သက်လွင်(PPIB)

(ဇွန် ၃ ရက်နေ့မှအဆက်)

ယခုအခါ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့ အိန္ဒိယနိုင်ငံသမ္မတတို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံတွေ့ဆုံပွဲတွေကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှု တွေမှာ အဓိကအားဖြင့် နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ အပါအဝင်ကဏ္ဍပေါင်းစုံကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံဆွေးနွေးပြီးရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု လုပ်ငန်းတွေတိုးတက်အောင်ဆောင်ရွက်ဖို့ ဆွေးနွေး နိုင်ခဲ့ပါတယ်။

ဒီလို ကုန်သွယ်မှုလုပ်ငန်းတွေတိုးတက်ဖို့ လုပ်ဆောင်တဲ့အခါမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ငွေပေးချေမှုစနစ်ဟာလည်း အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကနေပါရှိပါတယ်။ ကျွန်တော်တို့မြန်မာ နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်စေဖို့ဆောင်ရွက်တဲ့နေရာမှာ တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ဖို့ ရူပီး - ကျပ် ကုန်သွယ်မှုငွေ ပေးချေမှုစနစ် (Rupee Kyat Trade Settlement Mechanism) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ကုန်သွယ်မှုလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဆောင်ရွက်ရာမှာ ဘဏ်လုပ်ငန်းစနစ်ဟာလည်း အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးဟာ အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေစဉ်အတွင်းမှာ အိန္ဒိယနိုင်ငံ၊ Reserve Bank of India ရဲ့ ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းတွေမှာ ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက် နှစ်နိုင်ငံဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်သွားမယ့်ကိစ္စရပ်တွေ၊ ကုန်သွယ်မှုလုပ်ငန်းများအတွက် ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေနဲ့ အခြားဘဏ်လုပ်ငန်းစနစ်တွေနဲ့ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရဲ့ အပြန်အလှန်ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရပ်တွေဟာ ယခင်ကထက် ပိုမိုမြန်ဆန်ချောမွေ့လာမှာပဲဖြစ်ပါတယ်။

ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့ Palam လေတပ်စခန်းဌာနချုပ်ကနေ အထူးလေယာဉ်နဲ့ မွမ်ဘိုင်းမြို့ကို ဆက်လက်ထွက်ခွာကြတဲ့အခါမှာ အိန္ဒိယအစိုးရအဖွဲ့ဝင်ဖြစ်သူ Minister of State for External Affairs Shri Kirti Vardhan Singhနဲ့ အိန္ဒိယအစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ သံရုံး၊ စစ်သံရုံး မိသားစုတွေက လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတကြီး စီးနင်းလိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ မွန်းလွဲပိုင်းမှာ မွမ်ဘိုင်းမြို့ Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိကြရာ မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး Shri. Jishnu Dev နဲ့ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူတွေ၊ ကောလ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နဲ့ ဝန်ထမ်းမိသားစုတွေက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ညနေပိုင်းမှာ မွမ်ဘိုင်းမြို့ရဲ့ အရှေ့ဘက်၊ နာဗာရှီဗာ ဒေသမှာရှိတဲ့ ဂျဝါဟလာနေရူး ဆိပ်ကမ်း(JNPA)ကို သွားရောက် လေ့လာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ဆိပ်ကမ်းအစည်းအဝေးခန်းမမှာ ဆိပ်ကမ်းဆိုင်ရာ အချက်အလက်တွေနဲ့ ဆိပ်ကမ်းရဲ့ စွမ်းဆောင်နိုင်မှု အခြေအနေတွေကို Power Point တွေ၊ မှတ်တမ်းဗီဒီယိုတွေနဲ့ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခဲ့ကြပါတယ်၊ ဒီလိုရှင်းလင်းပြသတဲ့အချိန်မှာလည်း ဆိပ်ကမ်း ဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကို လှိုက်လှဲနွေးထွေးစွာနဲ့ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ဆိပ်ကမ်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပြီး ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေ၊ ဆိပ်ကမ်းဆိုင်ရာ ပညာရပ်များကို မျှဝေပေးနိုင်မှုအခြေအနေတွေကို စိတ်ပါဝင်စားစွာနဲ့ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ရှင်းလင်းတင်ပြမှုတွေအပေါ် နိုင်ငံတော်သမ္မတကြီးက ဆိပ်ကမ်းကိုလာရောက် လေ့လာခဲ့ရ တဲ့ရည်ရွယ်ချက်တွေ၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အကြားကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေ မြှင့်တင်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့ လိုအပ်မှုတွေ၊ မြန်မာနိုင်ငံက ဆိပ်ကမ်းတွေ အဆင့်မြှင့်တင်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေကို စိတ်ပါဝင်စားစွာနဲ့ ပြန်လည် ဆွေးနွေးပြောကြားခဲ့ပါတယ်။ အစည်းအဝေးခန်းမ မှာ ရှင်းလင်းပြောကြားမှုတွေပြီးတဲ့ အချိန်မှာတော့ နိုင်ငံတော်သမ္မတနဲ့အဖွဲ့ဝင်တွေဟာ ဂျဝါဟလာနေရူး ဆိပ်ကမ်း(JNPA)အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီးက တာဝန်ရှိသူတွေရဲ့ တင်ပြမှုအပေါ် သိရှိလိုတာတွေကို စိတ်ပါဝင်စား စွာနဲ့ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာခဲ့တဲ့ ဂျဝါဟလာနေရူးဆိပ်ကမ်း(JNPA)ဟာ အိန္ဒိယနိုင်ငံ၊ မဟာရာရှ်ထရာပြည်နယ်၊ မွမ်ဘိုင်းမြို့၏ အရှေ့ဘက်၊ နာဗာရှီဗာ ဒေသတွင်တည်ရှိပါတယ်၊၊ ဆိပ်ကမ်းရဲ့ကုန်သွယ်နိုင်မှုက ကမ္ဘာ့အဆင့် (၂၃)နေရာမှာရှိပြီး အိန္ဒိယနိုင်ငံရှိ အဓိကကျတဲ့ ဆိပ်ကမ်း ၁၂ ခုအနက်မှ အဆင့် (၁) ရှိတဲ့ အဆင့်မီဆိပ်ကမ်းကြီး တစ်ခုဖြစ်ပါတယ်၊၊ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ကွန်တိန်နာ သယ်ပို့မှု ၅၀ ရာခိုင်နှုန်းကို ယခုဆိပ်ကမ်းကနေ သယ်ယူပို့ဆောင်နေခြင်းဖြစ်ပါတယ်၊၊ ယခုဆိပ်ကမ်း ကြီးဟာ အိန္ဒိယနိုင်ငံ၏ကုန်သွယ်မှုကို အကောင်အထည်ဖော်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိပြီး အရှေ့တောင်အာရှဒေသနဲ့ အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိတဲ့ ဆိပ်ကမ်းကြီး တစ်ခုဖြစ်ပါတယ်၊၊ ဒီလိုအဆင့်မီဆိပ်ကမ်းကြီး တစ်ခုကို သွားရောက်လေ့လာခွင့်ရခဲ့ခြင်းအားဖြင့် မိမိတို့မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်လျက်ရှိတဲ့ ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မှာပဲ ဖြစ်ပါတယ်။

ညပိုင်းမှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ Maharashtra Lok Bhavan Mumbai (Governor’s House) မှာ မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ် ရေးမှူး က တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ညစာစားပွဲ မကျင်းပမီမှာ နိုင်ငံတော်သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဟာ သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက် ရှိတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူးဆက်ဆံမှုများရှိတဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံအကြား ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေကို ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေး နိုင်ခဲ့ပါတယ်။

ဆွေးနွေးပွဲပြီးတဲ့အချိန်မှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဟာ ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမယ့်နေရာကို ရောက်ရှိချိန်မှာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတွေကို ဂုဏ်ပြုတီးမှုတ်ခဲ့ကြပါတယ်။ ဂုဏ်ပြုညစာသုံးဆောင်နေစဉ်မှာ လည်း ပြည်နယ်ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ တေးသီချင်းတွေကို တီးမှုတ်ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုနှစ်နိုင်ငံ နိုင်ငံတော်သီချင်းနဲ့ နှစ်နိုင်ငံ တေးသီချင်းတွေ ဂုဏ်ပြုတီးမှုတ်ခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မိမိတို့သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် အပေါ်မှာ အိန္ဒိယနိုင်ငံရဲ့ အလေးအနက်ထားမှုတွေကို ထင်ဟပ်စေပါတယ်။

နောက်တစ်နေ့မှာတော့ နိုင်ငံတော်သမ္မတဟာ မွမ်ဘိုင်းမြို့ The Taj Mahal Palace ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue)ကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက အဖွင့်အမှာစကားပြောကြားရာမှာ နှစ်နိုင်ငံကုန်းမြေနှင့် ရေကြောင်း နယ်နိမိတ်များ ထိစပ်နေသည့်အပြင် ယခုအချိန်သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှတစ်ဆင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်လည်းဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy)နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ(Neighborhood First Policy) တို့အရ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးကွင်းဆက်(Supply Chain) များကို မြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာကျသည့် မောင်းနှင်အား တစ်ရပ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကိုအောင်မြင် စွာ ကျင်းပပြီးစီးခဲ့ပြီး ဒီမိုကရေစီအရတည်ဆောက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆွေတော်တို့အတွက် အခွင့်အလမ်းများစွာ ရှိလာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးချိန်တွင် စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်စဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် အိန္ဒိယ သမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တို့နှင့် တွေ့ဆုံခဲ့သကဲ့သို့ နယူးဒေလီမြို့တွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြီး နှစ်နိုင်ငံစီးပွားရေး ဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကာ သဘောတူညီချက်များလည်းရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အခြေအနေများအရ အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည် စိတ်ချစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်းနှင့် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စရပ် များကို အကျယ်တဝံ့ဆွေးနွေးပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံသို့လာရောက်ပြီး နည်းပညာကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်း ကိရိယာများနှင့် ဓာတ်မြေဩဇာများထုတ်လုပ်ရေး ကဏ္ဍတို့နှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးတင်ပြကြပါတယ်။ ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတကြီးက လိုအပ်တာတွေကို ဖြည့်စွက်ဆွေးနွေး ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေဟာ မွမ်ဘိုင်းမြို့ရဲ့ သမိုင်းဝင်အထင်ကရ နေရာဖြစ်တဲ့ Gateway of India, Mumbai သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ထိုမှတစ်ဆင့် Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ညနေပိုင်းမှာ မွမ်ဘိုင်းမြို့ Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာ ကြတဲ့အခါ မဟာရာရှ်ထရာပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး H.E. Sawant နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တွေ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဦး၊ ကောလ်ကတ္တားမြို့ မြန်မာ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူတွေက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးလေယာဉ် နေပြည်တော် လေဆိပ်သို့ မရောက်ရှိမီ လာရောက်ကြိုဆိုနေကြတဲ့ ပြည်သူလူထု ဧည့်ပရိသတ်အပေါင်းတို့ဟာလည်း လေဆိပ်တစ်ခွင် နေရာယူလျက်ရှိနေကြပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတော် အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍ၊ ပညာသင်ကြားမှုမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးဆိုင်ရာကိစ္စများမှာ ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်ခဲ့လို့လည်း ပြည်သူလူထုက အခုလို အိမ်အပြန် ခရီးမှာ သောင်းသောင်းဖြဖြနဲ့ နွေးထွေးစွာ ကြိုဆိုနေကြတာ ဖြစ်ပါတယ်။

လေယာဉ်ဆိုက်ရောက်လာတာနဲ့ တစ်ပြိုင်တည်း အိန္ဒိယရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ တိုင်းရင်းသား တိုင်းရင်းသူ သားငယ် သမီးငယ်များ၊ ဘင်ခရာ၊ ပန်းဖွားအကအဖွဲ့များ၊ ရိုးရာအက အလှအဖွဲ့များက အပြုံးပန်းဝေဆာစွာနဲ့ ကြိုဆိုကြပါပြီ။ အိမ်အပြန်ခရီးဟာ သာယာချောမွေ့စွာနဲ့ ကောင်းခြင်းအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါပြီ။

နိုင်ငံတော်သမ္မတကြီးအနေနဲ့ ယခုအိန္ဒိယနိုင်ငံ ခရီးစဉ်ဟာဆိုရင် သမ္မတ တာဝန်ထမ်းဆောင်ချိန်မှာ ပထမဆုံးပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးမှာဆိုရင်လည်း သမ္မတကြီးအနေနဲ့ အိန္ဒိယနိုင်ငံသမ္မတနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နဲ့တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အိန္ဒိယအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံနိုင်ခဲ့ကာ နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် အကျိုးဖြစ်ထွန်းစေနိုင်မယ့် ဆွေးနွေးချက် တွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ခရီးစဉ်နောက်ဆုံးနေ့ရဲ့ နေ့ရက်လေးဟာဆိုရင် ရာသီသဘာဝရဲ့ အေးချမ်းခြင်း၊ ကြိုဆိုနှုတ်ဆက် သူများရဲ့ ချစ်ကြည်နွေးထွေးခြင်း၊ ဘာသာသာသနာရဲ့ အေးချမ်းတည်ငြိမ်ခြင်းများနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုတို့အတွက် ကောင်းခြင်းအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ပါရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာဝပြောပါစေကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးမှသည် အနာဂတ်အကျိုးတူဖွံ့ဖြိုးရေးဆီသို့ ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်း ဆုတောင်း ဖော်ပြရင်း စာဖတ်သူအပေါင်းကို နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ။