နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ကုန်ထုတ်လုပ်ငန်းများ  တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ  ၈

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့်  ကုန်ဈေးနှုန်းတည်ငြိမ်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၃)ကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ  နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ  စားရေရိက္ခာ ဖူလုံစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊  စားသောက်ကုန်များ   တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်   ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး   စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ စားဝတ်နေရေး လိုအပ်ချက်များကို  နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဝိသမလောဘသားများ ဈေးကစားလိုသည့် လုပ်ငန်းရှင်များမရှိစေရေး ဥပဒေနှင့်အညီ  ထိန်းကျောင်းရမည့် ကိစ္စရပ်များကို ထိထိရောက်ရောက်  ကြပ်မတ်ဆောင် ရွက်ကြစေလိုကြောင်း၊  ကုန်စည်ဝင်/ထွက်များ မျှတ မှုရှိ/မရှိနှင့် စုံစမ်းစစ်ဆေးခြင်းများ၊ ကုန်စည်စီးဆင်း မှုမှန်ကန်စေရေးနှင့်   လုံလောက်စွာ    ဝင်ရောက်ရေး၊ အခြေခံ ကုန်ပစ္စည်းများ ထုတ်လုပ်တိုးချဲ့နိုင်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အခြေခံ စားသောက်ကုန်များဖြစ်သည့် စိုက်ပျိုးရေးနှင့်  မွေးမြူရေးကဏ္ဍမှ ထုတ်ကုန်များ ထုတ်လုပ်မှု  တိုးတက်လာစေရန်နှင့် One Region One Product  များကို  ပိုမိုအကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက်   တက်ရောက်လာကြသည့်   တာဝန်ရှိသူများက   ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ချက်များ မူဝါဒနှင့်အညီ စားအုန်းဆီများဖြန့်ဖြူးရောင်းချနေမှု၊ စားသုံးဆီများ ဖူလုံစေရေး အတွက် ဆီထွက်သီးနှံများစိုက်ပျိုးထားမှု၊ ကြိတ်ခွဲမှုတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်  နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ် ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက   လုပ်ငန်းများ   အောင်မြင်စေရေး   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။

သတင်းစဉ်