နေပြည်တော် လယ်ဝေးမြို့တွင် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကျင်းပ

လယ်ဝေး ၁၅ မေ 

1


နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော် (၂)ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့ရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ ရွှေပါရမီတောရဆရာတော်  အရှင်ဆန္ဒာဓိက က ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်သည်။

 

22


ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်သို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် တရားချစ်ခင်သူတော်စင် အပေါင်းတို့က တရားတော်ကို ရိုသေစွာနာယူကြည်ညိုကြသည်။ ဓမ္မသဘင်ပွဲအပြီးတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူမျာက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

3


စကျင်ဗုဒ္ဓရုပ်ပွားတော်(၂)ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့-ပျဉ်းမနားမြို့မှတဆင့် လယ်ဝေးမြို့သို့ ပင့်ဆောင်ပူဇော်ရာ လမ်းဘေးဝဲယာတွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက ဖူးမြော်ကြည်ညိုကာ စေတီတော်တည်ထားကိုးကွယ်ရေးအတွက် အလှူငွေများ လှူဒါန်းကြသည်။
ထို့နောက် လယ်ဝေးမြို့သို့ ရောက်ရှိရာ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက ဖူးမြော်ကြည်ညိုကြပြီး အပူဇော်ခံထားရှိမည့် သီရိမင်္ဂလာခန်းမရှိ မင်္ဂလာမဏ္ဍပ်သို့ ပင့်ဆောင်ကြသည်။

မေ ၁၆ ရက် နံနက်ပိုင်းတွင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား လယ်ဝေးမြို့မှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်၍ ပူဇော်ခံသွားမည်ဖြစ်ပြီး ညပိုင်းတွင် ဆရာတော်အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေးတရားတော်အား ဥပ္ပါတသန္တိစေတီတော်ရင်ပြင်တွင် ဟောကြားချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

(သတင်းနှင့်ဓာတ်ပုံ-ဟန်လင်းနိုင်၊ဝေကြည်စန်းအောင်)