နေပြည်တော် တန်ဆောင်တိုင်လို့တောင် ပြောရမလား ဝတ်အသင်းတွေရဲ့ ဝတ်ရွတ်သံ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်တာတွေနဲ့ မီးပုံးပျံလွှတ်တင် ပူဇော်တာတွေကို တွေ့ရတော့ အင်မတန်ကြည်နူးစရာ မြင်ကွင်းလို့လည်း မှတ်ယူမိပါတယ်

အခုလို တန်ဆောင်တိုင်ပွဲတော်ဆိုတာ အရင်ကတောင်ကြီးဘက်သွားမှ တွေ့မြင်ရတာ၊ အခုတော့ နေပြည်တော် တန်ဆောင်တိုင်လို့တောင် ပြောရမလား ဝတ်အသင်းတွေရဲ့ ဝတ်ရွတ်သံ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်တာတွေနဲ့ မီးပုံးပျံလွှတ်တင် ပူဇော်တာတွေကို တွေ့ရတော့ အင်မတန်ကြည်နူးစရာ မြင်ကွင်းလို့လည်း မှတ်ယူမိပါတယ် (ဦးနေလင်း)

 

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဒုတိယမြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ယင်းသို့ တန်ဆောင်တိုင်မီးထွန်း ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများအနက်မှ တချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

 

mdn

 

ဦးတင်ဦး

မြန်အောင်မြို့

 

ဒီဘုရားကြီးကို ဖူးချင်တာရယ်၊ သားဖြစ်သူ မင်္ဂလာဆောင်ရယ်နဲ့ တိုက်ဆိုင်သွားလို့ အခုလိုရောက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   စတင်ဖူးမြော်ခွင့်ရချိန်ကတည်းက တစ်ခေါက်လာခဲ့ပြီးပါပြီ။ နေပြည်တော်မှာ   အခုလို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပပေးတာကိုလည်း အလွန်ပဲဝမ်းသာပါတယ်။ နောက်နှစ်တွေမှာလည်း အခုလိုတန်ဆောင်တိုင်ပွဲတော်ကြီးတွေ ကျင်းပပေးစေချင်ပါတယ်။ မနေ့ညကတော့ မရောက်ဖြစ်ပါဘူး။ ဒီညရောက်လာတဲ့အချိန်မှာ လူတွေအပြည့်အလျှံနဲ့ စည်ကားနေတာတွေ တွေ့ရတော့ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီဘုရားကြီးကို လာရောက်ဖူးရတာ အေးလည်းအေးချမ်းတယ်။

 

mdn

 

ဦးသန်းကျော်

မီးပုံးပျံအဖွဲ့ခေါင်းဆောင်

 

ကျွန်တော့အနေနဲ့ မီးပုံးပျံ ၁၁ လုံး တာဝန်ယူထားတာ  ဖြစ်ပါတယ်။  ဖွင့်ပွဲနေ့က နှစ်လုံးလွှတ်ခဲ့တယ်။ ဒီနေ့ညတော့ လေးလုံးလွှတ်မှာပါ။ မနက်ဖြန်ညပိုင်းကိုတော့ ငါးလုံးအထိလွှတ်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ လွှတ်တင်တဲ့ မီးပုံးပျံတွေကတော့  အားလုံးအောင်မြင်ပါတယ်။ လွှတ်တင်တဲ့အခါမှာ လေကတော့ နည်းနည်းကြမ်းတယ်။ လေကြမ်းတဲ့အတွက် မီးပုံးပျံက အလှတော့ နည်းသွားတာပေါ့။ ကျွန်တော်တို့ စိန်နားပန်က လေကိုတော့ ကြောက်တယ်။ လေငြိမ်ရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့အဖွဲ့ကတော့ စိန်နားပန်အဖွဲ့ဖြစ်တာကြောင့် စိန်နားကပ်လေးတွေ ပန်သလို မီးပုံးလေးတွေကို တွဲလောင်းလေးတွေချတဲ့ပုံစံလို့ ပြောရမှာပေါ့။ မီးပုံးပျံရဲ့ အောက်ခြေမှာ မီးပုံး လေးတွေ ချိတ်တယ်။ ပြီးရင်စာတန်းလေးတွေနဲ့ ရုပ်ပုံလေးတွေဖော်တယ်။ ကျွန်တော်တို့ အခုလုပ်ထားတဲ့ မီးပုံးပျံတွေကတော့ အချိန်အားဖြင့် ၁၂ ပိဿာ၊ ၁၃ ပိဿာခန့်ရှိပါတယ်။ အခုလို တန်ဆောင်တိုင်ပွဲတော်တွေကို ကျင်းပပေးတဲ့အတွက် နေပြည်တော် ပတ်ဝန်းကျင်က ပြည်သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ နောက်နှစ်တွေလည်း အခုလိုပဲ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ဆက်လက် ကျင်းပပေးစေချင်ပါတယ်။

 

 

mdn

ဦးလွင်မိုး

ရှမ်းအိုးစည်အဖွဲ့ခေါင်းဆောင်

 

ကျွန်တော်တို့အဖွဲ့မှာ အဖွဲ့သားအားလုံးခုနစ်ယောက်ပါပါတယ်။ ဓားအကတို့၊ ကျွမ်းထိုးအကတို့လည်း ပါပါတယ်။ အရင်ကတော့ ရေအိုးကိုက်အက ထည့်ထားပါတယ်။ အခုတော့ ရေအိုးကိုက်အကအစား ကျွမ်းထိုးအကကို ထည့်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီနေ့တစ်ရက်တည်း ကပြဖျော်ဖြေရမှာဖြစ်ပါတယ်။ အခုလို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးမှာ ကျွန်တော်တို့ တတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ လာရောက် ဖျော်ဖြေရခြင်းလည်း ဖြစ်ပါတယ်။ နောက်နှစ်တွေ ဆက်လက်ကျင်းပမယ်ဆိုရင်လည်း လာရောက်ဖျော်ဖြေပေးဖို့လည်း မျှော်လင့်ထားပါတယ်။ အားလုံးလည်း ကျန်းမာပျော်ရွှင်စွာနဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲနိုင်ပါ စေလို့ ဆုတောင်းပေးပါတယ်။

 

ဦးနေလင်း

မိတ္ထီလာမြို့

 

ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးကို ပါဝင်ဆင်နွှဲဖို့ မိတ္ထီလာကနေ ဒီမနက် ခြောက်နာရီခွဲ လောက်ကတည်းက စထွက်လာခဲ့တာဖြစ်ပါတယ်။ ဘုရားဖူးရင်း တန်ဆောင်တိုင်ပွဲတော် လာရင်းဆိုပြီး ရည်ရွယ်ပြီးလာခဲ့တာဖြစ်ပါတယ်။ အခုလာရောက်တဲ့အချိန်မှာ အတော်လေးစည်စည်ကားကား ရှိတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့ အချိန်မှာ အလွန်ပဲပီတိဖြစ်ရတယ်။ ဘုရားကြီးကို ဖူးလိုက်ရတဲ့အချိန်မှာ အေးလည်းအေးချမ်းတယ်။ အခုလို တန်ဆောင်တိုင်ပွဲတော်ဆိုတာ အရင်ကတောင်ကြီး ဘက်သွားမှ တွေ့မြင်ရတာ၊ အခုတော့ နေပြည်တော်တန်ဆောင် တိုင်လို့တောင်ပြောရမလား။ ဝတ်အသင်းတွေရဲ့ ဝတ်ရွတ်သံ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်တာတွေနဲ့ မီးပုံးပျံလွှတ်တင်ပူဇော်တာတွေကို တွေ့ရတော့ အင်မတန် ကြည်နူးစရာမြင်ကွင်းလို့လည်း မှတ်ယူမိပါတယ်။

 

mdn

 

ဒေါ်စိုးစိုးခိုင်

မသိုးသင်္ကန်းရက်လုပ်ပူဇော်ရေးအဖွဲ့ဝင်

မြောက်ဥက္ကလာပမြို့နယ်

 

ရန်ကုန်တိုင်းဒေသကြီး ရွှေတိဂုံ ကိုယ်စားပြုနဲ့ လာရောက်ရက်လုပ် ပူဇော်ရခြင်းဖြစ်ပါတယ်။ မသိုးသင်္ကန်းကို ၁၄၊ ၁၅ နှစ်ဝန်းကျင် လောက်ကတည်းက ရက်လုပ်ပူဇော်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အခုလို ရာသီရောက်ရင် ဘုရားတိုင်းမှာ အမြဲတမ်းလိုလို ပါဝင်ရက်လုပ်ပူဇော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တောင်ဥက္ကလာပ ဘုရား မှာဆိုရင် ဆုတွေ မကြာမကြာရခဲ့ဖူးတယ်။ နှစ်နှစ်ဆက်တိုက် ပထမဆုတောင် ရခဲ့ဖူးတယ်။ ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးက အခုဟာ ပထမဆုံးအကြိမ်ကျင်းပတာ ဖြစ်တဲ့အတွက် နောက်နှစ်တွေ ကျင်းပဖြစ်မယ် ဆိုရင်လည်း ပါဝင်ရက်လုပ်ပူဇော်မှုတွေ ပြုလုပ်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။ နှစ်စဉ်မပြတ်လည်း ကျင်းပပေးစေချင်ပါတယ်။

 

တွေ့ဆုံမေးမြန်း - အလင်းသစ်

ဓာတ်ပုံ - နေမျိုး