ကိုယ်ဝင်ကာ လွတ်လွတ်လပ်လပ်တွေး၍ ကြည်နူး နေမိ၏။

 

သို့သော် ယခုကဲ့သို့ ဒေါ်လှတင်က ရုတ်တရက် ဝင်ရောက်လာပြီး မာန်မဲဆူပူလိုက်သောအခါတွင်မူ သူ၏ ကြည်နူးနေမှုတို့မှာ ဘယ်သို့လွင့်ပျောက် ကုန်သည် မသိတော့ပေ။ “ဒီလောက်တောင် ယောက်ျားပျိုလေးရှိတဲ့နေရာ ကို တစ်နေကုန်တစ်နေခန်း ဝင်နေရသလားဟင်”

 

“အို၊ မေမေကလည်း ချစ်ချစ်တို့အိမ်ပါဝင်နေလို့ မိုးချုပ်တာပါ မေမေရယ်။ ဟိုဝင်တာကခဏပါ”

 

“ခဏတော့ကော ညည်းက ဘာကိစ္စသူတို့ဆီကို ဝင်နေရတာတုံးဟင်။ ဒီမှာ မိဌေး၊ ညည်း ဟိုအကောင်နဲ့တွဲပြီး ဘယ်လိုတွေစခန်းသွားနေတယ်ဆိုတာ တို့မသိဘူးများမှတ်လို့လား။ လက် လွတ်စပယ် မဖြစ်တန်ကောင်းဖူးရယ်လို့ဆိုပြီး တို့ကကြည့်နေတာ။ ခုတော...”

 

ခင်သန်းဌေး၏မျက်နှာမှာ ပျက်ခနဲ ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် မျက်နှာပြင်လိုက်သည်။ “မေမေတို့ထင်သလို မဟုတ်ဘူး မေမေ။ ဌေးတို့က ရိုးရိုးပဲဆက်ဆံနေတာ။ ခုလည်း စာပေအကြောင်း နည်းနည်းဆွေးနွေးစရာရှိလို့ ဝင်ဆွေးနွေးတာပါ”

 

ကိုယ်ရေးကြုံလာတော့လည်း ခင်သန်းဌေးမှာ ကလေးသဖွယ် ခါးခါးသီးသီး ငြင်းကွယ်၍ မုသား ဆိုလိုက်သည်။ ဒေါ်လှတင်သည် ခင်သန်းဌေးကို မျက်စောင်းကြီး တအားပစ်ထိုးပြီး မဲ့ပစ်လိုက်သည်။

 

“အောင်မယ်၊ ညည်းကသာ ရိုးနေ။ ခုဆိုရင် ဘေးကဘယ်လောက်များ ပြောနေကြတယ်ဆိုတာ ညည်းသိရဲ့လား။ ငါ့နားတော့ မဆံ့တော့ဘူး”  ခင်သန်းဌေးမှာ လူတွေကို အတော်စိတ်ပျက်သွားမိသည်။ ကိုယ်နှင့်မဆိုင်ရာကို ဘာလို့များ မဟုတ်တရုတ် လုပ်ကြံပြောနေချင်ကြပါလိမ့်။

 

“ငါဖြင့် ညည်းအစား ရှက်လွန်းလို့။ တကတဲတော်၊ ရင်ဘတ် အသမာလိုက်အောင် ထန်းတက်စားနေ ရတဲ့ ထန်းသမားသားဆီကိုများ” ခင်သန်းဌေးသည် သူ့မေမေ တကယ်စိတ်ဆိုးနေကြောင်း သိလာရသောအခါ ရုတ်တရက်တွင် မည်သို့မျှ ဆင်ခြေလက်ခြေ တက်မနေတော့ပေ။ အသာငြိမ်နေလိုက်သည်။ သို့တစေ မိဘလုပ်သူတို့၏ ဤမျှအထိ မဆိုင်ရာကို ပုတ်ခတ်ကာ လူ့အဆင့်အတန်းခွဲခြားနေမှုကိုတော့ နည်းနည်းလေးမျှ မလိုလားပေ။

 

“ဒါကတော့ မေမေရယ်၊ လူလူချင်း ဒီလောက်တော့ အဆင့်အတန်းခွဲခြားဖို့တော့ မကောင်းပါဘူး”

 

“ဟဲ့ ခွဲရတယ်ဟဲ့၊ ခွဲရတယ်။ ဒီအေးဆွေဆိုတဲ့ အကောင်က ကိုယ့်လက်အောက်က ထန်းတက် သမားရဲ့သား၊ ဆင်းရဲသားငမွဲ။ ကိုယ် တစ်သက်လုံး ခိုင်းလာခဲ့တဲ့ကျွန်။ ကိုယ်နဲ့ အဖက်တန်တာမှ မဟုတ်ဘဲနဲ့။ တို့က ဆွေကြီးမျိုးကြီးဟဲ့” ခင်သန်းဌေး၏ လူတန်းစားမခွဲခြားရေးစကားကြောင့် ဒေါ်လှတင်သည် ရုတ်တရက် စိတ်ဆိုးသွားပြန်ကာ ကိုအေးဆွေတို့၏ဘဝကို နင့်နင့်သီးသီး ပြောချလိုက်သည်။

 

“သင်းက ခုမှ ကွန်မြူနစ်လုပ်ပြီး လူစွာလုပ်လာတာဟဲ့။ တို့ကိုများ ခေါင်းပုံဖြတ် လူညွန့်ခူးစားသလေး အရင်းရှင်လေး ဘာလေးနဲ့စွပ်စွဲပြီး တို့တစ်တွေရဲ့ စီးပွားရေးပျက်အောင်လုပ်တဲ့ သင်းကိုများ ညည်းက မနာနိုင် မပြုနိုင် ဆက်ဆံနေတာများ အံ့ပါရဲ့တော်။ ငါဖြင့် သင်းကိုများ ချေးရွံသလို ရွံကြောက်ကြီး ကြောက်လွန်းလို့။ ခုဆို ညည်း မသိဘူးလား။ တို့ ထန်းတောတွေအတွက် ထန်းစု မရတော့ဘူးဆိုတာ၊ ဟင်း”

 

ဆက်လက်ဖော်ပြပါမည်။