နေပြည်တော် သပြေကုန်းအဝိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တည်ဆောက်ရေးလုပ်ငန်းများစတင်

တာရာ၊ ကေကေ၊ ဓာတ်ပုံ-ထိန်နန်နော်

 

မြန်မာနိုင်ငံတွင် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ရေးလုပ်ငန်းများကို နေပြည်တော်ရှိ သပြေကုန်း အဝိုင်းတွင် စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့စီစဉ်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများမှ ပါဝင်ဆောင်ရွက်နေကြသူများအား တွေ့ဆုံမေးမြန်းခဲ့ သည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးရဲမင်းဦး၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီနာယက၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်

ပထမအဆင့်က ဗိုလ်ချုပ်ရုပ်တုအတွက် ပုံကြမ်းထုတ်ရပါတယ်။ ဗိုလ်ချုပ်ပုံ ပုံကြမ်းထုတ်ပြီးရင် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲ တွေကိုပြပြီး အတည်ပြုချက် ယူရပါတယ်။ ကိုယ်နေဟန်ထား၊ အသွင်အပြင် အတည် ပြုချက်ရပါပြီ၊ အတည်ပြုချက် ရပြီဆိုရင် ဒုတိယအဆင့်က ရွှံ့နဲ့ လိုချင်တဲ့ပုံစံကို အရင်ပုံဖော်ရပါတယ်။ မိုလုပ်ဖို့အတွက် ရွှံ့ရုပ်လုပ်တာလည်း ပြီးစီးသွားပါပြီ။ တတိယအဆင့်အနေနဲ့ ဒီရွှံ့ရုပ်ကို ကြေးသွန်းဖို့အတွက် မိုယူနေပါပြီ။ မိုထွက်ပြီဆိုတာနဲ့ ကြေးစသွန်းမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကြေးသွန်းဖို့အတွက် မိုယူတဲ့အဆင့်ကို ရောက်နေပါပြီ။ ကြေးသွန်းတဲ့ အခါမှာတော့ ရုပ်တုကကြီးတဲ့အတွက် အပိုင်းလိုက် ကြေးသွန်းမှာ ဖြစ်ပါတယ်။

ဒီလိုကြေးသွန်းထားတာကို ယူလာပြီး နေပြည်တော်ကျမှ တည်ဆောက်မှာ ဖြစ်ပါတယ်။ အခုကတော့ ကြေးသွန်းတဲ့လုပ်ငန်း စဉ်ကို သတ်မှတ်ရက်မှာ ပြီးစီးအောင် ဆရာကြီးဦးမြင့်စံက ကြိုးစားဆောင်ရွက်နေပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နဲ့ ပတ်သက်ပြီး ပြည်သူတွေက စိတ်ပူကြတာ ရှိပါတယ်။ ပြည်သူတွေ လေးစားတန်ဖိုးထားတဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေလုပ်တိုင်း ဗိုလ်ချုပ်ရဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ ရုပ်တုမျိုး ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်ရုပ်တုတွေက ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ပြန်လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ဗိုလ်ချုပ်ဓာတ်ပုံက ငယ်ငယ်တုန်းကပုံ၊ ဂျပန်တော်လှန်ရေးကာလကပုံ၊ လွတ်လပ်ရေးတိုက်ပွဲဝင်စ ပုံတွေ၊ ပန်းချီပုံ၊ ငွေစက္ကူပေါ် ကပုံ။ ဒီလိုအမျိုးမျိုးရှိကြတဲ့အတွက် ဒီအတွက် အရင်ရွေးချယ်ရပါတယ်။ ပုံရွေးချယ်တာကိုတော့ ဆရာကြီးဦးမြင့်စံက တာဝန်ယူပြီး လုပ်ပေးနေပါတယ်။ အားလုံးလက်ခံပြီး နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ရဲ့ သွင်ပြင်ပေါ်အောင် သေချာ ဆောင်ရွက်နေပါတယ်။

aung +

ကျွန်တော်တို့ နေပြည်တော်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားတဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်တစ်ယောက်တည်းကို ရည်ရွယ်ပြီး ထားတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူအားလုံး ပူးပေါင်းခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ။ လွတ်လပ်ရေးအတွက် အားလုံးပူးပေါင်းပြီး တညီတညွတ်တည်း ထားခဲ့တဲ့စိတ်ဓာတ်ကို ပေါ်အောင်ထားရှိတာ ဖြစ်ပါတယ်။ နောင်မျိုးဆက်တွေကိုလည်း ဒီစိတ်ဓာတ်ကို အမွေယူရအောင်၊ လွတ်လပ်ရေးကို ခက်ခက်ခဲခဲ ရယူခဲ့ကြတာကို မမေ့အောင်၊ ဒီလိုမမေ့ဘဲ အစဉ်အမြဲသတိရပြီး နိုင်ငံ့လွတ်လပ်ရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကို ပေးချင်တာ ဖြစ်ပါတယ်။

ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်

သပြေကုန်းအဝိုင်းမှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ လွတ်လပ်ရေးဖခင်၊ တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတစ်ခု ဝင့်ကြွားစွာ တည်ရှိစေဖို့၊ ဒုတိယရည်ရွယ်ချက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေကို နောင်လာ နောက်သားတွေ အစဉ်အမြဲ အောက်မေ့သတိရ တန်ဖိုးထားစေဖို့နဲ့ လေးစားဂုဏ်ယူ အားကျအတုယူလာစေဖို့ဖြစ်ပြီး တတိယ ရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ ခွင့်တူညီမျှတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး အမြန်ဆုံး ပေါ်ထွန်းလာနိုင်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်လာစေဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေထဲမှာ အကြီးဆုံးဖြစ်ပါမယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို အောက်ခံအုတ်ခုံ ၁၅ ပေ၊ မြင်းစီး ရုပ်တု ၁၈ ပေ စုစုပေါင်း အနိမ့်ဆုံးအမြင့် ၃၃ ပေနဲ့ တည်ဆောက်မယ်လို့ ဗိသုကာပညာရှင်တွေက တွက်ချက်ထားပါတယ်။ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ရဲ့ မြင်းခေါင်းက အရှေ့ဘက် ပျဉ်းမနားဘက်၊ မြင်းရဲ့အမြီးပိုင်းက အနောက်ဘက် တောင်ညို ဘက်ဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ မျက်နှာက တောင်ဘက်လှည့်မှာ ဖြစ်ပါတယ်။ ကြေးပိဿာချိန် ၇ တန်လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

အခုအောက်ခံ အုတ်ခုံတည်ဆောက်ဖို့အတွက် မြေပြင်ရှင်းလင်းခြင်းလုပ်ငန်း တွေကို အောက်တိုဘာ ၈ ရက်ကစပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေပါပြီ။ ပြီးရင် Soil Test စမ်းသပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လာမယ့် လမှာ အောက်ခံအုတ်ခုံ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မှာ ဖြစ်ပြီးတော့ သင့်တော်တဲ့ ကုမ္ပဏီတစ်ခုကို လုပ်ငန်းအပ်နှံသွားမှာ ဖြစ်ပါတယ်။ အောက်ခံ အုတ်ခုံကလည်း အရေးကြီးပါတယ်။ ကြေး တန်ချိန် ၇ တန်ကို ထိန်းထားနိုင်မယ့် အောက်ခံခုံဖြစ်ဖို့ လိုတဲ့အတွက် ဗိသုကာပညာရှင်တွေနဲ့ စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကြေးသွန်းရုပ်တု သွန်းလောင်းဖို့ အတွက်ကလည်း နောက်ဆုံးအဆင့် ရောက်ရှိနေပါပြီ။ ကြေးသွန်းလောင်းပြီး နေပြည်တော်ကို သယ်ယူမယ်။ ဗိုလ်ချုပ်မွေးနေ့မတိုင်မီ လုပ်ငန်းအားလုံးပြီးစီးဖို့ ဆောင်ရွက်နေပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်မယ့် သပြေကုန်းအဝိုင်းက ယာဉ်အသွားအလာများတယ်၊ ရုံးတက် ရုံးဆင်းချိန်ဆို ပိုများတယ်။ ဒီအတွက် ယာဉ်အသွားအလာ အဆင်ပြေအောင်၊ အန္တရာယ်မဖြစ်အောင် တည်ဆောက်ရေး လုပ်ငန်းချိန်ကို အများပြည်သူ အသုံးမပြုတဲ့အချိန်နဲ့ ချိန်ပြီး ဆောင်ရွက်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အတွက် လက်ရှိအချိန် အထိ ယာဉ်အသွားအလာတွေလည်း အဆင်ပြေနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် သယ်လာမယ့် အချိန်ကလည်း အရေးကြီးပါတယ်။ ဒီအချိန်မှာလည်း ယာဉ်အသွားအလာ အဆင်ပြေအောင်၊ လုပ်ငန်းခွင် အဆင်ပြေအောင် အားလုံးစီစဉ် ဆောင်ရွက်ထားပါတယ်။

ဒေါက်တာဦးမြင့်စံ၊ ပန်းပုပညာဌာန၊ ပါမောက္ခ(အငြိမ်းစား)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးသွန်းရုပ်တုကို ပြုလုပ်ရာမှာ ပထမဆုံး ပုံစံငယ်ထုတ်လုပ်တဲ့လုပ်ငန်းကို စတင်ရပါတယ်။ မြေပြင်တိုင်းတာတာ၊ ရုပ်တု အရွယ်အစား သတ်မှတ်တာ၊ ပန်းချီပုံစံငယ်တွေကို တင်ပြပြီး အတည်ပြုချက်ရယူတာတွေနဲ့ စကေးကိုက်ပုံစံ ငယ်ထုလုပ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပြီး ဗိုလ်ချုပ် မြင်းစီးကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီထံက အတည်ပြုချက် ရယူပါတယ်။

ဒုတိယလုပ်ငန်းစဉ်အနေနဲ့ ရွှံ့ရုပ်တု ပုံစံကြီးထုလုပ်ဖို့အတွက် စကေးကိုက် သံအမာတွေ တည်ဆောက်တယ်။ ရွှံ့စေးတွေ ထည့်သွင်းအချောကိုင်ထုလုပ်ပြီး ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီ နာယကတွေနဲ့ ကော်မတီဝင် လူကြီးတွေရဲ့ အတည်ပြုချက်ရယူတာတွေ ဆောင်ရွက်ရပါတယ်။

တတိယလုပ်ငန်းစဉ်မှာတော့ အတည် ပြုပြီး ရွှံ့ပုံကို ကြေးသွန်းလောင်းတာ ပြုလုပ်နိုင်ဖို့အတွက် ပလာစတာပုံ ရယူတယ်။ သံပုံစံခွက်တွေ ပြုလုပ်ပြီး ကြေးသွန်းလောင်းတာတွေ ပြုလုပ်ရပါတယ်။ လက်ရှိမှာတော့ ကြေးသွန်းလောင်းတဲ့ လုပ်ငန်းစဉ် အဆင့်ကို ရောက်ရှိနေပါပြီ။

စတုတ္ထလုပ်ငန်းစဉ်မှာတော့ ကြေးသွန်းလောင်းထည်တွေကို ဆက်တာ၊ အတွင်း အမာခံထည့်သွင်းတာ၊ အချောကိုင်တာ၊ ထားရှိမယ့်နေရာမှာ လုပ်ငန်းအပြီး သတ်တပ်ဆင်တာတွေ ပြုလုပ်ရပါတယ်။ ၁၈ ပေ အမြင့်ရှိတဲ့ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်တုတစ်ခု တည်ဆောက်နိုင်ဖို့ အဲဒီလို လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် ပြုလုပ်တည်ဆောက်ရ ပါတယ်။ ရုပ်တု သွန်းလောင်းဖို့ အချိန် ၁၇ လကြာမြင့်မယ်လို့ ခန့်မှန်းပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နိုင်ငံ့ ခေါင်း ဆောင်တစ်ဦးရဲ့ ဥပဓိရုပ်ပေါ်လွင်စေဖို့နဲ့ ဗိုလ်ချုပ်ရဲ့ ပုံတူမှုကိုလည်း အနီးစပ်ဆုံးပုံ တူအောင် ထုလုပ်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို အကောင်းဆုံးဖြစ်အောင် ရှေ့က ဆောင်ရွက် သွားကြတဲ့ ဆရာကြီးတွေရဲ့ ထုလုပ်ပြီးစီးခဲ့တဲ့ ရုပ်တုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး ကျွန်တော် သိရှိတတ်ကျွမ်းတဲ့ ပညာနဲ့ အကောင်းဆုံး ထုလုပ်ပုံဖော်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြီးဆုံး ကြေးသွန်းရုပ်တုကို ထုလုပ်ခွင့်ရအောင် တာဝန်ပေးအပ်တဲ့ နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီ နာယကတွေနဲ့ အဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တတ်ကျွမ်းတဲ့ ပန်းပုပညာ၊ ကြေးသွန်းပညာတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု လုပ်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။

ဦးကျော်မင်းထွန်း၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီနှင့် တည်ဆောက်ရေးဆပ်ကော်မတီအဖွဲ့ဝင်

ကျွန်တော်က ဆပ်ကော်မတီမှာလည်း ပါဝင်သလို ကိုယ်တိုင်ပါဝင် လှူဒါန်းတာလည်း ရှိပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်တွေကတော့ တစ်နိုင်ငံလုံးမှာ ထုလုပ်နေကြတာ ဖြစ်ပါတယ်။ အခု နေပြည်တော် သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် တည်ဆောက်မယ်ဆိုတော့ ကျွန်တော်တို့ စိုးလျှပ်စစ် ဖောင်ဒေးရှင်းအနေနဲ့လည်း ဝင်ရောက်လှူဒါန်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါဝင်လှူဒါန်းဖြစ်တဲ့ အကြောင်းရင်းရှိပါတယ်။ ရုပ်တုဆိုတာက သက်ရှိထင်ရှား မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံတော်က ဘာလို့စိုက်ထူတယ်။ ကျွန်တော်တို့တွေကလည်း ဘာကြောင့် ပါဝင်လှူဒါန်းတယ်ဆိုတဲ့ အကြောင်းရှိပါတယ်။ အဓိကကတော့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ပါပဲ။

တိုင်းပြည်သူ့ကျွန်ဘဝက လွတ်မြောက်အောင်၊ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာချစ်တဲ့ စိတ်ဓာတ်တွေကို နောင်လာနောက်သားတွေရော၊ လက်ရှိပြည်သူတွေပါ အားကျ အတုယူပြီး ဗိုလ်ချုပ်စိတ်ဓာတ်အတိုင်း မျိုးဆက်သစ် လူငယ်တွေ ကျင့်ကြံလိုက်နာ အောင်ဆိုပြီး နိုင်ငံတော်က တည်ဆောက် စိုက်ထူတာ ဖြစ်ပါတယ်။

စိုးလျှပ်စစ်ဖောင်ဒေးရှင်း အနေနဲ့လည်း တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ အခုလို စိုက်ထူမယ်ဆိုတာ သိတော့ ကျွန်တော်တို့ကလည်း ထရန်စဖော်မာတွေ ထုတ်လုပ်တယ်။ ထရန်စဖော်မာမှာ အဓိက ကုန်ကြမ်းက လေးမျိုးရှိတယ်။ ဆီလီကွန်စတီး၊ ကြေး၊ ထရန် စဖော်မာပိုင်းနဲ့ သူ့ရဲ့ ဆက်စပ်ပစ္စည်းတွေ ဆိုပြီး ရှိပါတယ်။ ဗိုလ်ချုပ် မြင်းစီးရုပ်တုကလည်း ကြေးနဲ့ သွန်းလုပ်မှာဆိုတော့ ကျွန်တော်တို့ ထရန်စဖော်မာမှာ သုံးနေတဲ့ ကြေးရဲ့အရည်အသွေးက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ကြေးပါဝင်တာဆိုတော့ လေဟာနယ်ထဲမှာထားလည်း ကြေးနီတက်တာ၊ အရောင်တွေ ပြောင်းသွားတာတွေ မရှိဘူး။ ရုပ်တုထု လုပ်တဲ့နေရာမှာ သုံးတာ အကောင်းဆုံးပါပဲ။ အဲဒါကြောင့် လှူဒါန်းတာ ဖြစ်ပါတယ်။

လိုအပ်တာက ကြေးတန်ချိန် ခုနစ်တန် ဖြစ်ပါတယ်။ အဲဒီလို တန်ချိန်ကိုရဖို့ ဈေးကွက်ထဲမှာ လိုက်ဝယ်ပြီး စုစည်းရမယ်ဆိုရင် အရည်အသွေးက မညီနိုင်ဘူး။ ကြေးကောင်းမှလည်း သွန်းလုပ်ရာမှာ ပီပီပြင်ပြင်နဲ့ ပေါ်မယ်။ အချိုးအစားလည်း ကျမယ်၊ ရေရှည်လည်း ခံမှာဖြစ်တဲ့အတွက် အဓိကကျတဲ့ကြေးကို စိုးဖောင်ဒေးရှင်းအနေနဲ့ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ ကာလ ပေါက်ဈေးက တစ်တန်ကို ကျပ်သိန်း ၇၀ နဲ့ ၈၀ ကြား ရှိပါတယ်။ အားလုံးပေါင်း သိန်း ၅၀ဝ ဝန်းကျင်လောက် လှူဒါန်း လိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်က ခန့်မှန်းတန်ဖိုး သိန်း ၂၅၀ဝ လောက်ကုန်ကျမှာဖြစ်တဲ့အတွက် တစ် ယောက်တစ်လက်၊ စည်းစည်းလုံးလုံးနဲ့ အားလုံးဝိုင်းဝန်းလိုက်မယ်ဆိုရင် အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းပြောကြား လိုပါတယ်။    ။