နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးခန့်အပ်ခဲ့တဲ့ ကျူးဘားဝန်ကြီးချုပ်

ထွန်းသစ်စ

ကျူးဘားနိုင်ငံ ဝန်ကြီးချုပ်ကို ဆယ်စုနှစ်လေးခုကျော်အတွင်းမှာ မြင်တွေ့ ရပြီ ဖြစ်ပါတယ်။ သူကတော့ ကျူးဘားနိုင်ငံရဲ့ သက်တမ်းအကြာဆုံး ခရီး သွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မန်နျူရယ် မာရီယိုပဲဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဖီဒယ်လ်ကက်စထရိုနောက်ဆုံးရယူခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးကို ကျူးဘား နိုင်ငံအနေနဲ့ ယခုအခါမှာတော့ ပြန်လည်ဖော်ထုတ်ကျင့်သုံးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အကောင်အထည်ဖော်မယ်

အစိုးရအကြီးအကဲအဖြစ် အသက် ၅၆ နှစ်ရှိ မာရီယိုကို ခန့်အပ်လိုက်ခြင်း ဟာ ဗဟိုအစိုးရဲ့လုပ်ပိုင်ခွင့်ကို လျှော့ချလိုက်ပြီး ဒေသအစိုးရကို လုပ်ပိုင်ခွင့် အာဏာပေးခြင်းနဲ့ ယေဘုယျပြောင်းလဲမှုတွေလုပ်ဆောင်မယ့်လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါတွေကို ဘာလို့ရည်ရွယ်လုပ်ဆောင်သလဲဆိုရင် ကွန်မြူနစ်ပါတီရဲ့ စည်းမျဉ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်တားဆီးကာကွယ် ချင်လို့ပဲ ဖြစ်ပါတယ်။
ဒီအဆိုကို ကျူးဘားကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဗျူရိုက အတည်ပြုခဲ့တယ်လို့ သမ္မတ မီဂူဒေ့ဇ်ကန်နယ်က ပြောပါတယ်။ ပြီးတော့လည်း ဒီအဆိုကို လွှတ်တော်ကိုတင်သွင်းပြီး တညီတညွတ်တည်း လက်မှတ်ရေးထိုး အဆုံးသတ်ရမယ်လို့ပြောကြားပြီးတဲ့နောက်မှာကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရာအူးလ်ကက်ထစရိုဟာ သူ့ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

မာရီယိုဟာ ပြောင်းလဲဖို့ထက်စာရင် အကောင်အထည်ဖော်ဖို့နဲ့ နိုင်နင်းစွာ စီမံခန့်ခွဲဖို့အတွက်ပါပဲ။ သမ္မတကတော့ ဦးဆောင်သွားရမှာပါလို့ ကျူးဘား အရေးကျွမ်းကျင်သူ အာတူရိုလိုပက်ဇ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအမြင်ရှိသူ

မာရီယိုဟာ တော်လှန်ရေးခေါင်းဆောင် ဖီဒယ်လ်ကက်စထရိုအစိုးရနောက်ပိုင်းမှာ ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ် ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးတော့ သူဟာ ဖီဒယ်လ်ညီ ရာအူးလ်လက်ထက်နဲ့ လက်ရှိသမ္မတ ဒေ့ဇ်ကန်နယ်ရဲ့ လက်ထက်မှာလည်း ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ၁၉၉၉ခုနှစ်မှာ ဂါဗီယိုတာ ဟိုတယ်လုပ်ငန်းစုမှာ ဒုတိယဥက္ကဋ္ဌအဖြစ်ဝင်ရောက်ခဲ့ပြီး အစိုးရလုပ်ငန်းမှာ အခြေချခဲ့ပါတယ်။ သူဟာ နောက်တစ်နှစ်ကြာပြီးနောက်မှာ အဲဒီလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ ၂၀၀၄ခုနှစ်အထိ သူတာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီဟိုတယ် လုပ်ငန်းစုဟာ စစ်အစိုးရပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ မာရီယိုဟာမပလွှားဘဲ ရိုးရိုးကုပ်ကုပ် နေလေ့ရှိကာ စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်ရုံသာမက နိုင်ငံရေးအမြင်ရှိကာ သစ္စာလည်းရှိတဲ့သူတစ်ယောက်ပါလို့ သမ္မတကပြောပါတယ်။

ဝန်ကြီးချုပ် ရာထူးမရှိတာ နှစ်ပေါင်း ၄၀ ကျော်ပြီ

အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်ဟာ ခရီးသွားလာရေးကဏ္ဍကြီးကို ပုံစံအသစ်နဲ့ ဦးဆောင်မှာဖြစ်ပြီး ဒီကဏ္ဍဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိကကျတဲ့ နေရာကနေပါဝင်ပါတယ်လို့ ဒေ့ဇ်ကန်နယ်က ပြောပါတယ်။

ခရီးသွားလာရေးနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံ ကောင်းတွေရှိပြီး အသိပညာဗဟုသုတကြွယ်၀ရုံတင်မက ယုံကြည်ရတဲ့အတွက် မာရီယိုကို အခုလို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်တာဖြစ်ကြောင်း ကျူးဘား အရေးကျွှမ်းကျင်သူ လိုပက်ဇ်က ပြောပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ ဒီကဏ္ဍက အရေးပါတယ် ဆိုတာကိုလည်း ဒါက မီးမောင်းထိုးပြနေပါတယ်လို့ လိုပက်ဇ်က ဆက်လက် ပြောပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဒီဝန်ကြီးချုပ်ရာထူးကို ဖီဒယ်လ်ကက်စထရို ထမ်းဆောင်ခဲ့တာ နောက်ဆုံးပါပဲ။ နောက်ပိုင်းတွေမှာတော့ ကျူးဘားနိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးမရှိတော့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါတယ်။

ပိုပြီးဖြစ်ပေါ်စေနိုင်

နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီးနောက်မှာ ကက်စထရိုဟာ အော့ဗယ်ဒိုဒေါ်တီကိုထံမှ သမ္မတရာထူးကိုရယူပြီး သမ္မတ အုပ်ချုပ်မှုအဖြစ်သို့ ပြောင်းလဲကျင့်သုံးလိုက်ကတည်းက ဒီဝန်ကြီးချုပ်ရာထူးကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ကက်စထရိုဟာ သူ့ရဲ့ဩဇာအာဏာကြောင့် ပြိုင်ဘက်ကင်းပြီး အတုမရှိတဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်လို့ ကျူးဘားအရေး ကျွမ်းကျင်သူ လိုပက်ဇ်က ပြောခဲ့ပါတယ်။

ဒေါ်တီကိုဟာ နိုင်ငံခေါင်းဆောင်နဲ့ သမ္မတဆိုပေမယ့် ဖီဒယ်လ်ရဲ့ ဝန်ကြီးချုပ်ရာထူးက ၁၉၅၉ မှ ၁၉၇၆ ခုနှစ်ထိ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာ ရရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်ရာထူးခန့်အပ်လိုက်ခြင်းကြောင့် အာဏာခွဲဝေကျင့်သုံးမှုတွေ ဖြစ်ပေါ်လာမယ့်လက္ခဏာရှိပါတယ်။ ကျူးဘားနိုင်ငံဟာ တစ်ပြည်ထောင်စနစ် ဖြစ်သော်လည်း နိုင်ငံရေးညီညွတ်ခြင်းရဲ့ ကွန်မြူနစ်အတွေးအခေါ်အရတော့ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုတွေကို ပိုပြီး ဖြစ်ပေါ်စေနိုင်မယ့်သဘောပါပဲလို့ လိုပက်ဇ်က ပြောပါတယ်။

တင်းမာတဲ့ဆက်ဆံရေးရှိတယ်

ကျူးဘားနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအရ ဝန်ကြီးချုပ်ဟာ လွှတ်တော်က အတည်ပြုရမည်ဖြစ်ပြီး အနည်းဆုံးအသက် ၃၅ နှစ်ရှိဖို့လိုပါတယ်။ ထို့အပြင် ကျူးဘားနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး တခြားနိုင်ငံသားခံယူလို့ မရဘူးလို့ သိရပါတယ်။

ဖွဲ့စည်းပုံဥပဒေသစ်အရ ဝန်ကြီးချုပ်ဟာ နိုင်ငံ့ဝန်ထမ်းတွေကို အလုပ်ခန့်အပ်ပိုင်ခွင့်ရှိသလို ဖြုတ်ချပိုင်ခွင့်လည်း ရှိနေပြီး ပြည်နယ်အစိုးရတွေကို လည်း ထိန်းချုပ်နိုင်ခွင့်ရှိပါတယ်။

လတ်တလောအခြေနေမှာတော့ ကျူးဘားနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးဟာတင်းမာလျက်ရှိတယ်လို့ သမ္မတ ဒေ့ဇ်ကန်နယ်က ပြောကြားထားပါတယ်။

သို့သော်လည်းပဲ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၉ ခုနှစ်ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့နှစ်တစ်နှစ်လည်း ဖြစ်သလို အမေရိကန်ရဲ့ ကျူးဘားအပေါ်မှာ တင်းမာတဲ့ ဆက်ဆံရေးအခြေအနေနဲ့ ရန်လိုမှုတွေလည်းရှိနေတယ်လို့ သမ္မတ ဒေ့ဇ်ကန်နယ်က ပြောပါတယ်။

စိတ်ဝင်စားစရာကောင်း

အမေရိကန်ပြည်ထောင်စုဟာ ကျူးဘားနိုင်ငံအပေါ်မှာ ဘယ်လိုမျိုးပဲ လုပ်လုပ်ကျူးဘားနိုင်ငံဟာ အခုအချိန်အထိ ကမ္ဘာ့မြေပုံက မပျောက်ကွယ် သေးပါဘူးလို့ သူက ဆက်ပြောပါတယ်။

ကျူးဘားနိုင်ငံမှာ ဝန်ကြီးချုပ်သစ်တက်လာပြီးတဲ့နောက်မှာ အခြေအနေတွေ ဘယ်လို ဆက်လက်ဖြစ်ပေါ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့အနေအထားမှာရှိနေပါတယ်ဆိုတာ တင်ပြလိုက်ပါတယ်။

ကိုးကား - အေအက်ဖ်ပီ