နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ် ၂၅

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဒေသအတွင်းမှာရှိသည့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရက်ကန်းစင်တောင်တော် ဓမ္မပါလကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ဆောင်ရွက်ထားရှိမှု သရုပ်ပြ အခမ်းအနား တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေပြည်တော် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရာဇဌာနီ လမ်းဘေး ဝဲ/ယာတစ်လျှောက်နှင့် ပင်လောင်းလမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများက နွေသီးနှံစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ထားမှု အခြေအနေများနှင့် စိုက်ပျိုးရေး ပေးဝေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သိရသည်။

သတင်းစဉ်