ဒေါက်တာသန့်စင် (ရူပဗေဒ)
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ရာတွင် အဓိကပစ္စည်းမှာ ဆိုလာပြား (Solar panel) များ ဖြစ်ပါသည်။ ဆိုလာပြားများကို ဆီလီကွန်ဒြပ်စင်(Silicon) ပေါ်အခြေခံပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းဖြစ်ရန် ဖန်တီးထုတ်လုပ် ထားပါသည်။ ဆိုလာပြားများကို အဓိကအားဖြင့် မိုနိုဆိုလာပြား (Monocry stalline panels) နှင့် ပိုလီဆိုလာပြား (Polycry stalline panels)ဟူ၍ ခွဲခြားထားပါသည်။ စွမ်းရည်ပိုမိုမြင့်မားသော မိုနိုဆိုလာပြားများကို ပိုမိုအသုံး များကြပါသည်။ မိုနိုဆိုလာပြားများသည် ပိုလီဆိုလာပြားများထက် တပ်ဆင်ရာတွင် နေရာအနည်းငယ်သာလိုအပ်ပြီး စွမ်းအင်ပိုမိုထုတ်လုပ် ပေးပါသည်။ ဈေးနှုန်းလည်း ပိုကြီးပါသည်။
နည်းပညာမြင့်စွာဖြင့် အပြိုင်အဆိုင်ထုတ်လုပ်နေ
ယခုအခါ ဆိုလာပြားများကို အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ထိုင်း စသည့်နိုင်ငံများတွင် နည်းပညာမြင့်စွာဖြင့် အပြိုင်အဆိုင် ထုတ်လုပ်နေကြပါသည်။ မြန်မာနိုင်ငံတွင် အသုံးများသော ဆိုလာပြားများကို တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့မှ အများဆုံးတင်သွင်း ကြပါသည်။ ဆိုလာပြားများ၏ လျှပ်စစ်ထုတ်လုပ်မှု ပါဝါ (Watt)မှာလည်း ဝပ် ၇၀ မှ ၇၂၀ ခန့်အထိ မြင့်မားစွာ ထုတ်လုပ်ထားပါသည်။ ဆိုလာပြားများပေါ်သို့ နေရောင်ခြည် ကျရောက်သောအခါ နေရောင်ခြည်တွင်ပါဝင်သော ဖိုတွန်အမှုန် (photon particle) လေးများသည် ဆိုလာပြား မျက်နှာပြင်ကို ထိမှန်ရိုက်ခတ်ပြီး ဆိုလာပြားတွင်ပါဝင်သော တစ်ပိုင်းလျှပ်ကူး (Semiconductor) ပစ္စည်းများမှ အီလက်ထရွန်များထွက်ရှိကာ တစ်ဖက်သွားလျှပ်စီး (Direct Current - DC)ကို ထုတ်လွှတ်ပေးပါသည်။ နေရောင်ခြည်တွင် ဖိုတွန်မှုန်လေးများပါဝင်နေခြင်းကို ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း (Albert Einstein) က စတင် တွေ့ရှိခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် ဖိုတွန် (Photon)အမှုန်ဟု အမည်ပေးခဲ့ပါသည်။ ထို့ကြောင့် နေရောင်ခြည်ကို အမှုန်သဘာဝနှင့် လှိုင်းသဘာဝ နှစ်မျိုးစလုံးပါဝင်သော လျှပ်စစ်သံလိုက်လှိုင်းဟု ခေါ်ကြပါသည်။
သုတေသနများပြုလုပ်
စာရေးသူသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာနတွင် တွဲဖက်ပါမောက္ခတာဝန်ဖြင့် ၂၀၀၅ မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်နေစဉ် ပါမောက္ခ ဒေါက်တာခင်မောင်ထွန်း ဦးဆောင်ကာ နေရောင်ခြည်စွမ်းအင်သုံး မီးဖိုဖြင့် ထမင်းဟင်းများချက်ပြုတ်ခြင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် ရေငန်မှရေချိုချက်ခြင်း၊ နေရောင်ခြည်သုံး သီးနှံအခြောက်ခံရုံဖြင့် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ စားသုံးသီးနှံများကို အခြောက်ခံပါက မှိုမတက်သည့်အပြင် အရောင်နှင့် အရသာပါမပြောင်းစေဘဲလပေါင်းများစွာ သိမ်းဆည်းထားနိုင်သည့် သုတေသနများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြန်ပြည့်မြဲစွမ်းအင်ကော်မတီတွင်နေရောင်ခြည်စွမ်းအင် အသုံးချကော်မတီ၌ ဥက္ကဋ္ဌတာဝန်ယူ ကာ စက်မှုဇုန်များရှိလမ်းများတွင် ဆိုလာဖြင့် မီးတိုင်များမီးလင်းရန် တပ်ဆင်ပေးခဲ့ပါသည်။ နေပြည်တော် ကားကြီးကွင်းအနီးတွင်လည်း ဆိုလာမီးတိုင်များကို နေပြည်တော်တိုင်းစစ်ဌာနချုပ်က တာဝန်ပေးသဖြင့် တပ်ဆင်ပေးခဲ့ ပါသည်။ ၎င်းနောက် ဟင်္သာတတက္ကသိုလ်သို့ ပါမောက္ခတာဝန်ဖြင့် ရာထူးတိုးပြောင်းရွှေ့သွားပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျေးရွာ ၁၁ ရွာတွင် လျှပ်စစ်မီးမရရှိသောကြောင့် ကျန်းမာရေးသုံးဆေးပစ္စည်းများ (ဥပမာ- မြွေဆိပ် ဖြေဆေးများ) ကို ရေခဲသေတ္တာများတွင် သိုလှောင်နိုင်ရန် အခက်အခဲရှိသဖြင့် နေရောင်ခြည်စွမ်းအင်သုံး ရေခဲသေတ္တာကို သုတေသနပြုလုပ်ရန် WHO က ကမ်းလှမ်းလာသဖြင့် သုတေသနလုပ်ကြည့်ရာ အောင်မြင်သဖြင့် ကျေးရွာ ၁၁ ရွာတွင် နေရောင်ခြည်စွမ်းအင်သုံး ရေခဲသေတ္တာများ တပ်ဆင်ပေးခဲ့ပါသည်။ ထို့ကြောင့် တိုင်းဒေသကြီးအဆင့် သုတေသနဆုကို ရရှိခဲ့ပါသည်။
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနည်းပညာဖြင့်
လျှပ်စစ်ထုတ်ယူခြင်းမှာ ပိုမိုအဆင့်မြင့်လာ
၂၀၂၄ ခုနှစ် နောက်ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံးဆိုလာနည်းပညာဖြင့် လျှပ်စစ်ထုတ်ယူခြင်းမှာ ပိုမို အဆင့်မြင့်လာပါသည်။ အိမ်တစ်အိမ်တွင် 6 KW နေရောင်ခြည်လျှပ်စစ်သုံး လျှပ်စစ်ပါဝါကို တပ်ဆင်ပါက (၁) 200 AH (Ampere Hour) မှ 300 AH အထိရှိသော LiFe Po 4 – battery 51.2 DCV ဘက်ထရီတစ်လုံး၊ (၂) 6.2 KW Solar Hybrid Inverter with Internet Monitoring Wifi Device IP 20 အမျိုးအစားတစ်စုံနှင့် (၃) ဝပ် ၅၀၀ မှ ၇၀၀ အထိ အမျိုးအစားမျိုးစုံရှိသော ဆိုလာပြားများ လိုအပ်ပါသည်။
ယခုခေတ်သုံး လစ်သီယံအိုင်းယွန်း ဖော့စဖိတ် ဘက်ထရီ (Lithium Iron Phosphate – LiFe Po 4) များသည် 3.2 V ပမာဏရှိသော Lithium battery cells လေးများကို ဆက်သွယ်ပေါင်းစည်း ထားခြင်းဖြစ်ပါသည်။ ဥပမာ - အဆိုပါ cells ၁၆ ခုကို တန်းဆက်ထားပါက 51.2 V ရရှိမည်ဖြစ်ပြီး 48 V ဆိုလာပြားတွင် အသုံးပြုနိုင်ပါသည်။ လစ်သီယံဘက်ထရီတွင် BMS (Battery Manage- ment System) ပါ ရှိပါသည်။ ၎င်းသည် ဘက်ထရီဆဲလ်များကို အနည်းဆုံး 2.5 V နှင့်အများဆုံး 4.2 V ထက်မကျော်ရန် ကာကွယ်တားဆီးပေးသည့်အပြင် ပြင်ပမှ အပူချိန်မြင့်တက်ခြင်းဖြင့် ဘက်ထရီ ပျက်စီးခြင်းမဖြစ်ရန် ကာကွယ်ပေးထားပါသည်။
ဆိုလာပြားများကို ၁၀ နှစ် အာမခံပေးကာ တပ်ဆင်ပေး
Solar Inverter များတွင် Energy Storage Inverter, Single Phase Inverter, Three Phase Inverter စသည်ဖြင့် အမျိုးမျိုးရှိပါသည်။ အင်ဗတ်တာများတွင် နေရောင်ခြည်သုံးဆိုလာပြားများ၊ ဘက်ထရီများ၊ မီးစက်များ၊ အိမ်သုံး လျှပ်စစ်မီးများစသည်တို့နှင့် တွဲသုံးနိုင်သော အင်ဗတ်တာများ အမျိုးမျိုးရှိပါသည်။ 6.2 KW (Kilo Watt) မှစ၍ ပါဝါများစွာအသုံးပြုနိုင်သည့် အင်ဗတ်တာမျိုးစုံ ရှိပါသည်။ အင်ဗတ်တာဆိုသည်မှာ ဘက်ထရီမှ ထုတ်ပေးသော D.C ဗို့အားကို A.C ဗို့အားသို့ ပြောင်းပေးသောပစ္စည်းဖြစ်ပါသည်။ ဆိုလာအင်ဗတ် တာများတွင် MPPT (Maximum Power Point Tracking) စနစ်ကို ထည့်သွင်းတည်ဆောက်ထားပါ သည်။ ထို့ကြောင့် အသုံးပြုရာတွင် ပိုမိုစိတ်ချရပါ သည်။ 6.2 KW အင်ဗတ်တာကို 280 AH ဘက်ထရီ ဖြင့် တပ်ဆင်ထားပါက အိမ်တစ်အိမ်တွင် အိမ်သုံး လျှပ်စစ်မီး lighting နှင့် ရေခဲသေတ္တာကို ၂၄ နာရီ အသုံးပြုနိုင်ပြီး ထမင်းပေါင်းအိုးနှင့် တစ်ကောင်အား လေအေးပေးစက်နှစ်လုံးခန့်ကို လေးနာရီခန့် အသုံး ပြုနိုင်ပါသည်။ လျှပ်စစ်မီးပျက်သည့်အချိန်တွင် အလိုအလျောက် မီးပြောင်းပေးသော ကိရိယာ ATS ဖြင့် ဆိုလာဘက်ထရီနှင့် အင်ဗတ်တာမှ လျှပ်စစ် မီးကို ဆက်လက်အသုံးပြုနိုင်ပါသည်။ အိမ်တစ်အိမ်အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ သိန်း ၁၀၀ ကျော်ခန့် ကုန်ကျပါသည်။ ဘက်ထရီ၊ အင်ဗတ်တာများကို သုံးနှစ်အာမခံပေးပြီး နှစ်နှစ် လက်ခမယူဘဲ ပြုပြင်ပေးပါသည်။ ဆိုလာပြားများကို ၁၀ နှစ် အာမခံပေးကာ တပ်ဆင်ပေးပါသည်။ ထို့ကြောင့် လျှပ်စစ် မီတာခနှင့် တွက်ချက်ကြည့်ပါက ငါးနှစ်ခန့် အသုံး ပြုရလျှင် တပ်ဆင်ရသည်မှာ အကျိုးရှိပါသည်။
လျှပ်စစ်မီးမရှိသည့်နေရာများတွင် ဆိုလာဖြင့် လျှပ်စစ်မီးပေးခြင်းကို Off grid ဟုခေါ်ပြီး လျှပ်စစ်မီးဖြင့် ဆိုလာ လျှပ်စစ်ပေါင်းစပ်အသုံးပြုခြင်းကို hybrid အသုံးပြုခြင်းဟု သာမန်အားဖြင့် ခေါ်ဆို ကြပါသည်။ တချို့အိမ်များတွင် သာမန်ဝပ် 580 ဆိုလာပြား၊ ခဲအက်စစ်ဘက်ထရီအိုး၊ Solar Charge Controller တစ်ခုကို အသုံးပြု၍ အိမ်သုံးမီးအဖြစ် တပ်ဆင်ပါက ဈေးနှုန်းအနည်းငယ်မျှသာ ကုန်ကျနိုင်ပါသည်။ အိမ်တစ်အိမ်အတွက် အသုံးပြုနိုင်သော ဆိုလာမီးပေး သည့် ပစ္စည်းအစုံလိုက် တစ်စုံချင်းကိုလည်းဈေးကွက်တွင် ရောင်းချနေပါသည်။
စာရေးသူသည် ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် Solar ပါဝါ 150 KW (Kilo Watt) ရှိသော ခေတ်မီ ဆိုလာပြားများ၊ ဘက်ထရီများ၊ အင်ဗတ်တာများအသုံးပြု၍ ဆိုလာစွမ်းအင်ဖြင့် ဟိုတယ်တစ်ခုလုံး ဓာတ်လှေကားပါမကျန် အသုံးပြုနိုင်ရန် ဆိုလာတပ်ဆင်နေခြင်းကို သွားရောက်လေ့လာခဲ့ပါသည်။ မြန်မာနိုင်ငံမှ နိုင်ငံခြားတွင် သွားရောက် ပညာသင်ခဲ့သော ဆိုလာနည်းပညာကျွမ်းကျင်သည့် ပညာရှင်များ၊ အလုပ်သမားများ ကိုယ်တိုင်တပ်ဆင်ပြီး လက်တွေ့ အသုံးချနေပါသည်။ သိန်း ၄၈၀၀ ကျော်ခန့်သာ ကုန်ကျပါသည်။ KKZ Solar Power Generation Sale and Service မှ တာဝန်ယူ တပ်ဆင်နေပါသည်။
ယခုအခါတွင် လျှပ်စစ်မီးမရရှိနိုင်သေးသည့် တချို့ကျေးလက်ဒေသများတွင် မြေအောက်မှ ရေများ၊ မြစ်များ၊ ချောင်းများမှ ရေများကို နေရောင် ခြည်စွမ်းအင်သုံး ဆိုလာပြားများ၊ ဆိုလာအင်ဗတ် တာ (Solar Pumping Inverter) များကို အသုံးပြု ကာ ရေတင်ပြီး စိုက်ပျိုးရေးအတွက် အသုံးပြုနေပါ သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် နေရောင်ခြည်စွမ်းအင်ကို တစ်ဖက်တစ်လမ်းမှ လက်တွေ့အသုံးချနေခြင်းဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများစွာရှိသော စက်မှုဇုန်များတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူအသုံးချနေကြပါသည်။
နိုင်ငံတော်မှလည်း
လိုအပ်သည်များကို ပံ့ပိုးကူညီပေးနေ
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအနည်းဆုံး စွမ်းအင်ဖြစ်သည့်အပြင် သဘာဝမှ လက်ဆောင်ပေးထားသော နေရောင်ခြည်စွမ်းအင်ကို လက်တွေ့အသုံးချကာ စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဟိုတယ်များ၊ စက်မှုဇုန်များနှင့် အိမ်များတွင် လက်တွေ့အကျိုးရှိစွာ တပ်ဆင်နေကြပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီပေးနေပါသည်။
ထို့ကြောင့် နေရောင်ခြည်စွမ်းအင်ဖြင့် ခေတ်မီလျှပ်စစ်စွမ်းအင်ကို ထုတ်ယူအသုံးပြုကြပါရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။