နှစ်ဖက်အသိုက်အဝန်း သဟဇာတနေထိုင်

၂၉ မေ

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိခြင်းနှင့် စပ်လျဉ်း၍ မေလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင်ပင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ဦးဆောင် သည့် နိုင်ငံတကာနှင့်ပြည်တွင်းမှ အဖွဲ့နှင့် ဘာသာပေါင်းစုံအဖွဲ့တို့သည် စစ်တွေမြို့မှတစ်ဆင့် မောင်တော မြို့နယ် လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ပြီး ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအားတွေ့ဆုံခဲ့သည်။

 

ထိုနေ့တွင်ပင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့နယ် သက္ကေပြင် IDP  စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စခန်း တာဝန်ခံများ၊ နေထိုင်သူများနှင့်တွေ့ဆုံဆွေးနွေးကူညီအားပေးခဲ့ကြသည်ကို တွေ့ရသည်။

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၏ နောက်ဆက်တွဲ အရေးများဖြစ်သည့် လူသားချင်း စာနာထောက်ထားမှု အရေးများကိုနိုင်ငံတော်က အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး သဘောတူညီချက်ကို ယမန်နှစ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် သဘောတူညီခဲ့ကြသည့်အတိုင်း နေရပ်စွန့်ခွာသွားသူများ ပြန်လည်ရောက်ရှိလာလျှင် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိပါက အရေးယူမည်မဟုတ်ကြောင်း သဘောတူညီခဲ့ကြသည်။

 

ထို့နောက် ပြန်လည်လက်ခံရေးအတွက် လုပ်ငန်းများကိုပြင်ဆင်ပြီး အဆင်သင့်စောင့်ဆိုင်းခဲ့သည့် အပြင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်၍ ပြန်လည် လက်ခံရေးအတွက် အသိပေးပြောကြားခဲ့သော်လည်း သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ စနစ်တကျ ပြန်လည်ဝင်ရောက်လာခြင်းမရှိဘဲ မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား အရာမရောက်စေသည့် အနေအထားများနှင့် ကြုံတွေ့နေရသည်။

 

ယခုကာလအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်လိုခြင်းမရှိသော နေရပ်စွန့်ခွာ သူများသည် ၎င်းတို့၏သဘောဆန္ဒအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြရာ ဒေသခံအဖွဲ့ အစည်းများက တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးအရေးယူကာ အချို့ကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အမှန်တကယ်တွင် ၎င်းတို့သည်လိုအပ်သည့် ပုံစံများဖြည့်ရန်ကိစ္စ၊ လက်ခံရေးစခန်းမှတစ်ဆင့် ပြန်လည် ဝင်ရောက်ရေးကို မသိရှိခဲ့ကြသဖြင့် ၎င်းတို့ကို လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး နှစ်နိုင်ငံသဘောတူညီချက် အတိုင်း သတ်မှတ်ထားသည့် ပြန်လည်လက်ခံရေးစခန်းများတွင် စနစ်တကျ စိစစ်မှုများပြုလုပ်ကာ ကြားစခန်းတွင် ထားရှိရေးအတွက် ကျခံရသောပြစ်ဒဏ်များကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။ အကြမ်းဖက်မှုနှင့် ပတ်သက်သူများကိုမူ တရားဥပဒေစိုးမိုးရေးအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သုံးသပ်လေ့လာကြည့်မည်ဆိုလျှင် ARSA အကြမ်းဖက်သမား များ၏ လုပ်ရပ်များကြောင့် အပြစ်မဲ့နေထိုင်သူများ ဒုက္ခရောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းကို နိုင်ငံတော်အစိုးရက လူသားချင်းစာနာစိတ်ထားပြီး တရားမျှတစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေသည် ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော ဆောင်ရွက်ပေးမှုနှင့်အညီ မတူကွဲပြားသော နှစ်ဖက်အသိုက်အဝန်း အတွင်း သဟဇာတဖြစ်စွာ နေထိုင်ရေးတွင် အသိစိတ်ဓာတ်ရှိစွာဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်သလို အပြုသဘောဆောင် လက်တွဲဆောင်ရွက်ကြသင့်သည်ဟု ရှုမြင်ပါသည်။ ။