နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေး ဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနား တက်ရောက်

နေပြည်တော်  ဇူလိုင် ၁၅

 

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်း များအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက် (၃) ရပ် ချမှတ်ဖော်ဆောင်လျက်ရှိရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မူဝါဒများချမှတ်ဖော်ဆောင်နေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မူဝါဒများကို ကျင့်သုံးလိုက်နာဆောင်ရွက်နေကြသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အစိုးရ၏ မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ချပြရှင်းလင်းဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း ဖြစ်ကြောင်း၊ ယခုရှင်းလင်း ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာမူဝါဒများ၊ စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ၊ စီးပွားရေး ဝန်းကျင်ကောင်းဖြစ်ပေါ်စေရေး ဌာနများအလိုက် ဆောင်ရွက်နေသည့် အခြေအနေများကို စီးပွားရေးနှင့် ဆက်စပ်သော အဓိကဌာန(၅)ခုက လုပ်ငန်းရှင်ကြီးများကို ရှင်းလင်းဆွေးနွေး ပေးကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က Agro-Industry လုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက တိရစ္ဆာန်ထွက်ပစ္စည်း တန်းဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ် (DICAOnline Solution-DOSO) ၏ သရုပ်ဖော် Video Clip ၊ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနှစ် Myanmar CompanyOnline (MyCO) ၏ Video Clip တို့အားပြသခဲ့ပြီး နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးနှင့် စီးပွားရေး ဝန်းကျင်ကောင်း ဖန်တီးပုံဖော်ရေး ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)