(NCA)တွင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန် UNFC အနေဖြင့် အခြားနည်းလမ်းများ ဆက်လက်ရှာဖွေသွားမည်

ချင်းမိုင် ၈ ဇန်နဝါရီ

 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ (၆) ရက်မှ (၈) ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်အတွက် UNFC အနေဖြင့် အခြားနည်းလမ်းများကို ဆက်လက်ရှာဖွေ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သုံးရက်တာကျင်းပသည့် အစည်းအဝေးတွင် UNFC ၏ အထွေထွေ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆောင်ရွက်နေမှုများအား ပြန်လည်သုံးသပ်ခြင်း၊ NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC တောင်းဆိုသည့် အချက် ၉ချက်အား DPN နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ ဆွေးနွေးနေမှုအခြေအနေနှင့် ကျန်နေသည့် အချက်တို့အား ဆွေးနွေးခဲ့ကြသည်။

 

UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတ ဦးထွန်းဇော်က “UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အရေးပေါ် အစည်းအဝေးက UNFC အထွေထွေ လုပ်ငန်းစဉ်နဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို သုံးသပ်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဆိုပြုချက် ၉ ချက်ဟာ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးအဆိုပြုထားတာ ဖြစ်ပါတယ်။ နောက်ဆုံး ဘယ်အဆင့်ရောက်ပြီလဲဆိုတာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြိမ်တိုင်းအကြိမ်တိုင်းရဲ့ ရလဒ်တွေကို ကျွန်တော်တို့ အကဲဖြတ်ပါတယ်။ ကျွန်တော်တို့ DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဆွေးနွေးနေတဲ့ကြားမှာလည်း UNFC အဆိုပြုချက် ၉ ချက် နောက်ဆုံးရောက်ရှိနေမှု အနေအထားကို အကဲဖြတ်ကြပါတယ်” ဟုအစည်းအဝေး အပြီးတွင် ဖြေကြားသည်။

 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီ (တိုးချဲ့)အစည်းအဝေးအပြီးတွင် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။

 

သတင်းထုတ်ပြန်ချက်တွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေးတွင် UNFC ၏ အထွေထွေလုပ်ငန်းစဉ်များကိုလည်းကောင်း၊ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်းကောင်း ပြန်လည်သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဆိုပြုချက် (၉) ချက်ကို ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်ညှိနှိုင်းလျက်ရှိရာ နောက်ဆုံးကျန်ရှိသည့် အချက်များအပေါ် အဖြေရရှိရေး နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းနိုင်ရန် အခြားနည်းလမ်းများကိုလည်း ဆက်လက်ရှာဖွေ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် NCA စာချုပ်တွင်လက်မှတ် ရေးထိုးသွားမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ဦးထွန်းဇော်က “မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ဗဟိုကော်မတီမှာတော့ NCA ထိုးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိတယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ ဘယ်ရက်အတွင်းမှာ လုပ်သွားမယ်ဆိုပြီး တိတိကျကျ ပြောတာတော့ မရှိပါဘူး။ NMSP အနေနဲ့ NCA ထိုးဖို့ အတူတူသွားမယ်လို့ တင်ပြပါတယ်။ မွန်ပြည်သစ်ပါတီဟာ UNFC ရဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် UNFC ရဲ့ အခြေခံအောက်ကနေ ကြိုးပမ်းဆောင်ရွက်ဖို့ သဘောထားမှတ်ချက်ပေးပါတယ်။ သူတို့ရဲ့ သဘောထားက NCA လက်မှတ်ထိုးဖို့ရှိတယ်ဆိုတာ ကိုတော့ တင်ပြတာပေါ့” ဟုပြောသည်။

 

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) သည် ငြိမ်းချမ်းရေးကောင်စီ (PC) နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC မှ တောင်းဆိုထားသည့် အချက် ၉ ချက်ကို ညှိနှိုင်းခဲ့သည်မှာ ၁၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် NCA လက်မှတ်ရေးထိုးနိုင်ရန် တောင်းဆိုထားသည့် အချက် ၉ ချက်အနက် ကျန်ရှိနေသည့် အချက်များကျော်လွှားနိုင်ရန် နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များတွေ့ဆုံ၍ အဖြေရှာရန် လိုလားလျက်ရှိသည်။

 

သတင်း-ရဲခေါင်ညွန့်

ဓါတ်ပုံ-အောင်အောင်(ချင်းမိုင်)