နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၁-၂-၂၀၂၃ ရက်မှအဆက်


ကိုအေးဆွေက ပြောရင်း ခေါင်းညိတ် လိုက်သလို ထွေးရီကလည်း ရောယောင် ၍ ခေါင်းညိတ်လိုက်သည်။
“ဒီတော့ မင်းကို မှတ်မှတ်သားသားနဲ့ သင်ခန်းစာရပြီး မှတ်မိအောင် သုံးချက် ရိုက်ရမယ်” ဟု ပြောပြီးနောက် ဆရာ ကြီးသည် ကိုအေးဆွေ၏တင်ပါးပေါ်သို့ ထန်းဖတ်ပြားကို သပ်ထားသော တုတ် ဖြင့် သုံးချက်တိတိ ရိုက်လေသည်။
ကိုအေးဆွေသည်     ဆရာကြီး၏ အရိုက်ကို အံကြိတ်ကာ ခံလိုက်ရ၏။
“ကဲ၊  ဒီဘက်က  မထွေးရီကကော ပြောစမ်းပါဦး၊ ဘာလို့ ကျောင်းတက် နောက်ကျရတာလဲ” ဟု ဆရာကြီးက ထွေးရီအား မေးလိုက်ပြန်သည်။
“ဆရာ”
ကိုအေးဆွေ၏ ခေါ်လိုက်သံကြောင့် ဆရာကြီးက    ကိုအေးဆွေဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်၏။
“သူနောက်ကျတာ ကျွန်တော့်ကြောင့် ပါဆရာ။ ကျွန်တော့်ကို စောင့်စောင့်ပြီး နေရလို့ပါ။  ကျွန်တော့်အပြစ်ပါ။ ရိုက် စရာရှိ ကျွန်တော့်ကိုရိုက်ပါ”
ကိုအေးဆွေ၏    လျှောက်လဲချက် ကြောင့်  ဆရာကြီးသည်  အနည်းငယ် စဉ်းစားသလို     လုပ်လိုက်ပြီးနောက် ခေါင်းကို ဆတ်၍ ညိတ်လိုက်ကာ- 
“အင်း...အင်း၊  ဒါဖြင့် ကောင်းပြီ။ နောက်ကို  ဒီလိုမဖြစ်စေနဲ့၊ ကြားလား။ ကဲ သွားနိုင်ကြပြီ”
x
ဤသို့ဖြင့်   ကိုအေးဆွေ၏ ငယ်စဉ် တောင်ကျေးကလေးဘဝသည်    ဘဝ ကျပ်တည်းမှုအမျိုးမျိုးကို ခက်ခဲစွာဖြင့် ရုန်းကန်ကျော်လွှားလာရင်း လက်ပံပင်ရွာ အလယ်တန်းကျောင်းလေးမှ   သတ္တမ တန်း     အောင်မြင်လာခဲ့လေသည်။ ထို့နောက်  ကိုအေးဆွေသည် ကျောက် ပန်းတောင်းမြို့ရှိ    အစိုးရတန်းမြင့် ကျောင်းသို့  ရွှေ့ပြောင်းကျောင်းတက်ရ လေသည်။

[ ၅ ]
မိုးမရွာဘဲ တစ်ပတ်ခန့်ရှိသွားရာမှ ညဦးကမူ သဲသဲမဲမဲရွာချလိုက်လေသည်။
မြေနီလမ်းကလေးသည်     ညက မိုးဒဏ်ကြောင့်    သိပ်သိပ်သည်းသည်း ရှိလှ၏။ လမ်းဘေး ထန်းပင်အောက်ရှိ နှမ်းပင်ကလေးများသည်     မိုးရေကို သောက်ချိုးထားရသဖြင့်    လန်းလန်း ဆန်းဆန်း ရှိလှသည်။     မိုးရေပေါက် ကလေးများသည် အချို့နှမ်းပင်ကလေး များပေါ်တွင်  တွဲလဲခိုတုန်းပင်ရှိသေး သည်။
ကောင်းကင်ပြင်ဝယ် မိုးသားတိမ်ရိပ် များသည် တောင်မှမြောက်သို့ တရိပ်ရိပ် ရွေ့လျားလျက်ရှိ၏။ နေသည် မိုးသား တိမ်ရိပ်ကြားထဲမှ ပြင်းပြစွာ ပူလျက်ရှိ လေသည်။
ကိုအေးဆွေသည် နှမ်းခင်းထဲမှ ဖြတ် ဖောက်ထားသော ခြေကျင်သွား မြေနီ လမ်းကလေးအတိုင်း    လိုက်လာရာမှ ပေတစ်ရာ ကားလမ်းပေါ်သို့ တက်လိုက် သည်။
ကားလမ်းဘေးရှိ     စီတန်းပေါက် နေသော တမာပင်များပေါ်မှ ဗွတ်ကလုံ ငှက်ကလေးများသည်   တမာသီးမှည့် များကို  လုစားကြရင်း ကျွက်ကျွက်ညံ နေကြလေသည်။
ခပ်လှမ်းလှမ်းမှ  ပုပ္ပားတောင်ကြီးသည် မိုးရိပ်မိုးသားများကြားထဲမှ     စိမ်းလဲ့ ပြာမှိုင်းသောအရောင်ဖြင့်    မားမားကြီး ရပ်လျက်ရှိ၏။
ကျောက်ပန်းတောင်းမြို့မှ ထန်းလျက် ရောင်း၍ပြန်လာကြသော    ထန်းလျက် တောင်းထမ်း     မိန်းမများကိုလည်း ကောင်း၊    တအီအီမောင်း၍လာသော ထန်းလျက်ရောင်းပြန်     လှည်းများကို လည်းကောင်း ရှောင်ရှားရင်း ကိုအေးဆွေ သည် ကျောင်းသို့ ခပ်သုတ်သုတ်သွားနေ ၏။  သူသည် နေပူဒဏ်ကို ထီးဖြင့် ကာ ကွယ်ဆောင်းထားလေသည်။
မကြာမီ သူသည် မြို့တွင်းသို့ရောက် လာသည်။    အစိုးရတန်းမြင့်ကျောင်း ကြီးကို   ခပ်လှမ်းလှမ်းကပင်  မြင်နေရ လေပြီ။    အခြားသော  ကျောင်းသူ ကျောင်းသားအချို့အားလည်း    ကျောင်း ဘက်ဆီသို့   ရှေးရှုသွားနေကြသည်ကို တွေ့မြင်နေရ၏။
ထိုစဉ် စိတ်ဝင်စားစရာ မြင်ကွင်းတစ်ခု ကို    ကိုအေးဆွေက    လှမ်းမြင်လိုက်ရ သည်။
မှန်ပေသည်။     ကိုအေးဆွေသည် လမ်းကွေ့တစ်ခုသို့    အရောက်တွင် ခွေးလေးငါးကောင်က လုံချည်ပြာစိမ်းစိမ်း ဝတ်ထားသော အမျိုးသမီးတစ်ဦးအား ဝိုင်းဟောင်နေသည်ကို     မြင်နေရ၏။ ခွေးနှစ်ကောင်ကမူ   လှမ်းဆွဲတော့မည် တကဲကဲဖြစ်နေသည်။     အမျိုးသမီး ကလေးသည်    ပါလာသောထီးကလေး ဖြင့် တယမ်းယမ်း ရိုက်ဖယ်ရင်းအော်နေ သည်။ ခွေးများနှင့် အမျိုးသမီးကလေးမှာ သူတစ်ပြန် ငါတစ်ပြန်နှင့် ဗရုတ်သုတ်ခ ဖြစ်နေသည်။
ကိုအေးဆွေသည်    ခပ်သုတ်သုတ် လျှောက်သွားရင်း သေချာစွာကြည့်လိုက် သောအခါ မိမိနှင့် တစ်တန်းတည်းဖြစ် သော ကျောင်းသူ ခင်သန်းဌေးဖြစ်နေ သည်ကို  တွေ့ရ၏။ တစ်တန်းတည်းတွင် အတူနေစေကာမူ    တစ်ခါဖူးမျှ   စကား မပြောခဲ့ဖူးချေ။   မာနခဲမလေးတစ်ဦးဟု သတ်မှတ်ထားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ခင်သန်းဌေး မှာ    မိမိတို့ထန်းပိုင်ရှင်   ဦးမြမောင်၊ ဒေါ်လှတင်တို့၏  သမီးချောတစ်ဦးဖြစ် သည်။  သူနှင့် တစ်ခါတစ်ရံ မျက်နှာချင်း ဆုံမိသည့်တိုင်အောင်   ဂုဏ်ကြီးရှင် ထန်းပိုင်ရှင်သမီးဟူသော  မာန်မာနတွင် မိမိအား   သူတို့၏   ထန်းတက်သမားသား ဆိုသောအနေဖြင့်လည်း   အထင်သေး နှိမ့်ချစွာ ကြည့်တတ်သော အဖက်မတန် သည့်အကြည့်မျိုး   မကြာခဏကြည့်ခြင်း ခံရသဖြင့်လည်း    မိမိက   ပြန်လည်၍ အဖက်မလုပ်ခဲ့ပေ။   ကိုယ့်မာနနှင့်ကိုယ် သာ နေခဲ့လေသည်။
ယခုမူ    မိမိရှေ့တွင်ပင်    ခွေးများ ဝိုင်းကိုက်မည့်      ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေသည်ကို    တွေ့ရ၏။   မျက်စိ ရှေ့မှာ  ကိုယ့်ကျောင်းမှ  တစ်တန်းတည်း အတူနေသော ကျောင်းသူအမျိုးသမီး ကလေးတစ်ယောက်    ဒုက္ခရောက်နေ သည်ကိုမှ  ကူညီနိုင်ပါလျက်နှင့်  မကူညီ လိုက်လျှင်   မိမိသည်   ယောက်ျားမပီ သရာ၊  စိတ်သဘောထားသေးသိမ်ရာ ရောက်သွားပေမည်။ ကိုယ်နှင့် တစ်ကျောင်း တည်းနေ တစ်တန်းတည်းသာ ကျောင်းသူ အမျိုးသမီးမဆိုထားဘိ၊ တခြားယောက်ျား တစ်ယောက်   ဒုက္ခရောက်နေသည်ကိုပင် ကိုယ့်မျက်စိအောက်မှာ    တွေ့လျှင် ကူညီရမည့်တာဝန်မှာ    မိမိတာဝန်သာ ဖြစ်သည်ဟု    ကိုအေးဆွေက သဘော ပေါက်လာသည်။
ထို့ကြောင့်လည်း   ကိုအေးဆွေသည် ပါလာသည့်ထီးကို လျင်မြန်စွာ ပိတ်လိုက် ကာ လက်ကကိုင်ပြီး ရုတ်ခြည်း ပြေးသွား မိသည်။ ထို့နောက် ခင်သန်းဌေးအား ဝိုင်းရံကာ    ကိုက်မည်တကဲကဲဖြစ်နေ သောခွေးများအား   ထီးရိုးဖြင့် တအား ရိုက်ကာ    မောင်းထုတ်လိုက်သည်။ ထိုအခါ    ခွေးများသည်   နောက်သို့ အတော်ရှဲသွားသည်။     ဤတွင်မှ ခင်သန်းဌေးမှာလည်း     အတော်လေး ဣန္ဒြေဆည်လာနိုင်တော့သည်။
သို့တစေလည်း     ခွေးများသည် ကိုအေးဆွေဘက်သို့ အာရုံပြောင်းသွား ကာ ချက်ချင်းလိုပင်   ကိုအေးဆွေအား ဝိုင်းရံတိုက်ခိုက်ကြတော့၏။ ကိုအေးဆွေ ကလည်း  ထီးနှင့်လိုက်ရိုက်၊ လမ်းဘေးရှိ ခဲနှင့်ကောက်ပေါက်     စသည်ဖြင့်   ခုခံ ကာကွယ်နေရတော့၏။     ထိုအခိုက် ကိုအေးဆွေသည်   တစ်ဖက်သို့ အာရုံ ပြုရင်း အိမ်ဝိုင်းပေါက်ဝဘေးရှိ ခဲတစ်လုံး ကို ငုံ့ကောက်နေစဉ် မိမိ၏ခြေသလုံးတွင် မျက်ခနဲဟူသော   အတွေ့အထိနှင့်အတူ “ဟဲ့ ဟဲ့၊ ဟဲ့ခွေး” ဟု ခင်သန်းဌေး၏ ထိတ်လန့်တကြား    အော်လိုက်သံကို ကြားရ၏။ 
ကြားလိုက်လျှင်     ကြားလိုက်ချင်း ကိုအေးဆွေသည်     နောက်ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ တစ်ဖက် ကကပ်နေသော အိမ်ဝိုင်းပေါက်ဝ စေ့ထား သောတံခါးကြားထဲသို့ ပြေးဝင်သွားသော ခွေးနက်တစ်ကောင်ကို  မြင်လိုက်ရသည်။  ၎င်းခွေးကို ခင်သန်းဌေးက ခဲတစ်လုံးဖြင့် လှမ်းပစ်ပေါက်လိုက်သည်ကိုလည်း မြင်ရသည်။  နောက်ပြီး မျက်တက်တက် ဖြစ်နေသော မိမိ၏ခြေသလုံးဆီသို့လည်း ကိုအေးဆွေက ငုံ့ကြည့်လိုက်သည်။ 
“ဟာ”
ကိုအေးဆွေ၏  ပါးစပ်မှ  အာမေဍိက် သံပင် ထွက်သွားတော့၏။ နောက်ဘက်ရှိ လုံချည်၏    အောက်ဘက်အနားသည် တစ်ထွာလောက်ပြဲနေကာ    ခြေသလုံးမှ အသားတစ်စထွက်နေသည်။
“ဟင် ဟင် ဟင် ဟင်၊ ကိုအေးဆွေ ကိုက်မိသွားသလား” ဟု ခင်သန်းဌေး သည် အပြေးကလေး အနားသို့ရောက် လာသည်။
သည်တော့မှလည်း   ကိုအေးဆွေမှာ ခြေသလုံးကြွက်သားများက     အောင့် သက်သက် နာကျင်လာကြောင်း ဝေဒနာ က ခံစားလာသည်။ ထို့ကြောင့် လုံချည် စကို လှန်ကြည့်လိုက်မိသည်။
“ဟယ်၊ ခွေးကိုက်သွားတယ်”
ခင်သန်းဌေးသည်    ကိုအေးဆွေ၏ ခွေးကိုက်ရာကို မြင်လိုက်လျှင်ပင် အော် လိုက်သည်။   ထို့နောက်   ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေသည်။ 
“ကိစ္စမရှိပါဘူး၊   နည်းနည်းကိုက်မိ သွားတာနဲ့ တူပါတယ်”
ကိုအေးဆွေက  ခပ်ပေါ့ပေါ့ပင်  ပြော လိုက်သည်။    သို့ရာတွင်    သွေးများ မြင်မကောင်းအောင် ထွက်လာသည်ကို မြင်လာရသောအခါ    ကိုအေးဆွေမှာ ထိတ်လန့်သလို ဖြစ်လာသည်။ တဖြည်း ဖြည်းလည်း  အောင့်၍ အောင့်၍ နာလာ သည်။
ထိုစဉ်တွင်     တစ်ဖက်အိမ်ဝိုင်းထဲမှ လူကြီးတစ်ယောက်သည်      အိမ်ဝိုင်း အပြင်သို့ထွက်လာရင်း  ဆက်၍ဟောင် နေသော ကျန်ခွေးအချို့အား အော်ငေါက် မောင်းထုတ်လိုက်လေသည်။
“ဪ၊  မောင်ရင်  ခွေးကိုက်မိသွား သလား”
လူကြီးသည်   ကိုအေးဆွေတို့နားသို့ ရောက်လာကာ အခြေအနေကိုကြည့်၍ မေးလိုက်သည်။
“ဟုတ်ပါတယ်ရှင်၊    ကိုက်မိသွားပါ တယ်”
ခင်သန်းဌေးက ဝင်ရောက်ဖြေကြား လိုက်သည်။   သူသည်    ကြင်နာရောင် သမ်းနေသော သူ၏မျက်လုံးဝိုင်းကြီးများ ဖြင့် ကိုအေးဆွေအား ဝင့်ကာကြည့်လိုက် ၏။ သူ၏စိတ်ထဲတွင်မူ ကိုအေးဆွေအား အလွန်ပင်  အားနာနေမိသည်။  သူ့အား ခွေးကိုက်ခံရတော့မည့်ဘေးမှ လက်မတင် ကလေး  ကယ်လိုက်၍လည်း  အသည်း နှလုံးများ   တုန်လာသည့်တိုင်အောင် ချောက်ချားနေမိကာ  ကိုအေးဆွေအား လည်း အလွန်ကျေးဇူးတင်နေမိသည်။
အကယ်၍သာ ကိုအေးဆွေ အချိန်မီ မရောက်လာခဲ့သော် မိမိမှာ ကိုအေးဆွေ ကဲ့သို့ပင်   ခွေးများ၏  အကိုက်အခဲကို ခံရမည်မှာ   မုချဟု  အောက်မေ့လိုက်မိ သောအခါ   ကျောထဲတွင်   စိမ့်ခနဲဖြစ် သွား၏။  ယခုတော့မူ  မိမိ၏ ဒဏ်ကို ကိုအေးဆွေက ဝင်ရောက်ခံလိုက်သဖြင့် ခင်သန်းဌေးမှာ  ကိုအေးဆွေအား ရင်ထဲ တွင် ကရုဏာဖြစ်လာသည့်ပြင် ကြင်နာ သနား၍လည်း သွားမိသည်။
ဆက်လက်ဖော်ပြပါမည်။