နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရာက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိုးလေဝသဖြစ်စဉ်များကို မပြတ်လေ့လာပြီး မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ လုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အချိတ်အဆက်မိမိဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအမံများချမှတ်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိဒေသမှာရှိသည့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် စနစ်တကျစုဖွဲ့ပြီး ကာကွယ် ကူညီပေးခြင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်များကို  သက်ဆိုင်ရာဌာနအားလုံးက မြန်မြန်ဆန်ဆန် ထိထိရောက် ရောက် နည်းလမ်းမှန်မှန်ဖြင့် အကောင်းဆုံး ကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် ရာသီဥတုဖောက်ပြန် မှုများကို လျော့ချနိုင်ရေးအတွက် အမြဲစိမ်းသစ်တောသစ်ပင်များ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ဆည်ရေဝေ ရေလဲများတွင် အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးကြရမည်ဖြစ်ကြောင်းကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးက အနောက်တောင်မုတ်သုံလေဝင်ရောက်လာမှုနှင့် မိုးလေဝသအခြေအနေများကို လည်းကောင်း၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီအသီးသီးမှ အတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး  နိဂုံးချုပ်စကား ပြောကြားသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပုဗ္ဗသီရိ မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်း အကောင်းဆုံးအား ကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။

ထို့နောက် တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်း မြို့နယ်အသင်းတို့ကို နေပြည်တော်ကောင်စီဝင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်ပြီး ပထမဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ပြီး နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)