နေပြည်တော်၊ မတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် နေပန် လပန် စနစ်ကျ လယ်ယာမြေအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နေပြည်တော် စနစ်ကျလယ်ယာမြေ ဖော်ထုတ် ဧရိယာများတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းဆွေးနွေးကြသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမြေ တစ်ဧကချင်း၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေကြေးများ အသုံးပြု၍ ဒေသအလိုက် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးလျက်ရှိကြောင်း၊ မူလသမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုထက် သီးနှံအထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများက မျိုး ၊မြေ၊ ရေနှင့် နည်းပညာလိုအပ်ချက်များကို အနီးကပ် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးနှံပုံစံအလိုက် ပန်းတိုင်အထွက်ရရှိစေရန် မြေဆီလွှာ စမ်းသပ်စစ်ဆေးပေးခြင်း၊ သွင်းအားစုမြေဩဇာ ထောက်ခံချက်ပေးခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာများကို ဆိုင်ရာပညာရှင်များစုဖွဲ့၍ အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ်ပတ်လည် စိုက်ပျိုးမှု သိသိသာသာ တိုးတက်လာစေရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ပညာရှင်အရင်းအမြစ်ပြည့်စုံသည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စိုက်ပျိုးမြေများအားလုံး၏ သီးနှံများ ဖြစ်ထွန်းအောင်မြင်မှုနှင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ တောင်သူများအား စံနမူနာပေးနိုင်သည်အထိ ကြိုးပမ်းသွားကြ စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ကွင်းဆင်းကြီးကြပ် ပညာပေးဝန်ထမ်းများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ဦးစီးဌာနများက ဟန်ချက်ညီ ပံ့ပိုးကူညီသွားကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပန်လပန် စနစ်ကျလယ် ယာမြေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြပြီး တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်းဆွေးနွေးကြသည်။
နေပန်လပန် စနစ်ကျလယ်ယာမြေတွင် နွေစပါးများ စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နည်းပညာပေးခြင်း၊ စိုက်ဧကအလိုက် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်ကို မျိုးကွဲအလိုက် သတ်မှတ်ခြင်း၊ စိုက်ပျိုးမည့် သီးနှံမျိုးကောင်း မျိုးသန့်များ ရရှိရေး၊ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရန်နှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရန် အကြံပြု ထောက်ခံချက်ပေးခြင်း၊ စိုက်ပျိုးရေစနစ်တကျ အသုံးပြုနိုင်စေရန် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခြင်း အပါအဝင် စိုက်ပျိုးနည်းပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်