နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုပိုမိုတိုးမြှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့စဉ် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းစေခဲ့သည်သာမက နှစ်နိုင်ငံပြည်သူ များအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်လာနိုင်မည့် အခြေအနေကောင်းများ ဖော်ထုတ်နိုင်ခဲ့သည်ကို မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက် အရ သိရှိရပါသည်။

အိန္ဒိယသမ္မတခရီးစဉ်တွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ အကျိုးစီးပွား မြှင့်တင်ရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းတို့တွင် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်မည့် အစီအစဉ်များမှာ လက်တွေ့အကောင်အထည် ပေါ်လာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်သည့် အိန္ဒိယ ကမ္ဘာလှည့်ခရီးသွားများအား ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့်ပြုခဲ့ပြီးဖြစ်သည်။

ထိုသို့ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့်ပြုခဲ့ခြင်းသည် နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသည်များ ဝင်/ထွက် သွားလာမှုများ တိုးတက်မြင့်မား လာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသားများကိုလည်း ဗီဇာခကင်းလွတ်ခွင့်ကို အိန္ဒိယအစိုးရက ခွင့်ပြုပေးထားသည်။ ထိုကဲ့သို့ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ခရီးသွား လာနိုင်ရေးအတွက် ဖန်တီးဖော်ဆောင်ပေးနိုင်မှုများအတွက် နှစ်နိုင်ငံ အစိုးရအား ကျေးဇူးတင်ရမည်ဖြစ်သလို ပြည်သူများကလည်း ဝမ်းမြောက်ကျေနပ်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်သွယ်နေသော အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအနက် အိန္ဒိယနိုင်ငံထက်စာလျှင် တရုတ်နိုင်ငံက ပိုမိုထိတွေ့ ဆက်သွယ်သွားလာကြသည်ဟု ဆိုရမည်ဖြစ်သည်။ ယခုအကောင်အထည် ဖော်ဆောင်ရွက်လိုက်သော ဗီဇာနှင့်ပတ်သက်သည့် ကင်းလွတ်မှုများနှင့် နှစ်နိုင်ငံ ဆက်သွယ်သွားလာနိုင်မည့် အခြေခံအဆောက်အအုံများ တည်ဆောက်နေမှုများသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများ ဝင်/ထွက် သွားလာမှုများနှင့် ထိတွေ့ဆက်ဆံမှုများ တိုးတက်မြင့်မားလာ မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းဆိုင်ရာ ပထဝီဝင်အနေအထား များစွာရှိပြီးဖြစ်သည်။ ယင်းတို့ကို ယခုအခါ နှစ်နိုင်ငံ အကောင်အထည်ဖော်နေပြီ။ ပလက်ဝမှ ဇိုရမ်ပူသို့ လမ်းဖောက်ရေးစီမံကိန်း ဆောင်ရွက်နေသည်။ သုံးနိုင်ငံ အမြန်လမ်းမကြီး၏ မြန်မာနိုင်ငံဘက်ခြမ်းရှိ လမ်းပိုင်းများအား အိန္ဒိယဘက်မှ ဆောင်ရွက်ပေးနေသည်။ မန္တလေးနှင့် အင်ဖာအကြား တမူး-မိုရေး နယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်တင် ဘတ်စ်ကားဝန်ဆောင်မှုကို နှစ်ဖက်ဆန္ဒပြုထားသည်။ ကလေးမြို့လေဆိပ်ကို အဆင့်မြှင့်တင်ရန်အတွက် အိန္ဒိယဘက်မှ အသေးစိတ် အစီရင်ခံစာပြုစုထားသည်။

ထိုကဲ့သို့သော အစီအစဉ်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများ နယ်စပ်ဒေသမှတစ်ဆင့် ဖြတ်သန်းသွားလာထိတွေ့မှု လွယ်ကူစေရန် အတွက်ဖြစ်သည်။ အဆိုပြုထားသော အစီအစဉ်များ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီးလျှင် အကောင်အထည်ပေါ်လာမည်။ နှစ်နိုင်ငံ ပြည်သူများအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းစေသည့် ကုန်းလမ်းနယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက် ၂၀၁၈ ခုနှစ် မေလမှစတင်၍ အသက် ဝင်ခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်ရာ အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံခေါင်းဆောင်များ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာ အားကောင်းလာပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့လာမည့် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာပြီဖြစ်သည်။ နှစ်နိုင်ငံပြည်သူများအနေဖြင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုရယူကာ ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမို ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ကြေးမုံက မျှော်လင့်ပါသည်။

ကြေးမုံ