နွေရာသီနှင့် အပူဒဏ်ကာကွယ်နိုင်ရေး

မောင်သောင်းဝင်း (တမန်ဟောင်း)

နိုင်ငံတစ်ဝန်း၌ မတ်လနှောင်းပိုင်းကတည်းက အပူချိန်တရိပ်ရိပ် မြင့်တက်လာလျက်ရှိသည်။ အယ်လ်နီညို ဖြစ်စဉ်ကြောင့် တချို့သောဒေသများတွင် အပူချိန် စံချိန်တင်မြင့်တက်လျက် ရှိသည်။ မတ် ၃၁ ရက်တွင် ချောက်၊ မင်းဘူး၊ မကွေးနှင့် တောင်တွင်းကြီးမြို့များ၏ အပူချိန်သည် ၄၂ ဒီဂရီဆဲလ်စီးယပ် ဖြစ်သည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်လောက်သည်ပင်လျှင် လွန်စွာပူပြင်းလှပါသည်။ နေ့စဉ် မြင့်တက်လျက်ရှိသော အပူချိန်ကြောင့် ယခုရက်ပိုင်အတွင်း မိုးလင်းကတည်းက ချွေးတဒီးဒီးကျပြီး နေရထိုင်ရခက်လာသည်။ လူတိုင်း၏နှုတ်ဖျားတွင် ပူလိုက်တာဆိုသောစကားကိုပဲ နေ့စဉ်ကြား နေရသည်။ မွန်းလွဲပိုင်းအပူချိန်သည် နေတစ်စင်းတည်းမှ ဟုတ်ရဲ့လားဟုပင် ထင်ရသည်။ လူကြီး၊ လူငယ်အားလုံး အပူဒဏ်ကို အလူးအလဲခံနေကြရသည်။

 

ပြုမူနေထိုင်လာကြ

ပြင်းထန်လှသောအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ရေစိမ်ချိုးခြင်း၊ ရေခဲရေသောက်ခြင်း၊ အဲကွန်း၊ ပန်ကာလေခံခြင်း၊ အင်္ကျီချွတ်ထားခြင်းစသည့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော ပြုမူနေထိုင်မှုများကို လူတိုင်းနီးပါးပြုမူလာကြသည်။ အထူးသဖြင့် ညဘက်တွင် အပူချိန်ကြောင့် နှစ်ခြိုက်စွာ အိပ်မရသဖြင့် ဖျာ၊ သင်ဖြူများကို ရေဆွတ်ခြင်း၊ အိပ်ရာခင်းများကို ရေဆွတ်ခြင်းများ ပြုလုပ်လာကြသည်။ နေ့ခင်းဘက်တွင်လည်း တချို့သော လုပ်သားများသည် ပုဆိုး၊ တဘက်များကို ရေဆွတ်ခြုံပြီး အလုပ်လုပ်နေကြသည်ကို တွေ့ရသည်။ ကျန်းမာရေးအတွက် လွန်စွာအန္တရာယ်ရှိသော လုပ်ရပ်များ ဖြစ်ပေသည်။ အခိုက်အတန့်သာ အပူသက်သာသော်လည်း ရေရှည်တွင်ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည်။

 

အပူချိန်ပြင်းထန်လှသောကြောင့် နံနက် ၈ နာရီလောက်ကတည်းက အပေါ်အင်္ကျီများ ချွတ်ချင်လာ ကြသည်။ အမှန်တကယ်မှာ ထိုသို့ မပြုလုပ်သင့်ပေ။ အင်္ကျီချွတ်ထားသူတစ်ဦးသည် အဲကွန်းနှင့် ပန်ကာလေတိုက်ရိုက်ထိခံရပါက ကိုယ်လက်များ နာကျင်ကိုက်ခဲလာပါသည်။ နေ့စဉ်ထိုသို့ပြုမူ နေထိုင်သွားမည်ဆိုလျှင် ကိုယ်လက်နာကျင်ကိုက်ခဲ ဖျားနာလာမည်ဖြစ်သည်။ မည်မျှပင်ပူပြင်း နေစေကာမူ အပေါ်အင်္ကျီကို မချွတ်ဘဲတစ်နေကုန် ဝတ်ထားမည်ဆိုလျှင် နေထိုင်ရအဆင်ပြေပြီး ကျန်းမာရေးနှင့် ညီညွတ်မည်ဖြစ်သည်။

 

ရောဂါလက္ခဏာများ

နွေရာသီတွင် အပူချိန်ပြင်းထန်မှုကြောင့် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများဖြစ်သည့် ပျို့ခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ကြွက်သားများအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နုံးချည့်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းတို့ ဖြစ်တတ်သည့်အပြင် အပူဒဏ်ကြောင့် အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်တတ်သည်။

 

အပူဒဏ်ကာကွယ်ရေး အကြံပြုချက်များ

နွေရာသီတွင် အပူဒဏ်ကာကွယ်ရေးအတွက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေသင့်ပါသည်။ ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ ရှောင်ကြဉ်သင့်ပါသည်။

 

ထို့ပြင် ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်သွားပြီး အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်သင့်ပါသည်။ အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်သင့်ပါသည်။

 

နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။ ကိုယ်လက်လှုပ်ရှားနှင့် အားကစားပြုလုပ်ခြင်းကို ညနေ ၅ နာရီ နောက်ပိုင်းတွင်သာ ပြုလုပ်သင့် ပါသည်။ ထို့ပြင် အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ခန္ဓာကိုယ်တွင် ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးသင့်ပါသည်။ မိတ်နှင့် ယားဖုများ ထွက်လာလျှင် ရေအေးဝတ်ကပ်ခြင်းနှင့် သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်သွားသင့်ပါသည်။

 

ဆောင်ရန်၊ ရှောင်ရန်

ပူပြင်းလှသော နေ့ခင်းဘက်များတွင် တတ်နိုင်ပါက ရေခဲရေသောက်သည့်အလေ့အထကို ရှောင်သင့် ပါသည်။ ရေခဲရေသည် အဝင်အေးသော်လည်း ဝမ်းတွင်းရောက်ပါက အပူကိုသာ အားပေးစေပါသည်။ ရေခဲရေသည် သောက်လေသောက်လေ ငတ်မပြေဆိုသလို ထပ်ကာ ထပ်ကာသောက်နေချင်ပါသည်။ တတ်နိုင်ပါက ရေနွေးကြမ်းသောက်သင့်ပါသည်။ ရေနွေးကြမ်းသည် မကြာခဏ ရေဆာနေသည့်ဆန္ဒကို ပြေပျောက်စေပါသည်။ နေ့ခင်းဘက်တွင် ထန်းလျက်ခဲ အနည်းငယ်ကိုက်ပြီး ရေနွေးကြမ်းပူပူလေး သောက်လိုက်မည်ဆိုလျှင် ရေဆာလောင်နေမှုကို ပြေပျောက်စေသည့်အပြင် ပြင်းထန်လှသော အပူဒဏ်ကိုပါ မေ့လျော့စေနိုင်ပါသည်။

 

နွေရာသီတွင် နေ့ခင်းဘက်၌ အပူဒဏ်ခံနိုင်ပြီး ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် နံနက်စောစော ကတည်းက အိမ်အောက်ကို ရေဖျန်းထားသင့်ပါသည်။ တတ်နိုင်ပါက အိမ်ဘေးပတ်လည်ကိုလည်း ရေဖျန်းထားသင့်ပါသည်။ ထိုသို့ရေဖျန်းထားလျှင် နေ့ခင်းဘက်အပူချိန်ကို အထိုက်အလျောက် သက်သာစေပါသည်။ ညဘက်တွင် နှစ်ခြိုက်စွာ အိပ်စက်နိုင်ရေးအတွက် အိပ်ရာမဝင်မီရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်းများ ပြုလုပ်ပြီး လေဝင်လေထွက်ကောင်းစေရန် တံခါးအားလုံးကို ဖွင့်ထားရန် လိုအပ်ပါသည်။ အထူးသဖြင့် ခြင်ထောင် ထောင်အိပ်ဖို့ မမေ့သင့်ပေ။ ရေရှားပါးသောဒေသများတွင် ရေပတ်တိုက်ပြီးမှ အိပ်ရာဝင်သင့်ပေသည်။ သနပ်ခါးထူထူ လိမ်းထားခြင်းသည်လည်း အပူဒဏ်ခံနိုင်ပြီး အအေးဓာတ်ရစေပါသည်။

 

နွေရာသီတွင် ပြင်းထန်အပူချိန်ကြောင့် Heatstroke ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်ပွားလျှင် ရှေးဦးသူနာပြုစုနည်းအတိုင်း အပူသက်သာစေရန် ဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားရန်လိုအပ်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် Heatstroke ဖြစ်တတ်သဖြင့် ဂရုစိုက်သင့်ပါသည်။ ကလေးများတွင်လည်း ချွေးမှတစ်ဆင့် မိတ်ဖုကဲ့သို့သော အနီအပိမ့်များ ထွက်လာပြီး အဖျားတက်သည်အထိ ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ကလေးငယ်များကို မြန်မာသနပ်ခါးများ လိမ်းပေးထားမည်ဆိုလျှင် အထိုက်အလျောက် ကာကွယ်နိုင်မည် ဖြစ်သည်။

 

နွေရာသီတွင် အပူချိန်ပြင်းထန်လှသဖြင့် အရက်၊ ဘီယာ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ အယ်လ်ကိုဟောနှင့် ပြင်းထန်အပူချိန်တို့ ပေါင်းစပ်လိုက်လျှင် ဦးနှောက်သွေးကြောပြတ်သည့် အဆင့်သို့ပင် ရောက်သွားနိုင်ပါသည်။ တတ်နိုင်ပါက ဆေးလိပ်ကိုလည်း ရှောင်ရှားသွားသင့်သည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးအပြင် မီးဘေးအန္တရာယ်ပါ စိုးရိမ်ရသဖြင့် အထူးသဖြင့် နွေရာသီတွင် ဆေးလိပ်သောက်သည့် အလေ့အထကို ရှောင်ရှားပြုမူသွားသင့်သည်။

 

နွေရာသီနေ့ခင်းဘက်တွင် နေအပူချိန်အောက်၌ လုပ်ကိုင်ကြရသူများသည် ပူလောင်မှုနှင့် ဆာလောင်မှု ဒဏ်ကို အခိုက်အတန့်ပြေပျောက်စေရန် ရေခဲရေသောက်ခြင်း၊ ရေခဲထုပ်၊ ရေခဲချောင်းများစားခြင်း၊ လက်လုပ်ချဉ် (သရက်သီး၊ ဂွေးသီး) များနှင့် အသုပ်မျိုးစုံတို့ကို စားလေ့ရှိကြသည်။ ထိုသို့ပြုမူခြင်းသည် ကျန်းမာရေးကို များစွာ ထိခိုက်စေသည်။ နွေရာသီတွင် သောက်ရေအတွက် ညဘက်ကတည်းက သဲအိုးထဲတွင် ရေထည့်ထားသင့်သည်။ ထိုသို့ထည့်ထားလျှင် သဲအိုးထဲရှိရေသည် နေ့ခင်းဘက်တွင် ရေခဲရေကဲ့သို့ပင် အေးစိမ့်ပြီး ကျန်းမာရေးနှင့်လည်း ကိုက်ညီမှုရှိသည်။

 

နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်သည် သဘာဝကပေးထားသော သစ်ရိပ်၊ ဝါးရိပ်များသာလျှင် အကောင်းဆုံးဖြစ်သည်။ ‘နွေထနောင်း၊ ဆောင်း မန်ကျည်းဆိုသလို နွေရာသီတွင် ထနောင်းပင်များ သည် အရွက်များနှင့် စိမ်းစိုနေသောကြောင့် ထနောင်းပင်အောက်ဝင်လိုက်သည်နှင့် အေးမြသွား စေသည်။ ထို့ကြောင့် မိမိအိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးထားမည် ဆိုလျှင် နွေရာသီ အပူဒဏ်ကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်သည်။ တောဓလေ့ထန်းရွက်နှင့် သက်ငယ်တဲများသည် အပူဒဏ်ခံနိုင်သော အဆောက်အအုံများပင်ဖြစ်သည်။ တတ်နိုင်ပါက သက်ကြီး ရွယ်အိုများနှင့် ကလေးများအတွက် ယာယီအပူရှောင်တဲများ ဆောက်လုပ် ပေးထားသင့်ပေသည်။

 

ဆိုရလျှင် အသက်ကိုဉာဏ်စောင့် ဥစ္စာကိုကံစောင့်ဆိုသလို ပြင်းထန်လှသော အပူဒဏ်အောက်တွင် ကျန်းမာစွာဖြတ်သန်းနိုင်ရေးအတွက် နေထိုင်မှုပုံစံများ မှန်ကန်ဖို့လိုပါသည်။ လူသားတို့သည် အနာဂတ် ကာလတွင် အစွန်းရောက်ရာသီဥတုကို ဆက်တိုက်ကြုံတွေ့လာရတော့မည်ဖြစ်သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားရန်လိုအပ်သည်။ အထူးသဖြင့် ယခုလိုပူပြင်းလှသော နွေရာသီတွင် အပူဒဏ်ကိုခံနိုင်ရန်အတွက် သဘာဝနည်းကိုသာ အသုံးပြုသင့်သည်။ ဆိုလိုသည်မှာ သဘာဝကျကျ နေထိုင်သွားမည်ဆိုလျှင် အပူဒဏ်ကို လွယ်ကူစွာကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ခေတ်မီအီလက်ထရောနစ်ပစ္စည်းများ၊ သဘာဝလွန်အစားအသောက်များကိုသာ အသုံးပြုမှီဝဲသွားမည် ဆိုလျှင် ရေရှည်တွင် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါကြောင်း အကြံပြုရေးသားတင်ပြ အပ်ပါသည်။ ။