နေပြည်တော်ကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရား တော်နာယူပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၇

နေပြည်တော်ကောင်စီ  မြန်မာ့နှစ်သစ်ကူး  အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ယနေ့ ညနေ  ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော် တိုင်းသံဃနာ ယက အဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်  ချီးမြှင့်တော် မှုကြပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။ 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်များ အမှူးပြုသော ဧည့်ပရိသတ်များက  နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ ကိုးပါသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွား သရဇ္စျာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညိုကြပြီးနေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များ အမှူးပြုသော ဧည့်ပရိသတ်များက  နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှဝေပြီး နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်