နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုခိုင်မြဲ အသီးအပွင့်ဝေဆာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီဆာဗီးတာကိုဗင့်ဒ်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ညစာစားပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်နိုင်ငံအကြား ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် မျိုးစေ့ကို ချပေးနိုင်ခဲ့ပြီး အကျိုးတူ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုဆက်သွယ်ချိတ်ဆက်နိုင်မှု တို့မှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေသည့် အသီးအပွင့်များကို ရရှိလာစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်က နှစ်နိုင်ငံ၏ ရည်မှန်းချက်များသည် အချင်းချင်း ရစ်ပတ်ချိတ်ဆက် နေကြသည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို ကာလတိုရည်မှန်းချက်များသာမက ထာဝရတည်တံ့နေမည့် ပိုမိုကြီးမားသော အပြန်အလှန်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာမှုဖြင့် ဖော်ဆောင်နေပါကြောင်း၊ မြန်မာနိုင်ငံနှင့် မိတ်ဖက်ဖြစ်မှုသည် နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှု၊ အိမ်နီးချင်းဖြစ်မှုနှင့် အဓိကအကျိုးစီးပွား မျှဝေခံစားမှုတို့၏ အရေးကြီးသော ဆုံမှတ်တွင် ရောက်ရှိနေပါကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသမ္မတ၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ဆက်ဆံရေးမှာ ကဏ္ဍစုံတွင် တိုးတက်မှုများ ဆောင်နေသည်ကို အားရဖွယ်မြင်တွေ့ရသည်။ နှစ်နိုင်ငံသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတော် သမ္မတကြီး ပြောကြားသကဲ့သို့ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် မျိုးစေ့ချပေးနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မဟာဗျူဟာမြောက် နီးကပ်နေ မှုနှင့် အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ကုန်းမြေမှာ ပေါင်းကူးတံတားသဖွယ် တည်ရှိနေသည့်အနေအထားကြောင့် အရှေ့နှင့် ထိတွေ့ဆက်ဆံ ရေးမူဝါဒကို အပြန်အလှန် အထောက်အကူပြုစေမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်သည် နှစ်နိုင်ငံ ဒေသတွင်းနှင့် ဒေသပြင်ပငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ဘုံရည်မှန်းချက်များကို မျှဝေဆောင်ရွက်နေပြီး ယင်းတို့ကို အတူတကွ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ အကူအညီပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန်ရိုင်းပင်းကူညီရေးတို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာ ချထားရေး စသည့်ကိစ္စရပ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ခဲ့မှုများသည် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် မျိုးစေ့ချပေးနိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ နှစ်နိုင်ငံ အကျိုးတူသာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုဆက်သွယ် ချိတ်ဆက်နိုင်မှုတို့မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုမြဲမြံခိုင်မာစေသည့် အသီးအပွင့်များ တိုးတက်ရရှိလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ