ပဲခူး မတ် ၇
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်၍ မိုးသက်လေပြင်းကျခြင်း၊ မီးဘေးအန္တရာယ်နှင့် ရေရှားပါးခြင်းစသော သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ ထို့အတူ နွေစပါးစိုက်ပျိုးရာသီ ရောက်ရှိနေပြီဖြစ်၍ နွေစပါးအောင်ရေရရှိစေရေးကို အထူးကိစ္စရပ် တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက်ကိုင်းမြေများ၊ မြေနုကျွန်းမြေများ ရှာဖွေဖော်ထုတ်၍ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေကြာစိုက်တောင်သူများအတွက် သွင်းအားစုသဘာဝမြေဩဇာ၊ မျိုးကောင်းမျိုးသန့်နှင့် စိုက်နည်းစနစ်များအား ထောက်ပံ့ပေးနိုင်ရေး ကြိုတင်စီစဉ်ထားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်အကြံပြု တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


