နှစ်သောင်းတန် ငွေစက္ကူကို အမှတ်တရအနေနဲ့ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းများနေရာမှာ အစားထိုးလဲလှယ်ပေးခြင်းဖြစ်တဲ့အတွက် ငွေစက္ကူထုတ်ဝေခြင်းကြောင့်တော့ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ပါဘူး

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် အား သွားရောက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ရာ ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်-
မေး    ။    ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ရခြင်း ရည်ရွယ်ချက်ကို သိရှိလိုပါတယ်။

ဖြေ    ။    ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပမှုကို ပြသဖို့၊ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့၊ တိုင်းပြည်နဲ့ ကမ္ဘာကြီးအေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ် တည်ဆောက်ထားတဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ မွေးဖွားသန့်စင်တဲ့ ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက” ရဲ့ တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရည်ရွယ်ပြီး ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။

မေး    ။    ။    ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ဘယ်လို ထုတ်ပေးမယ်ဆိုတာကို ဖြေကြားပေးစေလိုပါတယ်။

ဖြေ    ။     ။    ကျွန်တော်တို့က “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်၊ ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက” ရဲ့ တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရည်ရွယ်ထုတ်ထားခြင်းဖြစ်လို့ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး သတင်းထုတ်ပြန် ချက်မှာပါတဲ့အတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနဲ့ မန္တလေးဘဏ်ခွဲတွေမှာ ဟောင်းနွမ်းငွေစက္ကူတွေကို လာရောက်လဲလှယ်တဲ့အခါ အမှတ်တရအနေနဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူ ၃ ရွက်ခန့်ကို ထည့်သွင်းပြီး တန်ဖိုးတူ ပြန်လည်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

မေး    ။     ။    အထိမ်းအမှတ်အဖြစ် ငွေကြေးထုတ်ဝေခြင်းကို အခြားသော နိုင်ငံများမှာ ထုတ်လေ့ရှိပါသလား။

ဖြေ    ။     ။    ဒီလိုအထိမ်းအမှတ် ငွေစက္ကူနဲ့ ဒင်္ဂါး (Commemorative Notes and Coins) များကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ အထိမ်းအမှတ်ပွဲတွေ၊ အမှတ်တရဖြစ်မယ့် အရာတွေအတွက် အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေလေ့ရှိကြပါတယ်။ ဥပမာ အားဖြင့် ကာတာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ဖလား အထိမ်းအမှတ်အဖြစ် ကာတာရီရိုင်ယယ် ၇၅ တန်ဖိုးရှိတဲ့ ငွေစက္ကူကို ထုတ်ဝေခဲ့ပါတယ်။ ပိုလန်နိုင်ငံရဲ့ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်ဖြစ်သူ Nicolaus Copernicus မွေးဖွားခြင်း နှစ်(၅၅၀)ပြည့်မြောက် အထိမ်းအမှတ်အဖြစ် ဇိုတီ ၂၀ တန်ဖိုးရှိတဲ့ ငွေစက္ကူကို ၉-၂-၂၀၂၃ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီလိုပဲ ပါကစ္စတန် နိုင်ငံတော်ဘဏ် တည်ထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ်အနေနဲ့ ရူပီး ၇၅ တန်ဖိုးရှိတဲ့ ငွေစက္ကူကို ၁-၇-၂၀၂၃ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။ အလားတူ ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက ခရစ်ယာန် ဘာသာရောက်ရှိတဲ့ နှစ် (၅၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ပီဆို ၅၀၀၀ ကို ထုတ်ဝေခဲ့ပါတယ်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်မှာ အင်ဒိုနီးရှားနိုင်ငံက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အင်ဒိုနီးရှား ရူပီယား ၇၅၀၀၀ တန်ဖိုးရှိတဲ့ ငွေစက္ကူတွေကိုလည်း အမှတ်တရအနေနဲ့ ထုတ်ဝေခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။

မေး    ။     ။    ဒီလို ၂၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များကို လဲလှယ်ထုတ်ပေးခြင်းက ငွေကြေးဖောင်းပွမှုကို ဖြစ်စေပါသလား။

ဖြေ    ။     ။    မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေဖို့နဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်စေဖို့အတွက် ဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးမူဝါဒရှိပါတယ်။ ဒါကတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုမိုအထောက်အကူဖြစ်စေဖို့နဲ့ နှစ်စဉ်လျာထားတဲ့ အမျိုးသားပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နဲ့အညီ ငွေကြေးစနစ်အတွင်း ထားရှိသင့်တဲ့ သီးသန့်ငွေကြေးပမာဏကို တွက်ချက်ပြီး သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေဖို့ ဆောင်ရွက်တဲ့ ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက် နိုင်ဖို့အတွက် ဘဏ်အတိုးနှုန်း မြှင့်တင်ခြင်းထက် စီးပွားရေးစနစ်အတွင်း ထားရှိသင့်တဲ့ သီးသန့် ငွေကြေးပမာဏကို အတိုး/ အလျှော့ ပြုလုပ်နိုင်တဲ့ ဘဏ်များက ဗဟိုဘဏ်မှာ ထားရှိရမယ့် သီးသန့်ငွေကြေးပမာဏအချိုး (Reserve Requirement Ratio) မြှင့်တင်ခြင်း/ လျှော့ချခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ 

နိုင်ငံရဲ့ စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေးပမာဏကို နှစ်စဉ်စဉ်ဆက်မပြတ် စောင့်ကြည့် စိစစ်လျက်ရှိပြီး ရည်မှန်းချက်ပမာဏ အတွင်းတွင် သာရှိစေဖို့ ဒီပမာဏကို နုတ်သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အတန်အသင့် တင်းကျပ်တဲ့ငွေကြေးမူဝါဒကို ကျင့်သုံးလျက်ရှိပါတယ်။ အလားတူ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို နီးကပ်စွာ ကြီးကြပ်စစ်ဆေးခြင်း၊ ထိန်းကျောင်းပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အမျိုးသားငွေပေးချေမှု မဟာဗျူဟာနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ 

ဒါ့ကြောင့် ပြောပြခဲ့တဲ့ ငွေကြေးမူဝါဒ နည်းလမ်းတွေ၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်စေဖို့ နည်းလမ်းတွေနဲ့ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု တိုးတက်စေဖို့ ဆောင်ရွက်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးစနစ် အတွင်းမှာရှိတဲ့ ဘဏ်တွေမှာ အပ်နှံငွေတွေ တိုးတက်လျက်ရှိသလို စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကိုလည်း တိုးတက်ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံ့စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circul) တွေ လျော့နည်းကျဆင်းကြောင်းကိုလည်း တွေ့ရပါတယ်။ (Currency in Circul) အတိုးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့တဲ့နေရာက ၂၀၂၂ ခုနှစ်မှာ ၂၉ ရာခိုင်နှုန်းကို လျော့ကျခဲ့တယ်။ ၂၀၂၃ မေလမှာ ၁၁ ရာခိုင်နှုန်းကို ကျဆင်းခဲ့တာတွေ့ရပါတယ်။

ဒါကြောင့် ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူကို အမှတ်တရအနေနဲ့ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းတွေနေရာမှာ အစားထိုးလဲလှယ်ပေးခြင်း ဖြစ်တဲ့အတွက် ယခုလို အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကြောင့်တော့ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ ငွေကြေးဖောင်းပွမှုမဖြစ်စေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စောင့်ကြည့်လျက်ရှိပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ နေ့စဉ်နိုင်ငံခြားငွေ စီးဝင်မှု/စီးထွက်မှုကို နီးကပ်စွာ စောင့်ကြည့်စိစစ်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက်တွေရှိလာရင် Financing ပေးခြင်း၊ ရောင်းချပေးခြင်းနဲ့ နိုင်ငံခြားငွေဝယ်ယူထိန်းသိမ်းထားတဲ့ ဘဏ်တွေကို နိုင်ငံခြားငွေလိုအပ်တဲ့ သွင်းကုန်တင်သွင်းသူတွေနဲ့ စီးပွားရေးလုပ်ငန်းများကို ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ 

ဒီအခြေအနေမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျတည်ငြိမ်နေကြောင်းကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ဦးစီးဆောင်ရွက်လျက်ရှိတဲ့ ဘဏ်များအကြား Online နိုင်ငံခြားငွေကြေး ဈေးကွက်မှာ တည်ငြိမ်နေတာကို တွေ့ပါတယ်။ Online နိုင်ငံခြား ငွေကြေး ဈေးကွက်ဖြစ်ပေါ်နေတဲ့ Exchange Rate ကိုကြည့်ရင် တည်ငြိမ်နေတာ တွေ့ရပါတယ်။ လိုအပ်တဲ့နိုင်ငံခြား ငွေကြေးဈေးကွက်မှာ သွင်းကုန် တင်သွင်းသူတွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရယူတဲ့သူတွေကိုလည်း ကျွန်တော်တို့က ဖြည့်ဆည်းပေးနိုင်တယ်။ လိုအပ်တဲ့ သွင်းကုန်တွေကိုလည်း သွင်းပေးနိုင်တာ တွေ့ရပါတယ်။ 

မေး    ။     ။    အခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကို အကြောင်းပြုပြီး ကုန်စည်ဈေးနှုန်းကစားပြီး မဟုတ်မမှန်တဲ့ နည်းလမ်းနဲ့ အကျိုးအမြတ်ရယူခြင်းတွေ ဆောင်ရွက်နေတာကို ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာ သိလိုပါတယ်။

ဖြေ    ။     ။    အခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းက နိုင်ငံစီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation - CiC) အတွင်းကို ထည့်သွင်းခြင်းမဟုတ်ပါဘူး။ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာ- လူတစ်ယောက်က ငွေစက္ကူအဟောင်း ငွေကျပ်သိန်း ၁၀၀ လာရောက်လဲလှယ်သူကို ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးပါတယ်။ အဲဒီလိုပြန်ပေး တဲ့အခါမှာ အမှတ်တရအဖြစ် ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူ ၃ ရွက်သာ ထည့်သွင်းလဲလှယ်ပေးမှာ ဖြစ်ပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ငွေအဟောင်းလဲတဲ့သူက ငွေကျပ်နှစ်သောင်းတန်ငွေစက္ကူ အသစ်လိုချင်ပါတယ်လို့ ပြောမှသာ ထည့်သွင်းလဲပေးမှာ ဖြစ်ပါတယ်။ တောင်းခံမှုမရှိဘူးဆိုရင် ငွေစက္ကူ အဟောင်းကိုသာ ငွေစက္ကူအသစ်နဲ့ လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုလဲလှယ်ထားတဲ့ ဟောင်းနွမ်း ငွေစက္ကူတွေကို ဖျက်ဆီးမယ့် ငွေစက္ကူစာရင်းထဲ ထည့်ပါတယ်။ အဲဒီလိုထည့်ပြီးတော့ ငွေစက္ကူတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ 

ဒါကြောင့် ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေ ထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်မှုအခြေအနေမရှိပါဘူးလို့ ပြောလိုပါတယ်။ ဒီအခြေအနေမှာ အကြောင်းအမျိုးမျိုးပြပြီး ကုန်စည်ဈေးနှုန်းကို ဆွဲတင်ဖို့လှုံ့ဆော်နေသူတွေ၊ နိုင်ငံခြားငွေလဲလှယ် နှုန်းမြင့်တက်စေဖို့ ဆောင်ရွက်နေသူတွေအနေနဲ့ အများပြည်သူအကျိုးအတွက် ဒီလိုမလုပ်သင့်ကြောင်းနဲ့ ပြည်သူအများရဲ့ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် မဆောင်ရွက်သင့်ပါဘူး၊ အဲဒီလို မလုပ်ကြဖို့လည်း ကျွန်တော်တို့က မေတ္တာရပ်ခံပြောကြားလိုပါတယ်။ 

မေး    ။     ။    ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်မှာ ထုတ်ဝေသွားမယ်လို့ သိရပါတယ်။ ဘဏ်မှာ ဘယ်အချိန်ကစတင်ပြီး လာရောက်လဲလို့ရနိုင်မလဲ။ အများပြည်သူ လဲလို့ရအောင် စီမံဆောင်ရွက်ထားတာမျိုးရောရှိလား။

ဖြေ    ။     ။    ဆင်ဖြူတော်ရုပ်ပုံပါတဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို အထိမ်းအမှတ် အဖြစ် ဇူလိုင် ၃၁ ရက်မှာ ထုတ်ဝေမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များမှာရှိတဲ့ ငွေလဲကောင်တာတွေမှာ ဇူလိုင် ၃၁ ရက်ကစပြီး ရုံးဖွင့်ရက်တွေမှာ လာရောက် လဲလှယ်နိုင်ပါတယ်။ ဒါပေမယ့် ဟောင်းနွမ်းငွေစက္ကူ တွေ လာရောက်လဲလှယ်လိုတဲ့ လူပုဂ္ဂိုလ်တွေကိုသာလျှင် အမှတ်တရသိမ်းဆည်းထားနိုင်ဖို့ အများဆုံး ၃ ရွက်ခန့်သာ ထုတ်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဟောင်းနွမ်းစုတ်ပြဲ မဟုတ်ဘဲနဲ့ သာမန်ငွေစက္ကူ အသစ်နဲ့ လာရောက်လဲလှယ်မှုကိုတော့ လက်ခံလဲလှယ်ပေးမှာမဟုတ်ပါဘူး။ ဟောင်းနွမ်းငွေစက္ကူကိုသာလျှင် သင့်တဲ့တန်ဖိုးကို လဲလှယ်ပေးမှာဖြစ်ပါတယ်။ 

မေး    ။    ။    အများပြည်သူက ဗဟိုဘဏ်ငွေလဲကောင်တာတွေကို ဟောင်းနွမ်းငွေစက္ကူတွေ လာရောက်လဲလှယ်တဲ့အခါ လိုအပ်တဲ့အထောက်အထားတွေနဲ့ သတ်မှတ်ချက်တွေရှိရင် ရှင်းလင်းပြောကြားပေးစေလိုပါတယ်။

ဖြေ    ။     ။    ပြည်သူတွေအနေနဲ့ ဟောင်းနွမ်းစက္ကူတွေ လာရောက်လဲလှယ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြားယူဆောင်လာဖို့ လိုအပ်မှာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးကို ဟောင်းနွမ်းငွေစက္ကူရွက်ရေ(၅၀၀)အထိ ကောင်တာဖွင့်လှစ်ချိန်အတွင်း လက်ခံလဲလှယ်ပေးသွားမှာဖြစ်ပါတယ်။ ပိုရှင်းလင်းအောင်ပြောရရင် ပြည်သူတွေအတွင်း လှည့်လည်သုံးစွဲနေတဲ့ ဟောင်းနွမ်းငွေစက္ကူ အများကြီးရှိပါတယ်။ အဲဒီဟောင်းနွမ်းငွေစက္ကူတွေကို နီးစပ်တဲ့ဘဏ်တွေမှာ ကောင်းမွန်တဲ့ ငွေစက္ကူများနဲ့ လဲလှယ်နိုင်ပါတယ်။ အဲဒီဟောင်းနွမ်းငွေစက္ကူတွေ လဲလှယ်တဲ့အခါမှာ ကျွန်တော်တို့ဗဟိုဘဏ်ကို လာရောက်လဲလှယ်တဲ့လူတွေကို အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်အနေနဲ့ အများဆုံး ၃ ရွက်လောက်သာ ထည့်သွင်းလဲလှယ်ပေးမှာ ဖြစ်ပါတယ်။ 

မေး    ။    ။    ဟောင်းနွမ်းငွေစက္ကူတွေကို လဲလှယ်ပေးရာမှာ တန်ဖိုးတူလဲလှယ်ပေးခြင်းနဲ့ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ တန်ဖိုးတူ လဲလှယ်ပေးခြင်းဆိုတာ ဘယ်လိုလဲဆိုတာကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ    ။     ။    တန်ဖိုးတူ လဲလှယ်ပေးတယ်ဆိုတာက အများပြည်သူတွေက ကျွန်တော်တို့ဆီ လာရောက်လဲလှယ်တဲ့ ဟောင်းနွမ်းငွေစက္ကူတွေကိုရွက်ရေတန်ဖိုး (အရွက်ရဲ့တန်ဖိုး) အလိုက် လဲလှယ်ပေးခြင်း မဟုတ်ပါဘူး။ လဲလှယ်တဲ့ငွေစက္ကူ စုစုပေါင်းရဲ့ပမာဏတန်ဖိုးကို သူနဲ့သင့်တော်တဲ့ အခြားသော ငွေစက္ကူ အမျိုးအစားနဲ့ လဲလှယ်ပေးခြင်း ဖြစ်ပါတယ်။ 

မေး    ။     ။    လက်ရှိလှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ ငွေအကြွေ တွေကရော တရားဝင်ငွေကြေးအဖြစ် ဆက်ရှိနေဦးမှာလား။

ဖြေ    ။     ။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပုဒ်မ ၃၆-င မှာ နိုင်ငံတော်သည် တရားဝင်ထုတ်ထားသော ငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလှည့်လည် သုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ ငွေအကြွေတွေဟာ တရားဝင်ငွေကြေးအဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်တယ်။

မေး    ။     ။    ဆရာ့အနေနဲ့ ငွေကျပ်နှစ်သောင်းတန် ထုတ်ဝေခြင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးစေချင်ပါတယ်။

ဖြေ    ။     ။    ငွေစက္ကူအသစ်ကို ကျွန်တော်တို့က အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်ဖြင့်သာ လဲလှယ်ပေးမှာဖြစ်တဲ့အတွက် လူတိုင်းတစ်ယောက်တစ်ရွက်စီတော့ ရနိုင်မှာမဟုတ်ပါဘူး။ ဒီငွေစက္ကူ အနေနဲ့က အထိမ်းအမှတ်အနေနဲ့ လဲတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနဲ့ မန္တလေးဘဏ်ခွဲမှာ ဟောင်းနွမ်းငွေစက္ကူတွေနဲ့ လာရောက်ပြီး လဲလှယ် နိုင်ပါတယ်။ ဒါကလည်း ကျွန်တော်ပြောသလို သတ်မှတ်တဲ့ပမာဏနဲ့အညီ လဲပေးမှာမဟုတ်ဘဲ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းကို အများဆုံး သုံးရွက်လောက်သာ ကျွန်တော်တို့က လဲပေးမှာဖြစ်ပါတယ်။ 

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

လင်းကြည်လင်း