နေပြည်တော်  မြို့တွင်းသုံးအငှားယာဉ်များနေရာတွင် မီနီအိုးဝေ (ခေါ်) သုံးဘီးယာဉ်ငယ်များ နေရာယူ ပြေးဆွဲ၍ အဆင်ပြေနေ

နေပြည်တော် ၂၁ ဇန်နဝါရီ

 

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာရပ်ကွက်များမှ နေပြည်တော် မြို့မဈေးကြီး၊ သပြေကုန်းဈေးတို့အပြင် ခုတင် (၁၀ဝဝ) ဆေးရုံကြီးနှင့် ပုဂ္ဂလိကပိုင်ဆေးရုံ ဆေးခန်းများ၊ ဌာနဆိုင်ရာရုံးများသို့ မြို့တွင်းခရီးတို သွားလာရသည့်အခါ ယခင်က အငှားမော်တော်ယာဉ်၊ (သို့မဟုတ်) ဆိုင်ကယ်ကယ်ရီများကို ငှားရမ်းခဲ့ကြသည်။ ယခုအခါ ပုဂ္ဂလိကပိုင် ကုမ္ပဏီများက လက်ငင်းငွေချေ ဝယ်ယူနိုင်သလို အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်သည့် မန္တလေးအခေါ် မီနီအိုးဝေ သုံးဘီးများကို ရောင်းချပေးနေခြင်းကြောင့် ဝယ်ယူပြေးဆွဲသူအနေဖြင့် အဆင်ပြေရုံသာမက ငှားရမ်းစီးနင်းသူများအတွက်ပါ လုံခြုံမှုအတန်အသင့်ရှိပြီး ငွေကြေးလည်းသက်သာ ခရီးလည်း ရောက်သဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အရင်က မြို့မဈေးကားဂိတ်တို့၊ သပြေကုန်းတို့၊ ဆေးရုံကြီးတို့သွားရင် တက္ကစီကားခ ငွေကျပ် ၃၀ဝဝ မှ ၄၀ဝဝ ဝန်းကျင်ပေးရတယ်။ ဆိုင်ကယ်ကယ်ရီကျတော့ နှစ်ယောက်သုံးယောက် သွားမယ်ဆို အဆင်မပြေဘူး။ အခုသုံးဘီး တွေကျတော့ ငွေကုန်ကျမှုလည်း သက်သာတယ်၊ ဝန်ထမ်းရပ်ကွက်ထဲကနေ မြို့မဈေး၊ သပြေကုန်း၊ ဆေးရုံကြီး တို့ဆိုရင် ငွေ ၁၅၀၀၊ ၂၀၀၀ လောက်နဲ့ သုံးယောက် စီးလို့ရတဲ့အတွက် သွားလာရေး အဆင်ပြေသွားတယ် ဟု ဝန်ထမ်းတစ်ဦးက ပြောပြသည်။

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နေ  သုံးဘီးမောင်းသူ ကိုညွန့်နိုင်ဦးကလည်း “ကျွန်တော်တို့ နံပါတ်အနီရပြီးတဲ့ သုံးဘီးတွေအနေနဲ့ တစ်နေ့ကို ငွေကျပ် ၃၀၀ မထသ ကို ပေးသွင်းရတယ်၊ ဒီတော့ ကျွန်တော်တို့ ဖြစ်စေချင်တာ တစ်ခုက စနစ်တကျနဲ့ ကြီးကြပ်တာဝန်ယူ ဆောင်ရွက်မယ့် အဖွဲ့အစည်းလိုတယ်၊ ဂိတ်တစ်ခု သတ်မှတ်ပေးထားပြီး ကြီးကြပ်ကွပ်ကဲစေချင်တယ်၊ ဒါမှခရီးသည် ဝန်ထမ်းတွေကော ကျွန်တော်တို့အတွက်ပါ အကြောင်းတစ်ခုခုရှိရင် တာဝန်ယူမှု၊ တာဝန်ခံမှု လုံခြုံမှု ရရှိနိုင်မှာဖြစ်ပါတယ်၊ လက်ရှိအခက်အခဲ တစ်ခုအနေနဲ့ ပြောရရင် တက္ကစီယာဉ်တွေ ဆိုင်ကယ်ကယ်ရီတွေက ကျွန်တော်တို့ကို ဒီနေရာ လာမဆွဲရဘူး၊ ဟိုနေရာမှာ မဆွဲရဘူး ပြောဆို အော်ငေါက်တာတွေ ခံနေရတယ်၊ လက်ရှိမီနီအိုးဝေ သုံးဘီး လက်ငင်းငွေချေစနစ်နဲ့ တစ်စီး ငွေကျပ် ၄၈၀ဝဝဝဝ (လေးဆယ့်ရှစ်သိန်း တိတိ) ဝယ်ယူရတဲ့ ဈေးနှုန်းက များနေပါတယ်၊ တစ်နေ့ကို ဆီဖိုး နုတ်အပြီး ငွေနှစ်သောင်း၊ နှစ်သောင်းခွဲလောက် ကိုယ့်အတွက် ကျန်လို့အဆင်ပြေပါတယ် ဟု ပြောသည်။

 

ယခုအခါ နေပြည်တော် မြို့မဈေးကားဂိတ်ရှိ အငှားမော်တော်ယာဉ်အများစုသည် နံပါတ်အနက်များသာ ဖြစ်ပြီး မြို့တွင်းသုံး ငှားရမ်းမှုမှာ သိသိသာသာ လျော့နည်းသွား၍ နယ်ခရီးဝေး ငှားရမ်းမှုများဖြင့်သာ အဓိကရပ်တည် နေရကြောင်း သိရသည်။

 

ကိုပေါက် (ဥက္ကာမြေ)