နှစ်သစ်မှာ ကျက်သရေတက် နေအလား

ယနေ့သည် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်ကိုလွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ စတင်ကူးပြောင်းရောက်ရှိသောနေ့ ဖြစ်သည်။ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းသည် လောကသဘာဝဖြစ်သော်လည်း ယခုနှစ်သစ်သည် မိမိတို့နိုင်ငံကိုအသစ်တစ်ဖန် စတင်သန့်စင်မည့် ထူးခြားသည့်နှစ်တစ်နှစ်ဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ပြည်သူပြည်သားအားလုံး လက်တွဲညီညာ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့်အတူ ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို ကြုံတွေ့ခံစားကြရပြီး ယင်းရောဂါကြောင့် နိုင်ငံတော်၏ စီးပွားရေးသာမက ပြည်သူလူထု၏ လူမှုစီးပွားဘဝများပါ တုံ့ဆိုင်းနှေးကွေးယိုင်နဲ့ခဲ့ရသည်။ ယခု ၂၀၂၁ ခုနှစ် နှစ်သစ်တွင် နိုင်ငံ့စီးပွား ရေးနှင့် ပြည်သူလူထု လူမှုစီးပွား ပြန်လည်ဦးမော့လာရေးအတွက် ရရှိထားသော အလားအလာကောင်းများကို ထပ်မံအရှိန်အဟုန်မြှင့်တင်၍ တက်ညီ လက်ညီ ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်မည်ဟု မျှော်မှန်း ထားသဖြင့် အဓိကလိုအပ်ချက်ဖြစ်သည့် ယုံမှားသံသယကင်းပြီး အချင်းချင်း နားလည်မှုရှိရေးကို မဖြစ်မနေတည်ဆောက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် နှစ်ပေါင်းရှည်လျားစွာ တိုင်းရင်းသားပြည်သူအချင်းချင်းကြား သံသယများ၊ မယုံကြည်မှုများကြောင့် ယနေ့ကာလအထိ သူတစ်ပါး၏နောက်တွင် ရုန်းကန်နေကြရသည်ကို အားလုံးအသိပင်ဖြစ်သည်။

ထို့ကြောင့် ယခု နှစ်သစ်မှစ၍ ပြည်ထောင်စုနိုင်ငံတော်ကြီး တိုးတက် သစ်လွင်လာအောင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ ကောင်းသော ယဉ်ကျေးမှုသစ်များ ထွန်းကားလာစေရန်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ယဉ်ကျေးမှုများ အားကောင်းတိုးတက်လာရန် အစီအမံအမျိုးမျိုး၊ မဟာဗျူဟာအမျိုးမျိုးဖြင့် တည်ဆောက်ကြရမည် ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ တွင် ပညာပြည့်ဝပြီး အမြင်ကျယ်၊ သဘောထားကြီးသည့် မေတ္တာတရား ထွန်းကားသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာအောင် ကျင့်ကြံအားထုတ်ရမည် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာတွင် ဖွံ့ဖြိုးမှုမှအစ ခေတ်မီတိုးတက်ရေးအပိုင်းတွင် လည်း တိုင်းရင်းသားပြည်သူများ လက်တွေ့အသုံးချနိုင်စေရန် ဖန်တီး ပေးရမည် ဖြစ်သည်။

ယင်းအစီအမံများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အခါမလပ်လမ်းမှန်ညွှန်ပြမှုများရှိပြီး ယင်းတို့ကို မှတ်သားနာယူ၍ တွေးခေါ် မြော်မြင်မှုတရားနှင့် ဆင်ခြင်ဉာဏ်သတိအားကောင်းလာအောင် ပျိုးထောင် မွေးမြူအားထုတ်ကြမည် ဖြစ်သည်။ ပတ်ဝန်းကျင်၏ဖြစ်ပေါ်နေသည့် အနေ အထားသည် လူ့စိတ်နှလုံးအပေါ်သို့ တိုက်ရိုက်သက်ရောက်မှုရှိသဖြင့် နိုင်ငံတော်အစိုးရက ဝန်းကျင်ကောင်းများဖန်တီးပေးနေမှုများကို သတိမူ ပါဝင်ဆောင်ရွက်သင့်သည်။ သာဓကအားဖြင့် တိုးတက်သောနိုင်ငံများ၏ ပတ်ဝန်းကျင်သည် စည်းကမ်းလိုက်နာသန့်ရှင်းသန့်ပြန့်ပြီး မတိုးတက်သော နိုင်ငံများ၏ ပတ်ဝန်းကျင်သည် ညစ်နွမ်းပြီးစည်းကမ်းမဲ့သည်တို့ကို တွေ့ရမည် ဖြစ်သည်။

နှစ်ဟောင်းတွင်ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုများ၊ အခက်အခဲများကြောင့် ပြည်သူများအနေဖြင့် မည်သည်တို့ကို ရှောင်ကြဉ်၊ မည်သည်တို့ကို လိုက်နာ ရမည်ကို နားလည်လာကြပြီ ဖြစ်သည်။ ပြည်သူသည်သာ အဓိကဖြစ်၍ စည်းကမ်းလိုက်နာခြင်းဖြင့် ရရှိသောအကျိုးရလဒ်များနှင့် စည်းကမ်း မလိုက်နာ၍ ကြုံတွေ့ရသည့်ဆိုးကျိုးများကို သိရှိနားလည်လာကြပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအကျိုးစီးပွားအတွက် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်မထားဘဲ တန်းတူညီမျှဆောင်ရွက်ပေးနိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သလို လက်တွေ့လည်း ဆောင်ရွက်ပေးနေသည်။

ယခုနှစ်သစ်သည် အခက်အခဲများ၊ စိန်ခေါ်မှုများကိုကျော်ဖြတ်လာခဲ့ပြီး ကျန်ရှိနေသေးသော စိန်ခေါ်မှုအခက်အခဲများကို ပြည်သူများ၏စည်းလုံး ညီညွတ်မှုအားဖြင့် အပြီးတိုင်လက်တွဲကျော်လွှားကြမည် ဖြစ်သည်။ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံမည့် ယခုနှစ်သစ်သည် ပြည်သူများ၏ ညီညွတ်သောအားမာန်များကို မြှင့်တင်၍ ဆက်လက်ကြိုးပမ်းအားထုတ်ကြ ပါလျှင် ရည်ရွယ်ထားသည့်လိုလားချက်များ၊ မျှော်မှန်းထားသည့်ပန်းတိုင်များ သို့ မလွဲမသွေရောက်ရှိမည်မှာ သေချာပါသည်။

သို့ဖြစ်ရာ ခရစ်နှစ် ၂၀၂၁ ခုနှစ် မင်္ဂလာရှိသော နှစ်သစ်ကာလတွင် ကျက်သရေတက်နေအလား တိုင်းပြည်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားများ ဒီရေအလားတိုးပွားစေရန်အတွက် နိုးကြားထက်သန်သည့် အားမာန်များနှင့် စည်းလုံးညီညွတ်သောခွန်အားများဖြင့် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါသည်။ မြန်မာပြည်ကြီး ဘေးဘယာဝေးကွာ၍ အေးချမ်းသာယာဝပြော သည့် နိုင်ငံတော်ကြီးဖြစ်ပေါ်လာစေရန် ကြေးမုံက နှစ်သစ်တွင် တောင်းဆု ပြုလိုက်ပါသည်။ ။